Breaking News

မြန်မာပြန် - မောင်သာမည - သောကခေတ်တွင် ရှင်သန်ခြင်း (နိဂုံးပိုင်း)


သောကခေတ်တွင် ရှင်သန်ခြင်း (နိဂုံးပိုင်း)
မူရင်း - စဗက်လာနာ
မြန်မာပြန် - မောင်သာမည
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၁

သင်းချိုင်းကို သွားရင် အမြဲတမ်းပဲ ကျွန်မဟာ ပန်းခွေနှစ်ခုကို ယူသွားတတ်ပါတယ်။ တခုက သူ့ဖို့။ sနောက်တခုက သမီးလေးဖို့။ သမီးလေးအတွက်ရည်ရွယ်ပြီး အုတ်ဂူထောင့်မှာ ချထားပေးတယ်။ သူတို့ကို မြှုပ်နှံထားတဲ့ အုတ်ဂူမှာ ကျွန်မဟာ ဒူးထောက်ပြီး သွားပါတယ်။ အမြဲတမ်း ဒူးထောက်ပြီး နေပါတယ်။ ( ပြောသံက ပလုံးပထွေး ဖြစ်သွားသည်)။ 

ကျွန်မက သမီးလေးကို သတ်ခဲ့တာပါ။ ကျွန်မ - - - ။ သမီးလေးက ကယ်တင်ပေးခဲ့တာပါ။ 
ကျွန်မရဲ့သမီးလေးက ကျွန်မအသက်ကို ကယ်ပေးခဲ့တာပါ။ ကျွန်မအပေါ်ကျရောက်တဲ့ ဓာတ်ရောင်ခြည်ဒဏ်တွေ အားလုံးကို သမီးလေးက ခံယူပေးခဲ့တာပါ။ သူက ကျွန်မနဲ့ ဓာတ်ရောင်ခြည်ကြားမှာ ကြားခံပစ္စည်းတစ်ခုလို ကာ ကွယ်ပေးခဲ့တာပါ။ သူက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ဒီလောက် ပိစိကွေး ကလေးက - - ။( အသက် ကို အတင်းရှိုက်ငင်သွင်းနေသည်)

 - - သူက ကျွန်မကို ကာကွယ်ပေးခဲ့တာ။ သူတို့ နှစ်ယောက်လုံးကို ကျွန်မ ချစ်တယ်။ အချစ်နဲ့ သတ်ပစ်နိုင် သလား ဟင်။ ဒီလို အချစ်မျိုးနဲ့လေ။ အချစ် နဲ့ သေဆုံးခြင်းဟာ ဘာကြောင့် ဒီလောက် နီးကပ်နေတာလဲ။ ဒီနှစ်ခုဟာ အမြဲတမ်း အတူတူရှိနေတယ်။ ဒါကို ဘယ်သူရှင်းပြနိုင်မလဲ။  ကျွန်မ နားလည် အောင် ဘယ်သူ ကူညီပေးနိုင်မလဲ။သူတို့အုတ်ဂူရောက်ရင် ကျွန်မက ဒူးထောက်ပြီး သွားပါတယ်။ ( အချိန်ကြာ မြင့်စွာ ငြိမ်ကျသွားသည်)

ကီးယက်မြို့မှာရှိတဲ့ တိုက်ခန်းတခန်းကို ကျွန်မကို ပေးတယ်။ နျူးကလီးယားဓာတ်အားပေးရုံက လာတဲ့သူ အားလုံး နေတဲ့ ရပ်ကွက်ကြီးတခုက တိုက်ခန်း။ အဲဒီမှာ နေတဲ့သူအားလုံးက တယောက်ကို တယောက် သိတယ်။ ကျွန်မကိုပေးတဲ့ တိုက်ခန်းက အိပ်ခန်းတခန်းပါတဲ့ အခန်း။ ကျွန်မနဲ့ ဗက်စယာ စိတ်ကူးယဉ်ခဲ့တဲ့ တိုက် ခန်းမျိုးပဲ။ ဒါပေမဲ့ အဲဒီတိုက်ခန်းမှာဆိုရင် စိတ်နဲ့ကိုယ်က တခြားစီ ဖြစ်သွားတယ်။ ဘယ်နေရာကို ကြည့်ကြည့်၊ ဘယ်အခန်း ထောင့်ကို ကြည့်ကြည့် သူက ရှိနေတယ်။ သူ့မျက်လုံးတွေကို တွေ့နေရတယ်။ တိုက်ခန်းထဲမှာ ထိုင်နေရုံသက် သက်မဟုတ်ဘဲ လုပ်စရာ အလုပ်ရှိနေအောင် တိုက်ခန်းကို ပြင်ဆင်ပါတယ်။ ဒီလို နေလာခဲ့တာ နှစ်နှစ် ကြာခဲ့ပြီ။

ကျွန်မ အိပ်မက်တစ်ခု မက်တယ်။ အဲဒီအိပ်မက်ထဲမှာ ကျွန်မနဲ့ဗက်စယာက လမ်းလျှောက်သွားနေတယ်။ သူက ဖိနပ်မပါဘူး။ ရှင်ဘယ်တော့မှ ဖိနပ်မစီးပါလား လို့မေးတော့ "ငါဖိနပ် မရခဲ့ဘူးလေ"လို့ သူကပြန်ပြောတယ်။
ဒီလိုနဲ့ ကျွန်မ ဘုရားကျောင်းကို သွားပါတယ်။ ဘုန်းတော်ကြီးက ကျွန်မကို ပြောပြတယ်။ 
“ညှပ်ဖိနပ်ကြီးကြီး တရံ ဝယ်ပြီးတော့ သေသွားတဲ့ တယောက်ယောက်ရဲ့ အခေါင်းထဲမှာ ထည့်ပေးလိုက်ပါ။ ဒီဖိနပ်တွေက မင်းယောက်ျားအတွက် ဖြစ်တဲ့အကြောင်း စာတိုလေးလည်း ရေးထည့်ပေးလိုက်ပါ"တဲ့။ 

အဲဒီအတိုင်း ကျွန်မ လုပ်ခဲ့တယ်။ မော်စကိုကို သွားတယ်။ မော်စကိုမှာက သူနဲ့ပိုနီးတယ်လေ။ မော်စကိုက မီတီနိုသင်းချိုင်းမှာ သူရှိတယ်လေ။ ရောက်တာနဲ့ ဘုရားကျောင်းကို တန်းသွားလိုက်တယ်။ ဘုရားကျောင်းက လူကို ပြောပြလိုက်တယ်။ ဒီဖိနပ်တွေကို သူ့ဆီပို့ပေးချင်တဲ့ အကြောင်းပေါ့။ ဘယ်လိုလုပ်ရမယ်ဆိုတာသိသလား လို့ သူကမေးပါတယ်။ လုပ်ရမယ့်နည်းလမ်းကိုလည်း သူက ထပ်ပြောပြတယ်။ ပြောပြပြီးတော့ အသက်ကြီးကြီး လူတယောက်ကို ခေါ်လာတယ်။ အသုဘအခမ်းအနားအတွက် လုပ်ဆောင်ပေးတဲ့သူပဲ။ ကျွန်မက အခေါင်း ရှိရာကို သွားပြီး ဖိနပ်ကို ထည့်လိုက်ပါတယ်။

“ စာတိုလေးကော ရေးပြီးထည့်ပေးလိုက်သလား”
“ရေးထည့်လိုက်ပါတယ်။ ဒါပေမဲ့ သူရှိတဲ့ သင်းချိုင်းကိုတော့ မရေးခဲ့မိဘူး” 
"သူတို့က ဘုံတခုတည်းကိုရောက်သွားကြတာပဲ-သူ့ကို ရှာတွေ့မှာပါ“တဲ့။

ကျွန်မမှာ အသက်ရှင်လိုတဲ့ ဆန္ဒ လုံးလုံး မရှိတော့ဘူး။ ညဆိုရင် ပြတင်းပေါက်ဘေးမှာ ရပ်ပြီး ကောင်းကင်ကို ငေးကြည့်နေတတ်တယ်။ ဗက်စယာ - ကျွန်မ ဘာလုပ်ရမလဲ ။ ရှင်မရှိဘဲ ကျွန်မ အသက်မရှင်ချင်တော့ဘူး။ 
နေ့လည်နေ့ခင်းဆိုရင် မူလတန်းကျောင်းနားက ဖြတ်သွားရင်း အသာရပ်ကြည့်တတ်တယ်။ ကလေးတွေကို နာရီပေါင်းများစွာကြာတဲ့အထိ ကြည့်လို့မဝအောင် ဖြစ်နေတတ်တယ်။ ကျွန်မ ရူးမလို ဖြစ်နေခဲ့တယ်။
ညရောက်ရင် သူ့ကို မေးတယ်။ 

“ ဗက်စယာ - ကျွန်မ ကလေးတစ်ယောက် လိုချင်တယ်။ တယောက်တည်း နေရတာသိပ်ကြောက်ဖို့ကောင်းတာပဲ။ ဒီလို အထီးကျန်ဘဝမှာ ဆက်မနေနိုင်တော့ဘူး ဗက်စယာရယ်" 
တစ်ခါတော့ ဒီလို မေးမိပြန်ပါတယ်။ 
"ဗက်စယာ ကျွန်မ ယောက်ျား ထပ်မလိုချင်ပါဘူး။ ရှင့်ထက် သာတဲ့ ယောက်ျား ဘယ်သူမှ မရှိနိုင်ဘူး- ဒါပေမဲ့ ကျွန်မ ကလေးတယောက်တော့ လိုချင်တယ် ဗက်စယာရယ်"

အဲဒီအချိန်မှာ ကျွန်မအသက်က ၂၅ နှစ် ရှိပြီ။

လူတယောက်ကို ကျွန်မ တွေ့တယ်။ သူ့ကို ကျွန်မ အကုန်ပြောပြတယ်။ တကယ့်အဖြစ်မှန်တွေ အားလုံးကို ပြောပြတယ်။ ကျွန်မဘဝမှာ အချစ်ဆိုလို့ တချစ်တည်းသာ ရှိတဲ့အကြောင်း ပြောပြတယ်။ သူ့အပေါ် လုံးဝ ရိုးသားခဲ့ပါတယ်။ ကျွန်မနဲ့ သူနဲ့ တွေ့တတ်ကြပေမဲ့ အိမ်ကိုတော့ တခါမှ မခေါ်ဘူး။ သူ့ကို အိမ်မခေါ်နိုင်ပါဘူး။ အိမ်မှာက ဗက်စယာ ရှိတယ်လေ။
မုန့်ဆိုင်မှာ ကျွန်မ အလုပ်လုပ်ပါတယ်။ ကိတ်မုန့်ရဲ့ အနားသပ်တွေကို ညီအောင် လှီးဖြတ်ပေးတဲ့ အလုပ်ကို ကျွန်မလုပ်ရတယ်။ ကျွန်မပါးပြင်တွေမှာ မျက်ရည်တွေ လိမ့်ဆင်းလာနေတတ်တယ်။ ကျွန်မ မငိုပါဘူး။ ဒါပေမဲ့ မျက်ရည်တွေကတော့ စီးကျနေတယ်။ အလုပ်အတူလုပ်တဲ့ မိန်းကလေးတွေကို ပြောလိုက်တယ်။ 
" ငါ့အတွက် ဝမ်းမနည်းကြပါနဲ့။ ငါ့ကို မသနားကြနဲ့။ နင်တို့ သနားပြီ ဆိုတာနဲ့ ငါအလုပ်ထွက်ပြီမှတ်" လို့။
ကျွန်မအတွက် သနားစရာ မလိုပါဘူး။ တခါကဆိုရင် ပျော်ရွှင်မှုကိုတောင် ရလိုက်သေးတယ်။

သူတို့က ဗက်စယာရဲ့ ဆုတံဆိပ်ကို လာပေးကြတယ်လေ။ အနီရောင်ဆုတံဆိပ်ပဲ။ ဆုတံဆိပ်ကို ကျွန်မဟာ ကြာကြာ မကြည့်နိုင်ဘူး။ မျက်ရည်စီးကျလာမှာ စိုးလို့။
ကျွန်မမှာ သားလေးတယောက်ရှိတယ်။ အင်ဒရေတဲ့။ သားလေး အင်ဒရေပေါ့။ 
ကလေးမယူရဘူးလို့ ကျွန်မ သူငယ်ချင်းမိန်းကလေးတွေက တားကြတယ်။ ဆရာဝန်တွေကလည်း ကြောက်အောင်ချောက်လှန့်တယ်။ မင်းရဲ့ ခန္ဓာကိုယ်က ကလေးမွေးတဲ့အလုပ်ကို မလုပ်နိုင်တော့ဘူး တဲ့။ နောက်ပြီး ပြောသေးတယ်။ လက်မောင်းတဖက်မပါဘဲ မွေးလာလိမ့် မယ်တဲ့။ ညာဘက်လက်မောင်းတဲ့။ စစ်ဆေးကိရိယာရဲ့ မှန်သားပြင်မှာ အဲဒီအတိုင်း ပြနေခဲ့တာကိုး။

ကျွန်မကတော့ စဉ်းစားပါတယ်။ 
"သူတို့ပြောတဲ့အတိုင်း ညာဘက်လက်မောင်း မပါလာဘူးဆိုရင်တော့ ဘယ်ဘက်လက်နဲ့ စာရေးတတ်အောင် ငါကိုယ်တိုင် သင်ပေးမယ်"
ဒါပေမဲ့ ကလေးက ပုံမှန်အတိုင်း အင်္ဂါအပြည့်အစုံနဲ့ မွေးလာခဲ့ပါတယ်။ ချောချောလှလှ ကလေးလေးပါ။ သားက အခုဆိုရင် ကျောင်းတက်နေပြီ။ စာမေးပွဲမှာ ထိပ်ဆုံးအမှတ်တွေကို ရတယ်။ အခုတော့ ကျွန်မ အသက်ရှင်ဖို့ လိုအပ်အောင် လုပ်ပေးတဲ့ လူတယောက် ရှိလာပြီ။ အသက်ရှူအောင်လုပ်ပေးတဲ့ လူ တယောက် ရှိလာပြီ။ ကျွန်မဘဝရဲ့ အလင်းရောင်ပဲ။ သားက ကျွန်မကို လုံးဝနားလည်တယ်။

“ မေမေ - သားက ဖွားဖွားဆီကို ၂ ရက်သွားလည်ရင် မေမေ အသက်ကောင်း ကောင်း ရှူနိုင်ပါ့မလား” လို့ သူက မေးတယ်။
ဟင့်အင်း။ သားနဲ့တရက်ကလေးတောင် ခွဲပြီး မနေရဲဘူး။ ကျွန်မတို့နှစ်ယောက် လမ်းလျှောက် သွားကြတုန်းက လမ်းပေါ်လဲကျတော့မလို ကျွန်မဖြစ်သွားခဲ့တယ်။ ဒါက ပထမဆုံးအကြိမ် လေဖြတ်တာပါ။ လမ်းပေါ်မှာပဲ ဖြစ်သွားတာ။

“ ရေသွားယူပေးရမလား မေမေ"
“ မသွားနဲ့သား ၊ မေမေ့ဘေးမှာပဲ ရပ်နေ - ဘယ်မှ မသွားနဲ့”
ကျွန်မက သားရဲ့လက်မောင်းကို ဆုပ်ပြီး ကိုင်ထားတယ်။
ကျန်တာတော့ ကျွန်မ မမှတ်မိတော့ဘူး။ မျက်လုံးဖွင့်ကြည့်တော့ ဆေးရုံ ရောက်နေပြီ။ 
အင်ဒရေးရဲ့ လက်မောင်းကို တအားဆုပ်ကိုင်ထားလိုက်တာ ဆရာဝန်တွေတောင် ကျွန်မရဲ့ လက်ချောင်းတွေကို မနည်းပြန်ဖြည်ရတယ်လေ။ သားလေးရဲ့လက်မောင်းမှာ အညိုအမဲစွဲသွားတာ အကြာကြီးပဲ။
အခုဆိုရင် အိမ်ကနေ အပြင်ကို ထွက်တဲ့အခါတိုင်း သားက ပြောတယ်။
“ မေမေ သားလက်မောင်းကို အရမ်း မဆွဲနဲ့နော်၊ မေ့မေ့ဘေးက သား ဘယ်တော့မှ မသွားဘူး"

သားလေးကလည်း သနားစရာကောင်းတယ်။ ကျောင်းနှစ်ပတ်တက်လိုက်၊ အိမ်မှာ နှစ်ပတ်နေပြီး ဆရာဝန်နဲ့ ပြလိုက် လုပ်နေရရှာတယ်။ ဒါက ကျွန်မတို့ဘဝပဲ။ ကျွန်မတို့ဟာ တယောက်ကိုတယောက် စိုးရိမ်ပူပန်နေရတယ်။ 
နေရာတိုင်းမှာက ဗက်စယာ ရှိနေပါတယ်။ သူ့ဓာတ်ပုံတွေ ရှိနေတယ်။ ညဆိုရင် သူ့ကိုပဲ တတွတ်တွတ် စကား ပြောနေမိတယ်။ တခါတလေတော့ သူ့ကို အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ “ငါတို့ကလေးလေးကို ပြစမ်းပါ” လို့ သူက ပြောတယ်။ ကျွန်မက အင်ဒရေကို ခေါ်သွားတယ်။ သူက ကျွန်မတို့သမီးလေး နာတာရှာရဲ့ လက်ကို ဆွဲလာတယ်။ သူက အမြဲတမ်း သမီးလေးနဲ့ရှိနေတယ်။ သူက သမီးလေးနဲ့ပဲ ဆော့တယ်။ ကစားတယ်။
ဒါက ကျွန်မ ဘဝပါ။ ကျွန်မက တချိန်တည်းမှာ တကယ့်လောကမှာရော တကယ်မဟုတ်တဲ့ လောကမှာပါ နေနေပါတယ်။ ဘယ်လောကကို ပိုသဘောကျသလဲဆိုတာ ကျွန်မအသေအချာ မသိဘူး။ ( သူက မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်ဆီ သွားသည်)။ ဒီနေရာမှာ ကျွန်မတို့တတွေ အများကြီး နေကြတယ်။ ဒီတလမ်းလုံးပဲ။ ဒါကို ချာနိုဗီးလမ်းလို့ ခေါ်တယ်။ 

ဒီလမ်းမှာနေတဲ့သူအားလုံးဟာ ချာနိုဗီးဓာတ်အားပေးရုံမှာ အလုပ်လုပ်တဲ့သူတွေချည်းပဲ။ လူတော်တော်များများက အဲဒီမှာ သူ့အချိန်နဲ့သူ အလုပ်လုပ်နေကြတယ်။ အခုတော့ ချာနိုဗီးစက်ရုံကို ရိုတေရှင်းစနစ်နဲ့ လည်ပတ်နေပြီ။ 

ဘယ်သူမှ စက်ရုံမှာ မနေကြတော့ဘူး။ ဘယ်တော့မှလည်း နေမှာ မဟုတ်တော့ဘူး။ သူတို့အားလုံး အနာရောဂါတွေ ပြင်းပြင်းထန်ထန် ခံစားကြရ တယ်။ မသန်မစွမ်းတွေ ဖြစ်ကုန်ကြတယ်။ ဒါပေမဲ့ သူတို့အလုပ်ကို သူတို့ မစွန့်ပစ်ကြဘူး။ စွန့်ပစ်ဖို့ဆိုတာကို စိတ်တောင် မကူးကြဘူး။ သူတို့ဘဝနဲ့ ဓာတ်အားပေးစက်ရုံက ဆက်စပ်နေတယ်။ဓာတ်အားပေးစက်ရုံမရှိတဲ့ဘဝရယ်လို့ သူတို့မှာ မရှိဘူး။ ဓာတ်အားပေးစက်ရုံဟာ သူတို့ဘဝပဲ။ 

အခုဆိုရင် သူတို့အနေနဲ့ တခြားဘာကို လိုအပ်ဦးမလဲ။ သူတို့ကိုလည်း ဘယ်သူက လိုအပ်ဦး မလဲ။ သူတို့က ဆက် ဆက်ပြီး သေနေကြတယ်။ ဒါက လျင်မြန်တဲ့သေခြင်းပဲ။ သွားရင်းလာရင်းသေကြတယ်။ လမ်းလျှောက်ရင်း လဲကျသွားတယ်။ မေ့မျောသွားတယ်။ ဘယ်တော့မှ ပြန်ပြီး မနိုးထလာတော့ဘူး။ သူနာပြုဆရာမတွေဆီကို ပန်းတွေ ယူသွားရင်း သူတို့နှလုံးတွေ ရပ်သွားတော့တာပဲ။ ဘတ်စကားမှတ်တိုင်မှာ ရပ်စောင့်နေရင်းလည်း သေကြတယ်။ အားလုံးက သေတော့မယ့် သူတွေချည်းပဲ။ ဒါပေမဲ့ ဘယ်သူမှ ဒါကို သေသေချာချာ မေးခွန်းမထုတ်ဖူးဘူး။ ကျွန်မတို့ တွေ့ကြုံရင်ဆိုင်ရတာတွေ အကြောင်း၊ ကျွန်မတို့ တွေ့မြင်ရတဲ့အရာတွေ အကြောင်း ဘယ်သူမှ မေးခွန်းမထုတ်ဖူးကြဘူး။

လူတွေက သေခြင်းအကြောင်းကို နားမထောင်ချင်ကြပါဘူး။ ဒီလို ကြောက်စရာ ကောင်းတဲ့အရာတွေ အကြောင်းကို ဘယ်သူကမှ နားမထောင်ချင်ကြပါဘူး။ ဒါပေမဲ့ အချစ်အကြောင်းကို ကျွန်မ ပြောပြခဲ့ပြီးပါပြီ။ ဘယ်လောက်အထိ ကျွန်မချစ်ခဲ့သလဲ ဆိုတာ ပြောပြခဲ့ပြီးပါပြီ။ 
( သေဆုံးသွားသော မီးသတ်သမား ဗက်စီလီ အစ်ကနာတင်ကို၏  ဇနီး လျူမီလာ ၏ပြောပြချက်များ) 

ပြီးပါပြီ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar