Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၄ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ  ၄ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၂၁

ဒီနေ့ သတင်းတွေထဲမှာတော့ သတင်းစာမှာဆို မျက်နှာဖုံးသတင်းလို အွန်လိုင်းမှာ Top News  ဖြစ်နေတဲ့ သတင်းတပုဒ်ကတော့ MyTel က ဘဏ္ဍာရေးအရာရှိချုပ် ဖြစ်သူ အငြိမ်းစားဗိုလ်မှူး နေအိမ်အနီးမှာ သေနတ်နဲ့ လုပ်ကြံခံရတဲ့သတင်းပဲ ဖြစ်ပါတယ်။ 

PDF တွေ အနေနဲ့ MyTel ရဲ့ တာဝါတိုင်တွေ ဖေါက်ခွဲတာတွေကို  ပြီးခဲ့တဲ့လပိုင်းတွေကတည်းက ပစ်မှတ်တခုအနေနဲ့လုပ်ဆောင်နေခဲ့ကြပြီး မြို့ရော တောပါ ရာနဲ့ချီတဲ့မိုင်တဲလ် တာဝါတိုင်တွေကို ဖောက်ခွဲမှုတွေလုပ်ခဲ့ကြတာ နေ့စဥ်သတင်းတွေထဲ တွေ့မြင်ရမှာဖြစ်ပါတယ်။ 

ခုတော့ နောက်တဆင့်ဖြစ်တဲ့ MyTel ရဲ့ဝန်ထမ်းတွေထဲက ဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ်ဖြစ်သူကို ရန်ကုန်မြို့က နေအိမ်အနီး လမ်းလျှောက်ပြန်လာစဥ် သေနတ်နဲ့ လုပ်ကြံလိုက်တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ စစ်တပ်နဲ့ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းကို ပစ်မှတ်ထားတိုက်ခိုက်ကြပြီးနောက် စစ်တပ်ပိုင်လုပ်ငန်းက တာဝန်ကြီးကြီး ယူထားသူတဦးကို အခုလို စတင်ပြီးလုပ်ကြံသတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်ကို သုံးသပ်ကြည့်ရင် မြို့ပေါ်မှာ လုပ်ကြံသတ်ဖြတ်မှုတွေမှာ ပစ်မှတ်အသစ်တွေ ထပ်မံပေါ်ထွက်လာတဲ့သဘောဖြစ်ပါတယ်။ မြို့နယ်/ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကြံ့ခိုင်ရေး ပါတီစည်းရုံးရေးမှူးတွေကနေ အခုတဖန် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေသူတွေကိုပါ လုပ်ကြံသတ်ဖြတ်ရမယ့် ပစ်မှတ်အဖြစ် သတ်မှတ်လာကြတဲ့သဘောလည်း ဖြစ်ပါတယ်။ 

လုပ်ကြံသတ်ဖြတ်မှုတွေက ရန်သူကို လုံခြုံရေးအတွက် စီမံမှု ပိုများလာစေအောင် တာဝန်ပိုစေတာ၊ စိတ်ဓါတ်ရေးအရ  ခြိမ်းခြောက်နိုင်တာမှန်သော်လည်း တဖက်မှာလည်း တော်လှန်ရေးရဲ့ သေနင်္ဂဗျူဟာက လုပ်ကြံသတ်ဖြတ်ရေးကို အားပြုတဲ့ မြို့ပေါ် လုပ်ကြံသတ်ဖြတ်ရေးကို ပင်မထောက်တိုင်သဖွယ်ဖြစ်သွားမယ်ဆိုရင် -  နယ်မြေစိုးမိုးနိုင်ရေး၊  စုစည်းတွဲချိတ်ထားနိုင်တဲ့ တော်လှန်ရေးတပ်များ ပေါ်ထွက်လာရေးဆိုတဲ့ ဗျူဟာတွေက နောက်ကို ရောက်သွားစေနိုင်တဲ့ အလားအလာလည်း ရှိနိုင်ပါတယ်။ 

အခုကျင့်သုံးနေတဲ့ နည်းဗျူဟာ၊ နည်းနာတွေဟာ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ဆိုင်ရာ မူဝါဒ၊ စံနှုန်းတွေနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့  သတိပြုသင့်တယ်လို့ ယူဆမိပါတယ်။ 

ရည်ရွယ်ချက် မျှော်မှန်းချက်ပန်းတိုင်က လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့၊ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် ကို အာမခံတဲ့၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်အရေးကို ပြည့်ဝစွာ ယုံကြည်တဲ့ နိုင်ငံတနိုင်ငံ တည်ဆောက်ရေးဖြစ်တာမို့ အဲဒီအရေးကို ရောက်အောင် လုပ်ဆောင်ကြရာမှာလည်း လူ့အခွင့်အရေး ဆိုင်ရာကိစ္စရပ်တွေမှာ အခြေခံမူ စံတွေကို ကျိုးပျက်ဖောက်ဖျက်ဖို့ မသင့်ဘူးလို့ ယူဆပါတယ်။ 

၂၀၂၁ ခုနှစ် ဧပြီလ နောက်ပိုင်းကာလတွေမှာ ဖြစ်ပွားနေတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေမှာ သတင်းပေးလို့ သံသယရှိသူ၊ စွပ်စွဲခံရသူတွေကို နောက်ကွယ်မှာ တဖက်သပ်စီရင်သလို ဆုံးဖြတ်ပြီး သတ်ဖြတ်တာတွေက နိုင်ငံရေးနည်းလမ်းအရ အနာဂတ် သမိုင်းမှာ စွန်းထင်းစေလိမ့်မှာ ဖြစ်ပါတယ်။ 

စစ်ဖြစ်ပွားနေစဥ် စစ်မြေပြင်မှာ  တဖက်နဲ့တဖက် သတ်ကြဖြတ်ကြတာဟာ extrajudicial killing မဟုတ်ပေမယ့် အရပ်သားတွေ လက်နက်ကိုင် တပ်ဖွဲ့ဝင်မဟုတ်သူတွေကို သံသယနဲ့စွပ်စွဲမှုနဲ့ ဘယ်လို ခုခံကာကွယ်ခွင့်မှမရဘဲ နောက်ကွယ်မှာ စီရင်ချက်ချပြီး သတ်ဖြတ်တာတွေဟာ extrajudicial killing ဖြစ်စေမှာကြောင့် သတိကြီးစွာထားဖို့ ဗဟို ချုပ်ကိုင်မှုကောင်းစွာမရှိတဲ့ လှုပ်ရှားမှု လက်နက်ကိုင်တိုက်ခိုက်မှုမျိုးမှာ အခုလို ကိစ္စတွေ ပိုကျယ်ပြန့်လာနိုင်တာမို့ အနာဂတ်ထူထောင်မယ့် နိုင်ငံရဲ့မျှော်လင့်ချက်တွေကို ပျက်စီးထိခိုက်စေလိမ့်မှာ ဖြစ်ပါတယ်။ 

ခုချိန်မှာတော့ တဖက်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ extrajudicial killing တွေကို မှတ်တမ်းတင်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကုလသမဂ္ဂလို အဖွဲ့မျိုးမှာ အစီရင်ခံဖို့ လုပ်ဆောင်နေကြချိန်မှာ တော်လှန်ရေး အင်အားစုတွေဘက်ကလည်း အလားတူအမှားမျိုး ခံစားချက်နဲ့ လက်စားချေသတ်ဖြတ်မှုမျိုးမဖြစ်ဖို့ ခေါင်းဆောင်သူ ခေါင်းဆောင်အဖွဲ့အစည်းတွေက ထိန်းသိမ်းသင့်တယ်လို့ ယူဆမိပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar