မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ပြည့်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နို၀င်ဘာ ၁၊ ၂၀၂၁
• ပြည်တွင်းစစ်နဲ့ ရှေ့အလားအလာ
ဒီနေ့ သတင်းတွေကို ဖတ်ကြည့် လိုက်တဲ့အခါ ထန်တလန် မြို့မီးရှို့ခံရတဲ့အဖြစ်အပျက်အပေါ် တုံ့ပြန်ချက်တွေ ရှုတ်ချကြတဲ့ ကြေညာချက်တွေ၊ ဒါနဲ့ပတ်သက်တဲ့ ဆန္ဒပြမှုတွေ၊ စစ်ကိုင်းတိုင်းက မြို့နယ်အချို့မှာ စစ်ကောင်စီတပ်တွေက လေကြောင်းကိုသုံးပြီး ဒေသခံပီဒီအက်ဖ်တွေကို တိုက်ခိုက်နေတဲ့သတင်းတွေ၊ ချောင်းဦးမြို့နယ်က ကျေးရွာ ၂ ရွာအကြားမှာ ဒေသခံအလောင်း ၅ လောင်းတွေ့ရှိရတဲ့ သတင်းတွေ ဖတ်ရှုရပါတယ်။
ပြီးခဲ့တဲ့ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့ကူးတဲ့အထိ လောင်ကျွမ်းခဲ့တဲ့ ထန်တလန်မြို့ လူနေအိမ်တွေ အရေအတွက်က စာရင်းချုပ်ကြည့်တဲ့အခါ ၁၆၃ လုံးလောင်ကျွမ်းတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ မြေလှန်စနစ်နဲ့ လက်စားခြေမီးရှို့ခဲ့ရာက အိမ်ခြေ ၃ ထောင်နီးပါးရှိတဲ့ ထန်တလန်မြို့ရဲ့ မြို့လယ်က ၂ ထပ်အိမ်၊ ၃ ထပ်အိမ်တွေ နေအိမ်နဲ့ အိမ်ဆိုင်တွေ လောင်ကျွမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ မီးရှို့မှုမှာ တာဝန်ရှိတဲ့စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ရှုံ့ချကြပြီး ကန့်ကွက်ကြောင်း ချင်းပြည်နယ်က ထန်တလန်မြို့သူမြို့သားတွေနဲ့ တသားထဲ ရှိကြောင်း စတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ကြတာတွေ့ရပါတယ်။
ကုလသမဂ္ဂရဲ့ အမြဲတန်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကလည်း မနေ့က ကုလသမဂ္ဂမှာပြောတဲ့မိန့်ခွန်းမှာ လူတွေစွန့်ခွာထားတဲ့ ထန်တလန်မြို့ မီးရှို့ခံရတဲ့ကိစ္စကို ထုတ်ပြောခဲ့တယ်ဆိုပါတယ်။ ဒီအဖြစ်အပျက်က လတ်တလောစစ်ကောင်စီကို မျက်နှာဖုံး နောက်တထပ်ခွာချလိုက်တဲ့ အဖြစ်အပျက် ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ မနေ့က ညနေပိုင်းကတည်းက စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ ပြန်ကြားရေးရဲ့ ဒုဝန်ကြီးဖြစ်သူ ဇော်မင်းထွန်းက သူတို့ရှို့တာမဟုတ်ကြောင်း ငြင်းပြီး ချင်းကာကွယ်ရေးတပ်တွေကို စွပ်စွဲခဲ့ပေမယ့် ဒီကိစ္စဟာ ချင်းကာကွယ်ရေးတပ်တွေက သူတို့ တွေရဲ့ မြို့၊ သူတို့တွေရဲ့နေအိမ်တွေကို မီးရှို့တယ်ဆိုရအောင် ယုတ္တိမတန်တဲ့ တုံ့ပြန်မှု ဗြောင်လိမ်မှုဖြစ်နေတာမို့၊ စစ်တပ်ဟာအရင်က ဒါမျိုးတွေ လုပ်နေခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေနဲ့ ပြန်ဆက်စပ်ကြည့်ရင် ဘာသံသယမှဝင်စရာအကြောင်းမရှိပါဘူး။
မင်းအောင်လှိုင် တပ်ချုပ် အဖြစ်တာဝန်ယူထားတဲ့ ကာလမှာပဲ ရခိုင်ပြည်နယ် မောင်တောဒေသ၊ ဘူးသီးတောင်ဒေသ ကျောက်ဖြူ၊ ကျောက်တော် စတဲ့ဒေသတွေမှာ ရိုဟင်ဂျာ ရွာတွေကို မီးတင်ရှို့ခဲ့တာတွေ၊ တချို့သော ဘာသာမတူ လူမျိုးမတူကွဲပြားတဲ့သူတွေကို မီးရှို့ဖို့ ခွင့်ပြုခဲ့တာတွေ၊ ရှိခဲ့သလို ရခိုင်တပ်တော် အေအေနဲ့ဖြစ်တဲ့ တိုက်ပွဲတွေ စစ်ပွဲတွေအတွင်းမှာလည်း စစ်တပ်ကိုယ်တိုင်က ကျေးရွာက လူနေအိမ်တွေကို မီးရှို့ပြီး လက်စားချေ လက်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီမကြာသေးတဲ့ ကာလ မင်းအောင်လှိုင် တပ်ချုပ်အဖြစ် တာဝန်ရှိတဲ့ကာလမှာပဲ အခုလို ကျေးရွာလုံးကျွတ်မီးရှို့တာတွေအတွက် ဘယ်စစ်တပ်အရာရှိ တပ်မှူးမှ အပြစ်ပေးခံခဲ့ရတာ မရှိပါဘူး။ အခုကိစ္စဟာလည်း တပ်ချုပ်ဖြစ်တဲ့မင်းအောင်လှိုင်အနေနဲ့ သိပြီးသားဖြစ်မှာ သံသယဝင်စရာမရှိပါဘူး။
ထန်တလန် မြို့မီးတင်ရှို့ခံရတာနဲ့ပတ်သက်တဲ့ သတင်းတွေအပြီးမှာတော့ စစ်ကိုင်းတိုင်းဘက်က ကျွန်းလှနဲ့ တန့်ဆည်ဘက်မှာ ကျေးရွာတွေက ပီဒီအက်ဖ်တွေကိုတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေပါသုံးပြီး တိုက်ခိုက်နေတဲ့သတင်းတွေ ဖေါ်ပြထားတာတွေ့ရပါတယ်။ စစ်ကောင်စီတပ်တွေ စစ်ကိုင်းတိုင်း မြို့နယ် အတော်များများမှာ အင်အားသုံးပြီး ဒေသအလိုက် ဖွဲ့စည်းထားတဲ့ ပီဒီအက်ဖ်တွေကို နှိမ်နှင်းဖြိုခွဲနေပေမယ့်လည်း အရှိန်က လျော့ကျမသွားသေးတာ တွေ့ရပါတယ်။ ပီဒီအက်ဖ်တွေဘက်က ဒေသခံအများစုရဲ့ ထောက်ခံမှုပါဝင်မှုကြောင့် စစ်ကောင်စီတပ်တွေ အနေနဲ့ လွယ်လွယ်ကူကူ မချေမှုန်းနိုင်သေးတာ ဖြစ်ပါတယ်။ ပီဒီအက်ဖ်ထဲပါဝင်သူတွေတင်မက ပီဒီအက်ဖ်လို့ သံသယရှိခံရသူတွေကိုလည်း စစ်ကောင်စီတပ်တွေက တိုက်ပွဲတွေမှာသာမကပဲ ကျေးရွာတွေဝင်ပြီး ဖမ်းဆီး နှိပ်စက်၊ သတ်ဖြတ်နေတဲ့သတင်းတွေလည်း နေ့စဉ်လိုလို ဖတ်ရှုနေရတာ ဖြစ်ပါတယ်။
တဖက်မှာတော့ ဒေသခံတွေထဲက ကြံ့ခိုင်ရေးပါတီက စည်းရုံးရေးမှူး၊ ပါတီဝင်လိုမျိုးတွေ အုပ်ချုပ်ရေးမှူးတာဝန်ယူထားသူ သတင်းပေးလို့ သံသယရှိသူတွေကို လုပ်ကြံသတ်ဖြတ်တာတွေ၊ ပျူစောထီးအဖွဲ့ဝင်ဆိုသူတွေကို လုပ်ကြံသတ်ဖြတ်တာတွေ သတင်းတွေထဲ နေ့စဉ်ဖတ်နေရပါတယ်။ တချို့ကျေးရွာတွေမှာ နိုင်ငံရေးအကြောင်းနဲ့ ပုဂ္ဂိုလ်ရေးလက်စားချေမှု မသဲကွဲပဲ လုပ်ကြံသတ်ဖြတ်ကြတာမျိုးလည်း ရှိနေတယ်လို့ သတင်းတချို့၊ ဆိုရှယ်မီဒီယာ ပို့စ်တချို့မှာ တွေ့ရပါတယ်။
ဒီနေ့နံနက် သတင်းတပုဒ်မှာတော့ ချောင်းဦးမြို့နယ်ထဲက ကျေးရွာ ၂ ရွာအကြား စိုက်ပျိုးရေးလုပ်ကိုင်သူ ဒေသခံ လင်မယား ၂ စုံနဲ့ အခြားလူငယ်တဦးတို့ ပဲစဉ်းငုံခင်းထဲ သတ်ဖြတ်ခံထားရတဲ့ သတင်းလည်း ဖတ်ရှုရပါတယ်။ ဒီအခြေအနေတွေကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ လတ်တလော အနေအထားကို တစိတ်တပိုင်း အကဲဖြတ်နိုင်ကြပါလိမ့်မယ်။ နိုင်ငံရေးအရ စစ်ရေးအရ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေစဉ်မှာပဲ တဖက်မှာ စစ်ရေးနည်းလမ်းထက် လုပ်ကြံသတ်ဖြတ်ရေး နည်းလမ်းနဲ့ တဖက်နဲ့ တဖက်သတ်ဖြတ်မှုတွေ မေလ၊ ဇွန်လလောက်က အစပျိုးလာခဲ့ရာမှာ ခုအခါ သက်ဆိုင်ရာ နိုင်ငံရေး အရပါဝင်ပတ်သက်သူတွေသာမက တော့ပဲ မိသားစုဝင်၊ မိဘတွေ သားသမီးတွေအထိ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်လာကြတဲ့ လက္ခဏာတွေ ပိုပြီးတွေ့လာရပြီဖြစ်ပါတယ်။
စစ်ကောင်စီက တဖက်မှာ မင်းမဲ့စရိုက် အကြမ်းဖက် စစ်ရာဇဝတ်မှုများ ကျုးလွန်နေချိန်မှာ တဘက်ကလည်း ပြောက်ကျားစစ်ရေး တင်းမာနေတဲ့ မြိုံ့ပြတွေပေါ်မှာ စစ်ကောင်စီထောက်ခံ ဆန္ဒပြထုတ်ဖော်ပွဲတွေကို ဖိအားပေး ပြုလုပ်နေတာ တွေ့ရပါတယ်။ စစ်ကောင်စီက စစ်တပ် ထောက်ခံသူတွေကို ငွေကြေး ကျပ် ၁သောင်း ၁သောင်းခွဲပေးတဲ့အပြင် အရပ်ဝတ်လက်နက်ကိုင်တွေ အစောင့်အရှောက်ပေးပြီး ချီတက်ကြတာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး ကနဦးကာလတုန်းကလည်း ကြံ့ဖွံ့၊ မဘသ၊ စစ်အုပ်စုဘက်တော်သား မိသားစုတွေ၊ ကြေးစားလူမိုက်တွေ အသုံးချပြီး ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိဲခွဲဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ သည်တခေါက် တကျော့ပြန် တန်ပြန်တော်လှန်ရေးဆန္ဒပြပွဲတွေကတော့ တဖက်နဲ့တဖက် လက်နက်ဖြင့် တုန့်ပြန်ပဋိပက္ခတွေထဲ ပိုမိုရောက်ရှိအောင် မီးထိုးပေးတဲ့ပုံ တွန်းပို့မယ့်ပုံရှိပါတယ်။ စစ်ခေါင်းဆောင်တွေနဲ့ အထက် စစ်အုပ်စုအသိုင်းအဝိုင်းဟာ အောက်ခြေက အချို့သာမန်လူတန်းစားတွေကို ပြည်သူနဲ့ ရန်တိုက်ပေးပြီး စတေးပစ်နေတယ်၊ အချိန်ဆွဲနေတယ်၊ သူတို့အတွက် တန်ဖိုးမထားတဲ့ အင်အားတွေ ဖြုန်းပြီး အကာအကွယ် ယူနေတယ်လို့လည်း သုံးသပ်ကြသူတွေ ရှိပါတယ်။
ဒါအပြင် စစ်ကောင်စီက အောက်တိုဘာ ၃၁ မှာ စာပေ၊ ရုပ်ရှင်၊ ဂီတနဲ့ သဘင်က အနုပညာရှင်တွေအတွက် တကဏ္ဍကို ငွေ သိန်း ၁ ထောင်စီနဲ့ ဆန်ဆီရိက္ခာတွေ ပေးအပ်လိုက်ပါသေးတယ်။ စစ်ကောင်စီစည်းရုံးနေမှုကို ကြံ့ဖွံ့နဲ့ မဟာမိတ် ၈ ပါတီက လက်ခံလက်တွဲကြသလိုမျိုး စစ်ကောင်စီနောက်လိုက် စာပေနဲ့အနုပညာသမားတွေကို ရှေ့ထုတ်ပြီး လူထုနဲ့ရန်တိုက်ပေးတာ၊ လူထုကြားထဲ သွေးကွဲအောင် ခြေလှမ်းတွေ လုပ်ဆောင်တာလဲ ဖြစ်ပါတယ်။ စစ်တပ်အားပေး စာပေနဲ့ အနုပညာ အစည်းအရုံးတွေထဲက ရှေ့ထွက်တွေကို စာရင်းပြုရမယ်ဆိုရင် - ဦးညွန့်တင်၊ ဦးမျိုးထွန်း၊ အေးကြူလေး၊ ဇော်မြင့်ဦး၊ ဌေးလွင်၊ လွင်မြင့်တို့အပြင် ကြည်စိုးထွန်း၊ ရန်အောင်၊ မိုးယံဇွန်၊ ကိုဇော် (အရုဏ်ဦး)၊ အောင်ခိုင်၊ တက္ကသိုလ်လဲ့လဲ့၊ အမေထား စသည်တို့ ဖြစ်ကြပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar