Breaking News

အောင်ဝေး - ကမ္ဘာစစ်ကြီးတစ်ခု ငါ့အနားက ဖြတ်သွားတယ် (၁)

အောင်ဝေး - ကမ္ဘာစစ်ကြီးတစ်ခု ငါ့အနားက ဖြတ်သွားတယ် (၁)
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၁

မိုးမခမီဒီယာက ၂၀၂၁ သြဂုတ်လထဲတွင်၊ မိုးမခနွေဦးတော်လှန်ရေးစာနယ်ဇင်းရန်ပုံငွေအဖြစ် ကျနော်၏ကဗျာစာအုပ် "ဒေဝဒတ်ရဲ့ပစ္စတို" ကို ထုတ်ဝေရောင်းချခဲ့ပါသည်။ ကျနော်က စာမူလှူပြီး၊ မိုးမခက စာအုပ်လုပ်ခြင်းဖြစ်သည်။ ဒီစာအုပ် ကဗျာရေးသူ၏အမှာစာထဲတွင် အောက်ပါအတိုင်းပါရှိခဲ့သည်။

"၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးအလွန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဧရာဝတီတိုင်းစည်းရုံးရေးခရီးစဉ်တွေမှာ အတူလိုက်ပါရင်း ကျနော့်ယုံကြည်ချက်ကို အခုလိုကဗျာဖွဲ့ခဲ့တယ်။

'လေဆန်မှာ မြားတန်းလန်းနဲ့
ပျံသန်းရဲတဲ့ငှက်သာ
မနက်ဖြန်အတွက်ဖြစ်တယ်'

နောင် ၁၉ နှစ်အကြာ၊ ၂၀၀၇ မှာ ရွှေဝါရောင်တော်လှန်ရေးကြီးဖြစ်တော့၊ ကျနော် လေးကြောင်း ထပ်ရေးပါတယ်။ ကျနော့်ခံယူချက်ပါ။

'ရန်/ငါ မပြတ်လို့
သံဃာအသတ်ခံရ။
သွေးကြွေးမှာ
ဆွေးနွေးစရာ အကြောင်းမရှိ'

သမိုင်းက မြစ်လို စီးဆင်းနေတယ်။ အရေးတော်ပုံတွေက ရွက်ကုန်ဖွင့်နေတယ်။ လေပြင်းမုန်တိုင်းက မပြီးဆုံးသေးဘူး။ သမိုင်းက မပြီးဆုံး
သေးဘူး။ သမိုင်းက မပြီးဆုံးသေးတော့၊ တော်လှန်ရေးလည်း မပြီးဆုံးသေးဘူးပေါ့။ တော်လှန်ရေးဟာ မပြီးဆုံးသေးတဲ့ကဗျာ။

အခု ၂၀၂၁ နွေဦးတော်လှန်ရေးဆင်နွှဲနေတဲ့ တိုက်ပွဲတွေကြားမှာတော့၊ ကျနော်က နှစ်ကြောင်း ထပ်ဖြည့်လိုက်ပါတယ်။ ကျနော့်သန္နိဋ္ဌာန်ပါ။

'အောင်ပွဲဆိုတာ
တိုက်ရဲသူတွေအတွက်သာဖြစ်တယ်'
သမိုင်းမဆုံးသေး။ တော်လှန်ရေး မဆုံးသေး။ ကဗျာလည်း မဆုံးသေးပါ" (ဒေဝဒတ်ရဲ့ပစ္စတို၊ စာ ၉-၁၀)

ထိုအထဲက ...
"ရန်/ငါ မပြတ်လို့
သံဃာ အသတ်ခံရ။
သွေးကြွေးမှာ ဆွေးနွေးစရာ အကြောင်းမရှိ" ဆိုသည့် စာသား/စကားလုံးများနှင့်ပတ်သက်၍၊ ကဗျာဆရာသစ်ကောင်းအိမ်က ၂၀၂၁၊ စက်တင်ဘာ ၂၈ က Messenger ကနေ ကန့်ကွက်သတိပေးပြောဆိုလာပါသည်။ (ထိုသတိပေးပြောဆိုချက်ကို Moemaka Media နှင့် Khin May Wynn Facebook
များတွင်ဖော်ပြပေးခဲ့ကြပါသည်)

ကိစ္စက(၂)ခုဖြစ်သည်။

ပထမကိစ္စ။
သစ်ကောင်းအိမ်က "သွေးကြွေး-ဆွေးနွေး" ပါ စကားလုံးတွေကို သူ၏ ကိုယ်ပိုင်၊ မူပိုင်စကားလုံးဟုဆိုပြီး သူ (အောက်တိုဘာ ၁၁၊ ၂၀၀၇) ရက်စွဲဖြင့် ရေးခဲ့သော "ရွှေဝါရောင်ဥဒါန်း" ဆိုသည့်ကဗျာကို သက်သေပြထားပါသည်။ သူ့အဆိုအရ၊ ထိုကဗျာကို ပထမဆုံး မေငြိမ်း Blog မှာ ဖော်ပြခဲ့ပြီး၊ဒုတိယတစ်ခါ ဘန်ကောက် (ချင်းမိုင်?) အခြေစိုက် ခေတ်ပြိုင် Online Magazine (အယ်ဒီတာ- စိုးနေလင်း) တွင် ထပ်မံဖော်ပြခဲ့ကြောင်း သိရပါသည်။

မေငြိမ်း Blog မှာ ထိုကဗျာ Post တင်သည့်ရက်စွဲကို မသိရပါ။ ထိုကဗျာကိုဖော်ပြသည့် ခေတ်ပြိုင် Online Magazine ထုတ်ဝေသည့်ရက်စွဲမှာ (အောက်တိုဘာ ၂၆၊ ၂၀၀၇) ဟု တွေ့ရပါသည်။ ထိုကဗျာကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ရောင်ခြည်ဦးရုံးခန်းမှာရေးခဲ့သည်ဟု ဆိုပါသည်။ ထိုကဗျာ၏ နောက်ဆုံးစာကြောင်း (၂) ကြောင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

"သွေးကြွေးဆိုတော့
ဆွေးနွေးဖို့မလိုတော့ပါ" (အောက်ခြေရက်စွဲ- အောက်တိုဘာ ၁၁၊ ၂၀၀၇)

ဒုတိယကိစ္စ။
သစ်ကောင်းအိမ်၏ သတိပေးတားမြစ်ပြောဆိုသည့်စာထဲတွင် "ရန်/ငါ မပြတ်လို့၊ သံဃာ အသတ်ခံရ" စာသား/စကားလုံးများနှင့်ပတ်သက်၍၊ ယင်းစာသား/စကားလုံးများမှာ မဲဆောက်မြို့၊ ကျောင်းသားတပ်မတော် ABSDF မှ ကွယ်လွန်သူ ကိုတိတ်ကြီး (ခ) ကဗျာဆရာ မင်းတိတ်ခက၊ သံဃာအရေးအခင်းဖြစ်စ၊ ကျနော် (အောင်ဝေး) မဲဆောက်မရောက်ခင်၊ ABSDFဥက္ကဋ္ဌ ရဲဘော်သံခဲ၏ တဲခါးပန်းတွင်၊ မြေဖြူခဲနှင့်ရေးခဲ့သည့် မင်းတိတ်၏ ကိုယ်ပိုင်အဘိဓမ္မာဖြစ်သည်ဟုဆိုပါသည်။

ကောင်းပြီ။ အထက်ပါ ကိစ္စ (၂) ရပ်စလုံးကို ကျနော်ဖြေရှင်းရပါမည်။ ရှင်းလင်းရပါမည်။ 

သမိုင်းနောက်ခံကားချပ်
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ကျနော်ပါဝင်ဖြတ်သန်းခဲ့သည်။ ကျနော် တိုက်ပွဲ၏ ဗဟိုချက်မမှာ ရောက်ရှိနေခဲ့သည်။ ရန်သူ၏ပစ်ကွင်းတည့်တည့်မှာ ရပ်မိလျက်သားဖြစ်နေခဲ့သည်။၂၀၀၇ စက်တင်ဘာ-၂၅ ညနေကစ၍ ကျနော်ရှောင်တိမ်းပုန်းအောင်းရတော့သည်။ ပြေးရတော့သည်။ ပုန်းခိုကျင်းတွေ တစ်ခုပြီးတစ်ခု ပြောင်းပြေးနေရသည်။

ကျနော့်မှာ ရေဒီယိုကလေးတစ်လုံးရှိသည်။ ပြေးနေရင်း သတင်းတွေနားထောင်ရသည်။ ကဗျာတွေ တွေးရသည်။ တချို့ကို ချရေးဖြစ်သည်။ တချို့က စိတ်ထဲမှာပဲရှိနေသည်။ ကဗျာရေးဖြစ်လျှင်လည်း ကျနော် (တို့) မှာ ဖော်ပြခွင့်မရှိ (မီဒီယာ မရှိ)။

ပြေးနေရင်း ကြိုးဖုန်းကလေးတစ်လုံးရှိနေသော ပုန်းခိုကျင်းကလေးတစ်ခုသို့ ကျနော်ရောက်သွားသည်။ ထိုဖုန်းနံပါတ်နှင့် ကျနော်လှုပ်ရှားသည်။

DVB ရေဒီယိုက ကိုသန်းဝင်းထွဋ် ထိုဖုန်းနံပါတ်သို့ဆက်သွယ်လာသည်။ သူက ရေဒီယို Live လွှင့်နေတယ်။ အစ်ကို ရွှေဝါရောင်ခံစားမှု တစ်ခုခုပြောပေးပါဟု ဆိုလာပါသည်။ ကျနော်က ညကတော့ ကဗျာတစ်ပုဒ်ချရေးထားတာရှိတယ်ဆိုတော့၊ သန်းဝင်းထွဋ်က အဲဒီကဗျာရွတ်ပေးပါ။ Live လွှင့်မယ်ဟု ပြောပါသည်။ ကျနော် (စက်တင်ဘာ-၂၉၊ ၂၀၀၇) ရက်စွဲဖြင့် ရေးခဲ့သော "ဘေဘီနီလာသိန်း ဧချင်း" အမည်ရှိကဗျာကို ရွတ်ဆိုပေးခဲ့လိုက်ပါသည်။ (ထိုကဗျာ၊ ၂၀၀၈ မတ်လအတွင်းက မဲဆောက်တွင်ထုတ်ဝေခဲ့သော ကျနော်၏ "ခရမ်းပြာမြင်းရိုင်း" ကဗျာစာအုပ်တွင် ပါရှိပါသည်။ စာ ၃၀- ၃၂)

ကျနော် (တို့) မှာ ဖော်ပြစရာ ပလက်ဖောင်း/မီဒီယာမရှိသဖြင့်၊ ရတဲ့နေရာက ဖော်ပြနေရခြင်းဖြစ်ပါသည်။ ပြေးနေ ပုန်းနေရသည့်အချိန်တွေအတောအတွင်း UN ကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ မြန်မာပြည်ရောက်လာသည်။ (ရွှေဝါရောင်တော်လှန်ရေး အရှိန်အဟုန်ရပ်တန့်သွားရသည့်အကြောင်းများတွင် ဂမ်ဘာရီ ရောက်လာခြင်းကလည်း အကြေင်းတစ်ချက်ဖြစ်သည်)

ကျနော့်ကိုပုန်းခိုခွင့် (ယာယီ) ပြုထားသောမိတ်ဆွေများ၏တောင်းဆိုချက်ကြောင့် ကျနော် ဂမ်ဘာရီထံ အင်္ဂလိပ်လို စာတစ်စောင်ရေးပေးလိုက်ရပါသည်။ ထိုအချိန်က ကျနော်(တို့)က ဂမ်ဘာရီအပေါ် အားထားမျှော်ကိုးမိခဲ့ကြသည်။ ကျနော် (တို့) မှားသွားခဲ့ကြပါသည်။ (ထိုအမှားကို နောက်ပိုင်းမှာပြောပါမည်)

၂၀၀၇၊ စက်တင်ဘာ-၂၆ ကစ၍ နအဖစစ်စိုးရက ရွှေဝါရောင်တော်လှန်ရေးအင်အားစုဝင် သံဃာရော၊ လူပါ အားလုံးကို အကြမ်းဖက်ဖြိုခွင်းခဲ့ပါသည်။ သံဃာတွေ အဖမ်းခံရ၊ အသတ်ခံရ၊ ဘုန်းကြီးကျောင်းတွေ ဝင်အစီးခံရသည်။ လူတွေလည်း အဖမ်းခံရ၊ အသတ်ခံရသည်။ ဒါတွေကိုကျနော် ပြေးရင်း ပုန်းရင်း ရေဒီယိုကလေးကျေးဇူးနှင့် အကုန်သိနေသည်။

ဂမ်ဘာရီက ဒေါ်အောင်ဆန်းကြည်ကို ပထမအကြိမ်တွင် တွေ့ဆုံခွင့်ရခဲ့သော်လည်း၊ ဒုတိယအကြိမ်တွေင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံခြင်း မရှိတော့ပါ။

ပြေးနေရင်း၊ ပုန်းနေရင်း၊ ပုန်းခိုကျင်းအသစ်တစ်ခုတွင် ကျနော်နေ့စဉ် သတင်းစာဖတ်ခွင့်ရခဲ့သည်။ တစ်နေ့၊ သတင်းစာမျက်နှာဖုံးတွင် သန်းရွှေက ကြိုတင်ကန့်သတ်ချက် (၄) ရပ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမည်ဟု၊ နအဖစစ်အုပ်စုက သတင်းထုတ်ပြန်လာသည်။ ကျနော်က ထိုကန့်သတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်လက်ခံပြီး တွေ့ဆုံဆွေးနွေးမှာကို မလိုလားပါ။ (ပြည်သူတွေကလည်း လိုလားမည် မထင်ပါ)

ဒါတွေကို ပုန်းခိုကျင်းကလေးထဲမှာ ကျနော်က ကျနော့်ကိုပဲပြောရသည်။ ကျနော်ရင်ဖွင့်စရာလူ မရှိ။ ဒီတော့ ကဗျာထဲမှာ ရင်ဖွင့်ရသည်။ ရင်ဖွင့်ပြီး ချရေးဖြစ်ခဲ့သောကဗျာတွေကို နောက်ဆုံးမှာ မီးရှို့ဖျက်ဆီးပစ်ခဲ့ရသည်။ 

ကျနော် ၂၀၀၇၊ အောက်တိုဘာ- ၉ ရက် မနက်ဝေလီဝေလင်း ရန်ကုန်ကဆုတ်ခွာတော့ ထိုသဲလွန်စ (ကဗျာတွေ) ကို ဖျောက်ဖျက်ပစ်ခဲ့ရခြင်းဖြစ်ပါသည်။ ကျနော့်မှာ ကဗျာမရှိတော့ပါ။ ကျနော် သာမန်လူပြိန်းတစ်ယောက်ဟန်ဆောင်ပြီး ရန်ကုန်ကခွာခဲ့သည်။ ထွက်တော်မူနန်းက ခွာသည်။

ကျနော် လွတ်မြောက်နယ်မြေ (မဲဆောက်) သို့ ၂၀၀၇၊ အောက်တိုဘာ-၁၄ ရက်နေ့တွင် ရောက်ရှိခဲ့ပါသည်။

(ဆက်ရန်)
အောင်‌ေ၀◌း
(အောက်တိုဘာ ၁၁၊ ၂၀၂၁)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar