Breaking News

မောင်စွမ်းရည် - သံအမတ်ကြီး ဦးကျော်မိုးထွန်း ဂုဏ်ပြုပွဲ

မောင်စွမ်းရည် - သံအမတ်ကြီး ဦးကျော်မိုးထွန်း ဂုဏ်ပြုပွဲ
(မိုးမခ) နို၀င်ဘာ ၅၊ ၂၀၂၁

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ခရစ်ယာန်ဝတ်ကျောင်းတော် စိန့်ဂျိမ်းခန်းမမှာ ၂၀၂၁ အောက်တိုဘာ ၃၀ ရက်က ဂုဏ်ပြုပွဲတရပ် ကျင်းပသွားခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဝါရှင်တန်မြို့တော်ရှိ International Republican Institute (IRI) ရုံးမှာ John McCain ရဲ့ လွတ်လပ်ရေးဆု Freedom Award ချီးမြှင့်ခြင်းခံရပါတယ်။

မြန်မာသံအမတ်ကြီးတဦး ခုလို နိုင်ငံတကာဆိုင်ရာဆုကြီးတခု ချီးမြှင့်ခံရတဲ့အတွက် ပြည်ပရောက် မြန်မာလူထုက အထူးဝမ်းမြောက်ဂုဏ်ယူပြီး နယူးယောက်မြို့မှာ ဂုဏ်ပြုပွဲ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

ထပ်ဆင့်ဂုဏ်ပြုပွဲကို မြန်မာ-အမေရိကန် လူသားချင်းစာနာမှုအသင်း (Myanmar American Humanitarian Aid Association – MAHAA) နဲ့ နယူးယောက်မြန်မာ ကွန်မြူနတီအဖွဲ့တို့က ပူးပေါင်းကျင်းပရာမှာ ရန်ပုံငွေဈေးရောင်းပွဲတခုကိုလည်း စိန့်ဂျိမ်းဝတ်ကျောင်းမှာပဲ ကျင်းပခဲ့ပါတယ်။

ဂုဏ်ပြုပွဲနဲ့ ဈေးရောင်းပွဲမှာ နယူးယောက်မြို့နဲ့ အနီးဝန်းကျင်မှ ပြည်ပရောက် မြန်မာ ၅၀၀ လောက် တက်ရောက်အားပေးခဲ့ကြပါတယ်။ အလှူငွေဒေါ်လာ နှစ်သောင်းကျော် ရတယ်လို့ ကြားရပါတယ်။

ရတဲ့ငွေကို PDF ၊ CDM နဲ့ စစ်ဘေးရှောင် မြန်မာဒုက္ခသည်များအတွက် လိုအပ်သလို လှူဒါန်းပေးကမ်း ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

သံအမတ်ကြီးကို ဂုဏ်ပြုတဲ့ပွဲမှာ နယူးယောက် မြန်မာလူထုကိုယ်စား ကဗျာဆရာ မောင်စွမ်းရည်က ဂုဏ်ပြု အမှာစကား ပြောကြားပါတယ်။

ဂုဏ်ပြုအမှာစကား
======
ကျွန်တော်ဟာ Freedom Award ဆုရတဲ့ ကုလသမဂ္ဂ အမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဂုဏ်ပြု စကားပြောကားမယ့် ကဗျာဆရာ မောင်စွမ်းရည် ဖြစ်ပါတယ်။ (မောင်)စွမ်းရည်လို့ ဆိုပေမဲ့ အသက်အားဖြင့်တော့ ၈၅ နှစ်မျှ ရှိပါပြီ။ ဒီ ၈၅ နှစ်တာကာလမှာ ကွန်မြူနစ်သူပုန်ရွာမှာ ၁၀ နှစ်ကျော်အတွင်း တိုက်ပွဲတွေကြားက ကြီးပြင်းလာခဲ့ရပြီး မကြာခင် စစ်ကျွန်ဘဝကို ရောက်ခဲ့ရပါတယ်။ ဗြိတိသျှလက်အောက် တိုင်းတပါး နိုင်ငံခြားသားကျွန်ဘဝကနေ မြန်မာနိုင်ငံသား စစ်အာဏာရှင်များရဲ့ လက်ထက်မှာပဲ စစ်ကျွန်ဘဝနဲ့ ဆက်ကာဆက်ကာ နေထိုင်ကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့် အုပ်ချုပ်သူအစိုးရ ဆိုတာကို အုပ်ချုပ်ခံ ပြည်သူလူထုက အော့နှလုံးနာပြီး ပြည်သူက ကျောခိုင်းခံရသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ မျက်စိအောက်မှာ နေမိရင် သူတို့ခိုင်းတာ လုပ်ရင်လုပ်၊ မလုပ်ရင် ဖမ်းဆီးထောင်ချခံရပြီး ဆက်လက်အာခံနေရင် တရားမဲ့ သတ်ဖြတ် ဖျောက်ဖျက်ပစ်တာအထိ ခံရမှာပဲ ဖြစ်ပါတယ်။

ကျွန်တော်ဟာ အစိုးရအမှုထမ်း ကျောင်းဆရာ ဖြစ်ပေမဲ့ အထက်အရာရှိများကို အတတ်နိုင်ဆုံး ရှောင်ပါတယ်။ စစ်အစိုးရခေတ်တွေမှာ ပညာရေးဌာနလို နေရာမျိုးကိုတောင် ပညာရှင်များရဲ့အ ထက်မှာ ပညာရေး နားမလည်တဲ့ ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေကို ခန့်ထားခဲ့ပါတယ်။

ပညာရေးဌာန ဆိုတာ မူလတန်းပြ ဆရာ၊ ဆရာမများ လုပ်ရင်တောင် သာမန် ဘီအေ၊ ဘီအက်စ်စီဘွဲ့နဲ့ တရားဝင် မလုပ်ရပါ။ ဆရာအတတ်သင်ကျောင်းနဲ့ ပညာရေးတက္ကသိုလ်ကျောင်းတို့က ဘွဲ့လက်မှတ်ရပြီးမှ တရားဝင်လုပ်ခွင့်ရပါတယ်။ ဆရာ မလုံလောက်လို့ သာမန်ဘွဲ့ရတွေကို ခေတ္တငှား ခေါ်ယူခန့်ထားပြီး သူတို့ကို ‘ဆွဲခန့်’လို့ ခေါ်ပါတယ်။ အခွင့်သင့်တာနဲ့တပြိုင်နက် ဆရာအတတ်သင်ကျောင်းနဲ့ ပညာရေးတက္ကသိုလ်တို့ကို လိုအပ်သလို တက်ရောက်ပြီး ဆက်လက်သင်ယူပြီးမှသာ တရားဝင်ဆရာ ဖြစ်လာရပါတယ်။

စစ်သားများ စစ်ကျောင်း၊ စစ်တက္ကသိုလ် တက်ရသလိုပါပဲ။

ဒါပေမဲ့ စစ်ဗိုလ်တွေကတော့ တခြားဌာနတွေကို သက်ဆိုင်ရာ ပညာရပ်များ မသိ၊ မတတ်ဘဲ ဝင်ရောက် အုပ်ချုပ်ကြပါတယ်။ ဒါကြောင့် အစိုးရဝန်ထမ်းတွေဟာ စစ်ဗိုလ်အရာရှိ၊ စစ်ထွက်အရာရှိတွေကို တတ်နိုင်သမျှ ရှောင်ကြပါတယ်။ ကျွန်တော်တို့လည်း အထက်အရာရှိတွေကို ရှောင်ပါတယ်။ ဝန်ထမ်းက အနားယူတာနဲ့တပြိုင်နက် ပြည်ပကို လစ်ထွက်ခဲ့ရပါတယ်။ ဒီလိုမှ လစ်မထွက်ရင် တနေ့မဟုတ် တနေ့ စစ်တပ်ရဲ့ ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေနဲ့ ရင်ဆိုင်ရာမှာပါပဲ။ သူတို့က ရပ်ကွက်ထဲကိုပါ လိုက်ပြီး အုပ်ချုပ်နေကြပြီ မဟုတ်လား။ ကလောင်လက်နက်ကိုင်သူတွေကို စစ်ဗိုလ်တွေက မကြိုက်ပါဘူး။

ပြည်ပ ရောက်လာတော့ စစ်အစိုးရရဲ့ ကိုယ်စားလှယ်အရာရှိဆိုတာ မြန်မာသံရုံးနဲ့ ကုလသမဂ္ဂရုံး တို့မှာတော့ ရှိနေပါတယ်။ ပြည်ပ မြန်မာလူထုဟာ သံရုံးနဲ့ ကုလရုံးတွေကို သွားစရာအကြောင်းမရှိပါ။ ဒါပေမဲ့ မသွားဘဲတော့ မနေပါ။ လူသိရှင်ကြား ဆန္ဒပြဖို့၊ ရှုတ်ချဖို့၊ ကန့်ကွက်ဖို့အတွက် သွားကြမဲ ဖြစ်ပါတယ်။ လူချင်းတွေ့ဖို့ မဟုတ်ဘဲ ပြင်ပကနေ ‘အလိုမရှိ’ အော်ဖို့ သွားကြတာပဲ ဖြစ်ပါတယ်။

ဒီနေ့ ဒီအချိန်မှာတော့ အစိုးရအရာရှိများနဲ့ ကင်းရှင်းအောင် ဝေးဝေးနေလာခဲ့တာ နှစ်ပေါင်း ၅၀ ကျော် ၆၀ ကြာတော့မှ ဒီတခါပဲ ၂၀၂၁ အောက်တိုဘာ ၃၀ ရက်နေ့မှာ ထိပ်တိုက် မျက်နှာချင်းဆိုင် တွေ့ရရုံမက အစိုးရအရာရှိကြီးတဦးကို ဂုဏ်ပြုရဦးမတဲ့။ မလိုလားလို့တော့ မဟုတ်ပါ။ လှိုက်လှဲဝမ်းသာ ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။

ဂုဏ်ပြုရာမှာ တလေးတစားဖြစ်အောင်လို့ မြန်မာလူထုက မြန်မာထဲမှာ အသက်အကြီးဆုံးတဦး ဖြစ်တဲ့ ကဗျာဆရာကြီးတဦးကို ရွေးချယ်ဂုဏ်ပြုစေတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ သူ့ကိုမှ ခုလို အထူးဂုဏ်ပြုရတာလဲ။

မြန်မာနိုင်ငံသူနိုင်ငံသားထဲက နိုင်ငံတကာအဆင့်ဆု ဖြစ်တဲ့ Freedom Award ကို ပထမဦးဆုံး ချီးမြှင့်ခံရသူမှာ ယခု နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ စစ်ကောင်စီအကျဉ်းသား ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်က ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ ဒီဆုကို အမေရိကန်၊ ရီပတ်ဘလီကင်အမတ် ဂျွန်မက်ကိန်းက ၁၉၉၅ ခုနှစ်မှာ စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူသားအပေါင်းရဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူ၊ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုသူတို့ကို ဂုဏ်ပြုချီးမြှင့်ဖို့ ရည်ရွယ်ပါတယ်။

ဦးကျော်မိုးထွန်းကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်ရှိ International Republican Institute (IRI) ရုံးမှာ ၂၀၂၁ အောက်တိုဘာ ၁၉ ရက်က John McCain ရဲ့ Freedom Award ကို ချီးမြှင့်ခဲ့ပါတယ်။

ဦးကျော်မိုးထွန်းဟာ ၂၀၂၁ ဖေဖော်ဝါရီ ၂၆ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံမှာ မြန်မာစစ်တပ်က မြန်မာပြည်သူလူထု ဒီမိုကရေစီနည်းဖြင့် ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရ လက်ထဲက အဓမ္မလုယက် အာဏာသိမ်းယူမှုကို နိုင်ငံတကာ ပြည်သူ့ကိုယ်စားလှယ်များ မျက်မှောက်မှာ ရဲရဲဝံ့ဝံ့ တိုင်တည်ပြောဆိုပြီး အာဏာသိမ်းတာကို ပြတ်ပြတ်သားသား ရှုတ်ချ ပြောဆိုသွားခဲ့ပါတယ်။

ဦးကျော်မိုးထွန်းရဲ့ CRPH ကိုယ်စားပြု ပြောဆိုတင်ပြချက်များကြောင့် ကုလသမဂ္ဂရှိ နိုင်ငံတကာ ကိုယ်စားလှယ်များဟာ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်နဲ့ ပြည်သူလူထု ခံစားနေရမှုကို ကောင်းစွာ နားလည်သိရှိသွားခဲ့ကြရပြီး ဦးကျော်မိုးထွန်းကို ဝိုင်းဝန်းထောက်ခံ ချီးကျူးကြပါတယ်။

မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့ အသံဟာ ကုလသမဂ္ဂမှာ တိတ်ဆိတ်နေခဲ့တာ ရာစုနှစ်ဝက်ကျော် ကြာပြီ ဖြစ်ပါတယ်။ ခုလို ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အသံဟာ ပြန်လည်မြည်ဟိန်းလာတဲ့အတွက် အထူးဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီး Freedom Award ချီးမြှင့်ခံရတဲ့ မြန်မာကိုယ်စားလှယ်ကို မြန်မာပြည်သူလူထုတရပ်လုံးကိုယ်စား နယူးယောက် မြန်မာများက တွေ့ဆုံဂုဏ်ပြုကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ ယခုလိုပဲ မြန်မာပြည်သူများကို ကိုယ်စားပြုပြီး မြန်မာပြည်သူတို့ရဲ့ဘဝ၊ မြန်မာပြည်သူတို့ရဲ့ ဆန္ဒကို ကမ္ဘာ့ပြည်သူများရဲ့ ကိုယ်စားလှယ်များကိုရော၊ ကမ္ဘာ့ပြည်သူတွေကိုပါ ဆက်လက်ဖော်ထုတ် ပြောကြားနိုင်ပါစေလို့ ကျွန်တော်တို့ ဆန္ဒပြုလိုက်ရပါတယ် ခင်ဗျာ။

ဦးကျော်မိုးထွန်း… ကျန်းမာ ချမ်းသာ အသက်ရှည်စွာဖြင့် မြန်မာပြည်သူတို့ရဲ့အကျိုးကို ဆက်လက်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါစေသတည်း။

နယူးယောက်မြန်မာလူထုကိုယ်စား
မောင်စွမ်းရည်
အမျိုးသားစာပေဆုရကဗျာဆရာ

၂၀၂၁၊ အောက်တိုဘာ ၃၀
နယူးယောက်၊ အမေရိကန်ပြည်ထောင်စု။

(လူထုရှေ့မှောက်မှာ စကားပြောစဉ်က အချိန်အကန့်အသတ်ရှိတဲ့အတွက် အနည်းငယ် ချန်ခဲ့ရတဲ့ အချက်အလက်တချို့ကို ဒီစာထဲမှာ ပြန်လည်ဖော်ပြထားပါတယ်။)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar