Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၄ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၄ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၁

• နေ့တဓူဝ ဖြစ်လာနေတဲ့ ပစ်ခတ်မှု၊ ပေါက်ကွဲမှုများ
ရန်ကုန် ၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ မုံရွာ၊ ထားဝယ် စတဲ့မြို့တွေမှာ နေ့စဥ်လိုလို ပေါက်ကွဲမှုတွေ ဖြစ်ပွားနိုင်သလို ပစ်ခတ်မှုတွေလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒေသအလိုက် ဖွဲ့စည်းပေါ်ပေါက်လာကြတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပီဒီအက်ဖ် (ဒီနေရာမှာ ပီဒီအက်ဖ်က ယေဘုယျနာမည်သဘော ဆောင်ပါတယ်) တွေက စစ်ကောင်စီရဲ့ တပ်၊ ရဲ၊ အုပ်ချုပ်ရေးမှူးတွေကို အောက်ခြေကစလို့ လက်လှမ်းမီတဲ့ မြို့နယ်အဆင့်အထိ ပစ်မှတ်ထား လုပ်ကြံ သတ်ဖြတ်ကြတာတွေ၊ စစ်ကောင်စီရဲ့ စခန်းချရာ ရုံး၊ လမ်းဆုံလမ်းခွ ၊ ကင်းလှည့်တဲ့ကားတွေကို ဗုံးနဲ့ပစ်တာ သေနတ်နဲ့ ပစ်ပြေးတာတွေ က အထက်က ဖေါ်ပြတဲ့မြို့တွေမှာ နေ့စဥ်လိုလို ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ 

ရန်ကုန်မြို့ကသူတွေ အနေနဲ့ ဘယ်နေရာမှာ ဗုံးကွဲလို့ဖြစ် အပြင်မထွက်ဘူးဆိုတာမျိုး သိပ်မရှိကြပဲ သွားစရာကိစ္စ ထွက်စရာ ကိစ္စရှိရင် ထွက်နေကြတာမျိုး ဖြစ်ပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေရာတွေ မြို့နယ်တွေ လမ်းမတွေမှာ ဖြစ်ပွားတဲ့ သတင်းကြားတာနဲ့ တိမ်းရှောင်ပြီး အခြားလမ်းကနေ သွားကြတာမျိုးပါ။ 

မန္တလေး၊ မုံရွာ စတဲ့မြို့တွေမှာလည်း အလားတူအခြေအနေလို့ ထင်ပါတယ်၊ စီးပွားရေး အခြေအနေကြောင့်လည်း အပြင်မထွက်ပဲ မနေနိုင်တော့ပဲ သွားလာလှုပ်ရှားနေကြရတာမျိုး ဖြစ်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်ထားတဲ့ အချို့ ပြည်နယ်တွေမှာတော့ မြို့ပေါ်မှာ ဖြစ်ပျက်တာမျိုးနည်းပြီး လက်နက်ကိုင်တပ်တွေ စခန်းချတဲ့ နယ်မြေတွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာမျိုးဖြစ်ပါတယ်။ အဲဒီဒေသတွေက မြို့နေလူထုထက်ပိုပြီး ထိခိုက်ခံစားကြရတာပါ။ နေအိမ်တွေစွန့်ပြီး ထွက်ပြေးကြရ၊ လယ်တွေ၊ ယာတွေ၊ မွေးထားတဲ့ တိရိစ္ဆာန်တွေ ဒီအတိုင်းထားခဲ့ရပြီး ဖျက်ဆီးခံရ၊ သတ်ဖြတ်ယူဆောင် သွားခံရ၊ နောက်ဆုံး မီးရှို့ခံရတာတွေလည်း နေ့စဥ်သတင်းတွေထဲ ဖတ်နေကြရတာပါ။ 

ကိုဗစ်နဲ့အတူနေထိုင်ကြရတဲ့ အခြေအနေကို new normal လို့ခေါ်သလို ဒီအခြေအနေနဲ့ ရှင်သန်နေထိုင်ကြရတဲ့ အနေအထားကလည်း new normal after the military coup လို့ဆိုရမယ် ထင်ပါတယ်။ သေနတ်ပစ်သံကြားရင်လည်း ဘယ်နားလဲဆိုတာ စေ့ငုပြီး လုပ်စရာ ရှိတာဆက်လုပ်ရတာမျိုး၊ ဗုံးကွဲတာတွေ ဖြစ်နေတယ်၊ ပစ်ခတ်တာတွေ ဖြစ်နေတယ်ဆိုလည်း ဘယ်နားဖြစ်တာလဲ ကိုယ့်နဲ့ မနီးဘူး ကိုယ်သွားရမယ့် နေရာနဲ့ ဝေးတယ်ဆိုသွားကြရတာမျိုး ဘယ်လမ်းတော့ ပိတ်စစ်နေတယ်ဆိုတာ ဆိုရှယ်မီဒီယာမှာတွေ့ရင် ရှောင်သွားကြရတာမျိုး က စစ်အာဏာသိမ်းပြီး New Normal အခြေအနေလို့ ခေါ်ဆိုရမယ်ထင်ပါတယ်။ 

ကျေးရွာတွေ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နယ်မြေ သို့မဟုတ် ထိစပ်နေတဲ့နယ်မြေတွေက လူထုအနေနဲ့တော့ ဗုံးခိုကျင်းတူးကြတာတွေ ရွာကနေ တောတောင်ထဲ တိမ်းရှောင်ကြရတာတွေ ၊ ကိုယ့်အိမ်က ရိက္ခာ၊ အိမ်မွေးတိရစ္ဆာန်တွေ အကုန် သယ်သွားဖို့မဖြစ်နိုင်ပဲ ချန်ထားခဲ့ကြရတာတွေက အခုကာလရဲ့ ဖြစ်နေကျ အဖြစ်အပျက်တွေလို ဖြစ်လာနေပါတယ်။ စစ်ဘေးရှောင် အရေအတွက်တွေကလည်း ရာနဲ့ ထောင်နဲ့ ချီတိုးလာနေပြီး လအနည်းငယ်ကြာတဲ့အခါ သိန်းဂဏန်းထိ တိုးလာနေတာလည်း ဖြစ်ပါတယ်။ 

လူတွေရဲ့ အသက်တွေ၊ အိုးအိမ်တွေ၊ ပိုင်ဆိုင်မှု ပစ္စည်းတွေ ဆုံးရှုံးကြတာတွေက ရေတွက်လို့ရပြီး ထင်သာမြင်သာရှိပေမယ့် အထက်က အဖြစ်အပျက်တွေကို ကြုံဆုံကြရတဲ့ သူတွေရဲ့ စိတ်ဒဏ်ရာတွေ ကြောက်ရွံ့ စိုးရိမ်မှု၊ နာကျည်းမှု ကြေကွဲမှုစတဲ့ ဒဏ်ရာဒဏ်ချက်တွေက တိုင်းတာဖို့လည်းမလွယ် အရေအတွက်နဲ့ ရေတွက်ဖို့လည်း မလွယ် ထုတ်ပြောဖို့တောင် အခွင့်အလမ်းမရကြသူတွေ ထောင်နဲ့ ချီရှိနေကြတာ ဖြစ်ပါတယ်။ 

ဒါတွေကို ရေးခြယ်ပြလို့ စစ်ဆန့်ကျင်ရေး ဆောင်းပါးရေးနေတာလား လို့ဆိုစရာ ရှိကောင်းရှိပါလိမ့်မယ်။ စစ်ဆန့်ကျင်ရေး ဆောင်းပါး ရေးနေတာတော့မဟုတ်ပါ၊ သို့ပေမယ့် စစ်ဆိုတာရဲ့ သက်ရောက်မှု ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို ရေးခြယ်ပြနေတာသာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်းအတွင်း မြို့ပေါ်က စစ်သားနဲ့ ရဲတွေရဲ့ အထိုင်နဲ့ ၊ လှည့်ကင်းတွေကို ပစ်မှတ်ထားပြီးသေနတ်နဲ့ ပစ်ပြီး တိမ်းရှောင်မှုတွေ နေ့စဥ်လိုလို ဖြစ်ပွားနေပြီး ဒါက မြို့ပြပျောက်ကျား လှုပ်ရှားမှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။ ဒီအခြေအနေက စက်တင်ဘာလ ဆန်း ဒီဒေး ခေါ်ပြီးနောက်ပိုင်း မှာ ပစ်ခတ်မှုတွေ အများဆုံးဖြစ်လာတဲ့ အခြေအနေလို့ဆိုနိုင်ပါတယ်။ 

မြို့ပေါ်က ပစ်ခတ်မှုတွေက စစ်ကောင်စီကို ဘယ်လောက် ခြိမ်းခြောက်နိုင်သလဲ၊ စစ်ရေးအရ စိတ်ဓါတ်ရေးအရ ဘယ်လောက် အရေးပါသလဲ၊ တိုင်းရင်းသားနယ်တွေမှာလို နယ်မြေစိုးမိုးဖို့ အခြေခံ နယ်မြေတွေ ထူထောင်ဖို့ လုပ်တာနဲ့ ထိရောက်မှု ဘာကွာခြားသလဲ စတာတွေကို ပြန်သုံးသပ်ကြဖို့တော့ လိုအပ်မယ်ဖြစ်ပါတယ်။ 

ဒီနေ့ သတင်းတွေထဲမှာတော့ ၈၈ မျိုးဆက်က ခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီခေါ် ကိုကျော်မင်းယုကို ၂၃ ရက်နေ့ညပိုင်းက စစ်ကောင်စီက ဖမ်းဆီးရမိသွားတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဖမ်းဆီးတဲ့ သတင်းနဲ့ တပြိုင်နက်ထည်းမှာပဲ ကိုဂျင်မီကျန်းမာရေး အခြေအနေ အသက်အန္တရာယ်နဲ့ပတ်သက်လို့ ဇနီးဖြစ်သူ မနီလာသိန်းက စစ်ကောင်စီမှာ တာဝန်အပြည့်အဝရှိတယ်လို့လည်း ထုတ်ပြောလိုက်ပါတယ်။ 

သတင်းတချို့မှာတော့ ဖမ်းဆီးစဥ် ထွက်ပြေးဖို့ကြိုးစားစဥ် အုတ်တံတိုင်းပေါ်က ပြန်ပြုတ်ကျပြီး ဦးခေါင်းမှာ ဒဏ်ရာရတယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိသလို စစ်ကောင်စီတပ်တွေက ဦးခေါင်းကို ရိုက်နှက်တာလား ဆိုတဲ့ သံသယလည်း ထွက်ပေါ်နေပါတယ်။ လောလောဆယ် စစ်ကောင်စီဘက်ကတော့ ဘာသတင်းမှ ထုတ်ပြန်တာမရှိသေးတာ တွေ့ရပါတယ်။ 

ကိုဂျင်မီကို စစ်အာဏာသိမ်းပြီး မကြာခင်မှာပဲ တပ်ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ ဝရန်းထုတ်ခံထားရတာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar