Breaking News

အောင်စံအေး " မြစ်ကိုရှင်သန်ပါစေ လာအယ်လ်ဗာ လယ်ဗာ "

မိုးမခဆောင်းပါး
အောက်တိုဘာ ၁၉၊ ၂၀၂၁

" မြစ်ကိုရှင်သန်ပါစေ လာအယ်လ်ဗာ လယ်ဗာ "
အောင်စံအေး

အာလတာရေကာတာ ဆန့်ကျင်ရေး အာခံမှု

တိုင်းပြည်ဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တိုင်းနိုင်ငံတွေဟာ ရေ၊မြေ၊ တောတောင်၊ မြစ်ချောင်းအင်းအိုင်၊ သားရဲ တိရိစ္ဆာန်မျိုးတုန်းစတာတွေကို လုပ်ခဲ့ကြ လုပ်နေကြဆဲပါ။ ဒါပေမဲ့ အနာဂတ်ရဲ့ လူငယ်ကျောင်းသားတွေက ရနိုင်သမျှတားခဲ့ကြတယ်။ ဒီအထဲမှာ နော်ဝေ ကျောင်းသားတွေလည်းပါခဲ့တယ်။
သူတို့လှုပ်ရှားမှုထဲက ကမ္ဘာကျော် အာလတာ ရေကာတာဆန့်ကျင်ရေး လှုပ်ရှားမှုကိုဖော်ပြရင်းသက်သေပြုလိုက်ပါတယ်။

နော်ဝေနိုင်ငံက ကမ္ဘာမှာ ဆဋ္ဌမမြောက် ရေအားစွမ်းအင်အသုံးပြုဆုံးနိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံက သူတို့ရဲ့ရေအားလျှပ်စစ်ကို နိုင်ငံရဲ့လျှပ်စစ်စွမ်းအင် ၈၀% အထိသုံးထားတယ်ဆိုပါတယ်။ ဒီရေအားလျှပ်စစ်တွေထဲက နော်ဝေရဲ့အကြီးဆုံးရေအားလျှပ်စစ်ထုတ်လုပ်တဲ့ အာလတာရေကာတာကို ဆန့်ကျင်လှုပ်ရှားခဲ့ကြတဲ့ လူငယ်ကျောင်းသားတွေနဲ့ပြည်သူတွေရဲ့ အကြောင်းတစိတ်တပိုင်းကို ဖော်ပြလိုပါတယ်။
နော်ဝေအစိုးရပိုင် နော်ဝေရေစွမ်းအင် အရင်းအမြစ်ဌာနက အာလတာ(Alta river)မြစ်ပေါ်မှာ ရေကာတာကြီးဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူဖို့ကို ၁၉၆၈ ခုနှစ်မှာစတင်ခဲ့ပါတယ်။ ဒီမြစ်က နော်ဝေနိုင်ငံမြောက်ပိုင်းက ဌာနေတိုင်းရင်းသားဖြစ်တဲ့ ဆာမိ (Sami)တိုင်းရင်းသားတွေနေတဲ့ဒေသမှာရှိတာပါ။ အဲဒီအချိန်က ဆာမိတွေက အနှိမ်ခံတွေပါ။ သူတို့ဟာ နော်ဝေတွေထက်စောပြီး အဲဒီဒေသမှာနေထိုင်ခဲ့ကြပြီး ဖွံ့့ဖြိုးမှုနောက်ကျတဲ့ လူမျိုးတွေပါ။ သူတို့ရဲ့ကိုယ်ပိုင်စကားကိုတောင် လွတ်လွတ်လပ်လပ်ပြောခွင့် မရတဲ့ အခြေနေပါ။ သူတို့ရဲ့ယဉ်ကျေးမှုဖွံ့့ဖြိုးအောင်လည်း ဘာတခုမှဆောင်ရွက်ခွင့်မရခဲ့ကြပါဘူး။ တနည်းပြောရရင် နော်ဝေမှုပြု (Norwegian- ization) ခံနေရတဲ့အချိန်ပါ။

အာလတာမြစ်ပေါ်မှာရေကာတာစပြီးတည်ဆောက်တဲ့အချိန် အစပိုင်းမှာ ဆာမိတွေက ကန့်ကွက်ကြပါတယ်။ အထူးသဖြင့် သမင်ကြီးတွေမွေးတဲ့သူတွေက သူတို့တွေရဲ့ စားကျက်မြေတွေဆုံးရှုံးတော့မဲ့အကြောင်း ပါလီမန်ကိုတင်ပြခဲ့ပေမဲ့ ပါလီမန်က ပါယ်ချခဲ့ပါတယ်။ အဲဒီအချိန်မှာ နော်ဝေပါလီမန်မှာကြီးစိုးနေတာက လေဘာပါတီပါ။ အုဗာနော်လီ (Odvar Nordli) ဝန်ကြီးချုပ်ဖြစ်နေတဲ့ကာလပါ။ ဒါအပြင်ဒီမြစ်က နော်ဝေနိုင်ငံမှာ ဆော်လမွန်ငါးတွေ အမြောက်အများ ဖမ်းလို့ရနိုင်တဲ့မြစ်ပါ။ ခုတော့ အတော်ကို နည်းပါးသွားပါပြီ။ ပြီးတော့ဒေသခံ ဆာမိတွေရဲ့ နယ်တွေရေမြုပ်သွားမှာဖြစ်လို့ သူတို့တွေရွှေ့့ပြောင်းကြရမှာပါ။ ဒါကြောင့်ဆာမိတွေက ငါတို့က အရင်အခြေချခဲ့သူတွေ မရွှေ့ပြောင်းနိုင်ဘူးလို့ ပြောခဲ့ကြတာဖြစ်ပါတယ်။

၁၉၇၈ မှာတော့ ကျောင်းသားလူငယ်တွေဦးဆောင်ပြီး ရေကာတာတည်ဆောက်မှု ဆန့်ကျင်ရေးအဖွဲ့ (Alta) တည်ထောင်ပြီး လှုပ်ရှားမှုတွေကို စတင်ခဲ့ကြပါတယ်။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက် (၃)ခုရှိပါတယ်။ (၁) ဆာမိတွေရဲ့ရပိုင်ခွင့်ကို အသိမှတ်ပြုရေး၊(၂) သမင်ကြီးတွေ သက်ရှင်နေထိုင်ခွင့်ရရေးနဲ့ ( ၃) သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးပဲဖြစ်ပါတယ်။ 
သူတို့တွေကိုင်ခဲ့တဲ့ ဆောင်ပုဒ်ကတော့ နော်ဝေလို La elva leve ( Let the River of Life) မြစ်ကိုရှင်သန်ပါစေ တဲ့။

ဒီအဖွဲ့မှာ လူပေါင်းနှစ်သောင်းလောက်အဖွဲ့ဝင်အဖြစ်ပါခဲ့ပြီး လူတစ်သောင်းလောက်က လှုပ်ရှားမှုမှာ ထဲထဲဝင်ဝင်ပါခဲ့ကြတာပါ။ အများစုကတော့ ကျောင်းသားလူငယ်တွေပါ။ သူတို့က ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ရေကာတာပြန်တည်ဆောက်တဲ့ ၁၉၇၉ မှာ စတင်ခဲ့ကြပါတယ်။ အစပိုင်းမှာ သူတို့က လက်မှတ်တွေကောက်ခံပြီး ရေကာတာတည်ဆောက် မှုကို ရပ်တန့်ဖို့ ပါလီမန်ကိုတင်ပြခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ သူတို့တွေက သံကြိုးတွေချည်ပြီး ရေကာတာတည်ဆောက်မဲ့နေရာနဲ့ပစ္စည်းတွေသယ်ယူတဲ့လမ်းပေါ်မှာ ပိတ်ဆို့ဆန္ဒပြကြပါတယ်။။ သူတို့အဲဒီလိုဆန္ဒပြနေတဲ့အချိန်မှာပဲ ဆာမိတွေက အော်စလိုက ပါလီမန်ရှေ့မှာ အစာ ငတ်ခံဆန္ဒပြကြပါတယ်။ ဒါကြောင့် အုဗာနော်လီအစိုးရက ပါလီမန်မှာ ပြန်ပြီးစဉ်းစားပါ့မယ်ပြောပြီး ရေကာတာတည်ဆောက်မှုကို ခေတ္တရပ်ဆိုင်းထားလိုက်ပါတယ်။ 

ဒါပေမဲ့ တကယ်တော့ သူတို့ကြီးစိုးနေတဲ့ပါလီမန်က ရေကာတာတည်ဆောက်မှုကို အတည်ပြုပေးလိုက်ပြန်ပါတယ်။ ဒါကြောင့်ရေကာတာတည်ဆောက်မှုကို ၁၉၈၁ မှာပြန်စပါတယ်။ ကျောင်းသားတွေက ပုံမှန်လမ်းပိတ်ဆို့ဆန္ဒပြယုံမကတော့ပဲ သပိတ်စခန်းတွေဖွင့်လို့ ဆန္ဒပြကြပါတော့ တယ်။ အဲဒီသပိတ်စခန်းထဲမှာ ဒက်စီကာ(Detsika)စခန်းကတော့ နာမည် အကြီးဆုံးပါ။ ဒီစခန်းကို ကမ္ဘာ့နိုင်ငံပေါင်း(၂၀)က ဒီရေကာတာအတွက် ဝိုင်းဝန်း ကန့်ကွက် ဆန္ဒပြနေကြတဲ့ ကျောင်းသား လူငယ်ပေါင်း ၆၅၀၀ လာရောက်လည်ပါတ် ခဲ့ပါတယ်။ ဒီလိုဝိုင်းဝန်းဆန္ဒပြရတဲ့ အကြောင်းထဲမှာ ဆာမိအမျိုးသမီးနှစ်ဦးက အီတလီက ပုတ်ရဟန်းမင်းကြီးဆီမှာ အရေးယူဆောင်ရွက်ပေးဘို့ အသနားခံစာ( Petition letter)တင်သွင်းခဲ့တဲ့ အကြောင်းကြောင့် တကမ္ဘာလုံးက ပိုမိုအာရုံ စိုက်မိ လာကြပြီး အာလတာ ရေကာတာအတွက် ကမ္ဘာတလွှားက ပူးပေါင်းကန့်ကွက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒီလိုကျောင်းသားတွေလူငယ်တွေ၊ ဆာမိတွေရဲ့ အာလတာရေကာတာကို ကန့်ကွက်ဆန္ဒပြမှုတွေဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်နာဇီတွေကို နော်ဝေတွေဆန့်ကျင်လှုပ်ရှာခဲ့မှု နောက်ပိုင်း (ဒီနေ့အထိ)အကြီးမားဆုံး ဖြစ်သလို နော်ဝေအစိုးရရဲ့ အရေးယူခံရမှုကလည်း အကြီးကျယ်ဆုံးပါပဲ။ 

တဖက်မှာလည်းရေကာတာ တည်ဆောက်မှုဆန့်ကျင်ရေးသမားတွေက အစိုးရအနေနဲ့ရေကာတာတည် ဆောက်မှုကို ရပ်တန့်ဘို့ တရားရုံးတော်မှာ တရားစွဲဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း နော်ဝေတရားရုံးက ဒီရေကာတာတည်ဆောက်မှုဟာ တရားဝင်တယ်လို့ဆုံးဖြတ်လိုက် ပါတယ်။ တရားရုံးဆုံးဖြတ်ချက်ကျပြီးတာနဲ့ ထုံးစံအတိုင်းပါပဲ နော်ဝေအစိုးရက ဒီဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲပါတော့တယ်။ 
မူလက အူဗာနော်လီက စစ်တပ်ကို သုံးဘို့လုပ်ခဲ့ပါတယ်။ စစ်ရဟတ်ယဉ်တချို့၊ စစ်သားတွေပါတဲ့ကားကြီးတချို့၊ စစ်ရေယဉ်တစင်းတို့ကို လွှတ်ပြီးမှ ရဲတပ်အင်အားကိုပဲ သုံးဖို့ပြောင်းပြီးဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအချိန်က နော်ဝေတနိုင်ငံလုံးရဲ့ ရဲအင်အား ၁၀%ကို အသုံးပြုခဲ့ပါတယ်။ ရဲတွေက ဆန္ဒပြသူတွေကို အကြမ်း ဖက်ဖမ်းပြီး ပြင်းပြင်းထန်ထန်ဖြိုခွင်းခဲ့ ပါတော့တယ်။ (သေကျေခဲ့မှုတော့မရှိခဲ့ပါ) ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ကျောင်းသားတွေကိုလည်း ဒါဏ်ငွေ ကရိုနာ တစ်သောင်း၊ တချို့ကို နှစ်သောင်း ဒါမှမဟုတ် ထောင်ဒါဏ်(၃)လ အပစ်ပေးခဲ့ပါတယ်။ ဒီငွေပမာဏက ကျောင်းသားတယောက်အတွက် အလွန်များပြားပါတယ် ဒါကြောင့်ကျောင်းသားတွေက ထောင်ဒဏ်ကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။

၁၉၈၂ မှာတော့ ရေကာတာဆန့်ကျင်ရေးစခန်းတွေအားလုံဖျက်သိမ်းခံရပြီး လှုပ်ရှားမှုတွေ ပြီးဆုံးသွားပါတော့တယ်။ ရေကာတာကိုလည်း ၁၉၈၇ မှာဖွင့်လှစ်နိုင်ခဲ့ပြီး လျှပ်စစ်ဓါတ်အား ၁၅၀ မီဂါဝပ်ထုတ်ယူနိုင်တဲ့ နော်ဝေရဲ့အကြီးဆုံးရေကာတာကြီးကို တည်ဆောက်နိုင်သွားခဲ့ ပါတော့တယ်။ ( နော်ဝေအစိုးရက ဒီလျှပ်စစ်တွေကို သူ့ပြည်သူတွေအတွက် တကယ် အသုံးပြုတာပါ။)
ဒါပေမဲ့ ဆန္ဒပြသူတွေ ရှုံးနိမ့်သွားတာမဟုတ်ပါဘူး သူတို့ရဲ့လှုပ်ရှားမှုတွေကြောင့် ကမ္ဘာက ဆာမိလူမျိုးတွေရဲ့ အခြေနေကို သိသွားကြပြီးနော်ဝေကို ဖိအားပေးလာကြပါတယ်။ ဌာနေတိုင်းရင်းသားတွေရဲ့ကိုယ်ပိုင်အခွင့်ရေးတွေကို လေးစားအသိမှတ်ပြုဖို့၊ သူတို့ရဲ့ နယ်မြေတွေကို သူတို့ကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးဖို့၊ အထူးသဖြင့် မြစ်တွေ၊ တောင်တွေ၊ သဘာဝပတ်ဝန်းကျင်တွေနဲ့ ပတ်သက်ရင်သူတို့ကို ဆုံးဖြတ်ခွင့်ပေးဘို့တိုက်တွန်းလာကြပါတော့တယ်။
၁၉၈၉ မှာတော့ ဆာမိလူမျိုးတွေကို ကိုယ်ပိုင်ပါလီမန်တည်ထောင်ခွင့်ပြုပေးလိုက်ရပါတော့တယ်။ အခုဆိုရင်တော့ ဆာမိတွေဟာ အရင်ထက်စာရင်အများကြီး လုပ်ပိုင်ခွင့်ရှိသွားကြပါပြီ။ သူတို့ရဲ့နယ်မြေတွေမှာ တိုးရစ်နယ်မြေတည်ဆောက်ချင်တာတွေကို ငြင်းပယ်ခွင့်ရခဲ့ပါပြီ။ ဆာမိစကားကလည်း နော်ဝေနိုင်ငံရဲ့ တရားဝင်ဘာသာစကားဖြစ်နေပါပြီ။ 
သူတို့ဟာ အာလတာရေကာတာတည်ဆောက်မှု ဆန့်ကျင်ရေးတိုက်ပွဲကို ဆုံးရှုံးခဲ့ပေမဲ့ ဆာမိအခွင့်အရေး စစ်ပွဲကြီးကိုတော့ အနိုင်ရခဲ့တယ်ဆိုရပါလိမ့်မယ်။ ဒါဟာ အာလတာရေကာတာ တည်ဆောက်ရေးကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ ကျောင်းသားလူငယ်တွေအနစ်နာခံခဲ့ရမှုရဲ့ အသီးအပွင့်လို့ဆိုရင်းလည်းမှားမယ် မထင်ပါဘူး။

(ဤဆောင်းပါးဖြင့် မြန်မာပြည်မှ မြစ်ဆုံစီမံကိန်းတိုက်ဖျက်ခဲ့သူများ၊ လက်ပံတောင်းအရေးဆောင်ရွက်နေသူများ၊ လယ်မြေသိမ်းခံရမှုဆောင်ရွက်နေသူများ အပါအဝင် စစ်အုပ်စုဗိုလ်ကျမှုအား တတ်စွမ်းသမျှ တိုက်ပွဲဝင်နေကြသည့် ကျောင်းသားလူငယ်ပြည်သူ အပေါင်းအား ဦးညွတ်ဂုဏ်ပြုလိုက်ပါတယ်။)

ကိုးကား
http://www.aftenposten.no/nyheter/iriks/article1280217.ece 
://www.nrk.no/http://en. 
wikipedia.org/…/Folkeaksjonen_mot_utbygging_av_Alta-Kautoke… http://www.mdg.no/kandidat/rasmus-hansson/
ပုံများကို အင်တာနက်နှင့် NRK မှရယူပါသည်။
အောင်စံအေး 
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar