Breaking News

မိုးမခကဗျာ - ညိုထက်ညို '' နင် ခွင့်မဲ့ပျက်ကွက်နေတဲ့ နေ့တွေ ''

မိုးမခကဗျာ
အောက်တိုဘာ ၁၄၊ ၂၀၂၁

'' နင် ခွင့်မဲ့ပျက်ကွက်နေတဲ့ နေ့တွေ ''
ညိုထက်ညို

မီးငယ်
ဖြတ်သွားဖြတ်လာတိုင်းလည်း
နင့် အဖေ နဲ့ အမေ မိုးလင်းမိုးချုပ် အရုပ်တွေလိုပဲ
အဲဒါ ငါ မြင်တာ၊ ဂန့်ဂေါ က မြင်တာ၊ ယော က မြင်တာ၊ ကလေး က မြင်တာ
နင်လည်းတွေ့မှာပေါ့ အာပါပါး တင့်ကားတွေမှ တောင်ကြီးတွေ ကျနေတာပဲ မနည်းမနောပဲ
နင့်ဘာသာနင် လူ့အခွင့်အရေး ကြေညာစာတမ်းကြီး ကို ကိုင်ပြီး လန်ဒန်မြို့လယ်ကောင်မှာ
ကြွေချင်လည်းကြွေ ဝေချင်လည်းဝေ ကုန်ကုန်ပြောမယ် သေချင်လည်းသေ
နင်သိလား တို့မလည်း ဟိုတုန်းကလည်း ရမ်ဘိုပဲ အခုလည်း ရမ်ဘိုပဲ နောင်လည်း ရမ်ဘိုပဲ
အဲဒီလို တမ်းတနေရတာကို ငါ တူးတူးခါးခါး ဖြစ်နေပြီ ဆိုတာ နင်သိပါ
ငါ့ကိုယ်ငါ ရှိခိုးပူဇော်စ ပြုနေပါပြီ ဆိုတာကို နင်သိပါ
နင် သဘောပေါက်အောင် ငါ ဘယ်လို ပြောရမလဲ အဲဒါကို နင် နားလည်ပေးပါ
ဒီလိုဟာ အရိပ်ကလေး နည်းနည်းပါးပါး တောင်မှ အရိပ်အယောင်ကလေးမှ မမြင်ရတာ
နင့်ဆီက တခါတခါ စာမရတာ သတင်းမကြားတာ ဘာဖြစ်လို့ ဖြစ်နေမှန်းကိုမသိတာ
အဲဒီမှာ ငါတို့ ဝယ်လိုအား ကျနေရတာ ပြဿနာ အဲဒါက အကြီးအကျယ် ပြဿနာ
တခါတလေတော့လည်း မရှိမဲ့ ရှိမဲ့ အကြီးကြီး အကျယ်ကျယ် အသီးသီး အသွယ်သွယ်
ငါရွယ် ငါငယ် ငါလတ် ငါချောင်း ငါမြောင်း ငါ ကိုယ်တိုင် ပါခဲ့တဲ့ နွေဦးပင်လယ်
ဘယ်လိုပဲပြောပြော နင့်ကို နည်းနည်းလေးမှမညိုညင်မိတဲ့ စာရင်းထဲတော့ ငါ ပါဝင်နေဆဲ
အဲဒီမှာ ကွိုင်တက်နေရတာပါပဲ မီးငယ်ရယ် နင်မြင်မလား
ကြက်ဥသေးသေးကလေးတစ်လုံးတလေကလည်း တစ်ရာ့ငါးဆယ်တဲ့
အာရောဂျံ ပရမံ လာဘံ ကလည်း ငွေအမက်သား တဲ့
တို့ဆီမှာတော့ ဘယဆေးပဲ ရေကို ပရိတ်လှိုင်လှိုင်ခတ်ပြီး ခပ်သောက်နေရဆဲ
လူအုပ်ကြီးမှ အကြီးကြီးပဲ နင့်နှယ် ကြောက်စရာ ဘယ်လိုပြောရမယ်မှန်း မသိလောက်အောင် ကြောက်စရာ
အဲဒါကို ငါ ရှင်းလို့မရတာပါ မီးငယ်ရယ် နင်မြင်မလား
တကယ်က ငါလိုချင်တာ နွေဆိုလည်း နွေစစ်စစ်ဆိုတာ နင်မြင်မလား
ငါ့အသက်နဲ့ ချီပြီး ဘယ်လိုမှ ပြောမရ ဆိုမရ ဖြစ်နေတာကို နင်မြင်မလား
ကုန်သွားတဲ့ ရက် တွေကလည်း နေ့ တွေလိုပဲ မူးယစ်စေ
သေသေချာချာ တိတိကျကျ ငါ သေနတ်ကိုကိုင်ပြီး ထိန်းလို့မရနိုင်လောက်အောင်ကို မူးယစ်စေ
ငါ ဒီနေ့ ၄၅နှစ် ပြည့်တယ် မီးငယ်ရေ ရန်ကုန်မှာ
နင်သိပါတယ် အမှောင်ထဲမှာ ။ ။



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar