ခွာညို - ရင်ခွင်မဲ့
ခွာညို - ရင်ခွင်မဲ့
(မိုးမခ) နိုဝ◌င်ဘာ ၁၊ ၂၀၂၁
ဖင်ထဲ ရွှံ့တခွဲသားဝင်မှ ထမင်းနပ်မှန်သည့် မြန်မာလယ်သမားမိသားစုအိမ်တွင် ထမင်းတအိုးတည်ချိန်ကိုပင် မုဆိုးဖိုတယောက်အတွက် အချိန်မပေးနိုင်ပါ။ အိမ်တွင် မိကြီး ဖကြီးများနှင့်နေရလျှင်အကြောင်းမဟုတ်...
(တစ်)
ကာလသားတသိုက်၏ အုံးအုံးကျက်ကျက်ရယ်သံများသည် “မောင်မြင့်ဦးနှင့် မစန္ဒာအေး” ဆိုသည့်ဆိုင်းဘုတ်ကလေးအောက်မှာ ဆူညံနေလေသည်။
“ဘာတွေ ဒီလောက်တောင် သဘောကျနေကြတာလဲကွ” ဟုမေးရင်းဝင်လာသော ကိုပေတိုးကိုမြင်သောအခါ ရယ်သံတွေ ပိုပြီးလျှံထွက်လာသည်။
“ကျုပ်တို့ မဏ္ဍပ်ဆင်ဖော့တွေသွားငှားတော့ ဦးတင်အောင်ကြီးက ဘယ်သူ့အတွက်လဲလို့ မေးတယ်ဗျာ။ ကျုပ်တို့ကလည်း ခင်ဗျားနဲ့ မခင်ဦးလို့လည်းပြောလိုက်ရော ဟဲ ဟဲ…”
ကိုပေတိုး၏ အိုးတို့အန်းတန်းဖြစ်သွားသော မျက်နှာကိုမြင်သောအခါ ဝိုင်း၍ရယ်ကြပြန်သည်။ မခင်ဦးဆိုသည်မှာ သူနှင့်အရွယ်တူ မုဆိုးမ.. လုံးကြီးပေါက်လှလေး။ မကြာခင်ကမှ သူတို့ရွာကို ပြောင်းလာသူဖြစ်သည်။
“အဲဒါ သူက အကြိုလက်ဖွဲ့တယ်ဆိုပြီး ငါးဆယ်လျှော့ပေးတာနဲ့ ကျုပ်တို့ အရက်ဝယ်သောက်လိုက်တယ်။ ဟဲ ဟဲ…”
ကာလသားပေါက်များကြားတွင် မုဆိုးဖို ကိုပေတိုးခမျာ လူပျိုရိုင်းတယောက်လို ရင်ထဲခုန်တုန်တုန်ဖြစ်သွားရလေသည်။
“ဟဲ့ ကာလနာလေးတွေ၊ နင်တို့တော်ရုံပဲကောင်းတယ်နော်။ ခင်ဦးတောင် လာဝိုင်းကူမယ့်ဟာ နင်တို့အသံတွေကြားပြီး ပြန်ပြေးသွားပြီ။ သူ့အဖေကြီးအကြောင်းလည်း နင်တို့သိရက်နဲ့။ တရွာတည်းသားတွေလိုဖြစ်နေကာမှ တုတ်ဆွဲ ဓားဆွဲဖြစ်ကုန်ရင် မကောင်းဘူး။ လှေပေါ်မှာလည်း နင်တို့ ဒီအကြောင်းပြောပြီး ဟီလာတိုက်လာကြတယ်လို့ ငါကြားတယ်။ နင်တို့နှမတွေကို ဒီလိုစရင် နင်တို့ရယ်နိုင်မလား”
ရွာ့အပျိုထိန်း ဒေါ်မြသီပါးစပ်ကိုတော့ သူတို့ကလေးစားတတ်ကြပါသည်။
ဒါတောင် ကိုပေးတိုးကိုကြည့်ကာ ကျဲစိစိပြုံးလျှက် တိတ်တိတ်ကြိတ်၍ ရယ်နေသေးသောကြောင့်
“အေးကွာ။ မင်းတို့ကလည်း…” ဟု ကိုပေတိုးက လေသံခပ်ပျော့ပျော့နှင့် ကန့်ကွက်လိုက်ရသေးသည်။
“မခင်ဦးက ခင်ဗျားလိုက်ခေါ်စေချင်လို့လားမှ မသိတာဗျ။ ဟေ့လူ… သွားလိုက်ခေါ်ချေ”
“ဟေ့ကောင်… ဖြူလေး။ သူ့အဖေကြီး ဓားမတိုကို မင်းမကြောက်ပေမယ့် ငါကြောက်တယ်ကွ”
“ခင်ဗျားကလည်း အခုကတည်းက ယောက်ခမရိုသေ.. အသက်ရှည်လုပ်နေပြန်ပါပြီ”
တခွန်းမှ ခွန်းတုန့်မလှန်ရဲလောက်အောင် ကိုပေတိုး ကာလသားပေါက်များကြားဝယ် ချောင်ပိတ်မိနေသည်။
“ဟဲ့။ မြွေပွေးကိုက်လေးတွေ…. နင်တို့နှမတွေ မုဆိုးမဖြစ်မှ ပေတိုးဆီ တန်းစီပြီးပို့လိုက်ကြ” ဟူသော မခင်ဦး၏ ဂျီးဒေါ်အသံထွက်လာသောအခါကာလသားများငြိမ်သွားကြချိန်မှာ ကိုပေတိုးရင်ကတော့ လူမသိ သူမသိ လှုပ်ကျန်ရစ်ခဲ့လေသည်။
(နှစ်)
ဖင်ထဲ ရွှံ့တခွဲသားဝင်မှ ထမင်းနပ်မှန်သည့် မြန်မာလယ်သမားမိသားစုအိမ်တွင် ထမင်းတအိုးတည်ချိန်ကိုပင် မုဆိုးဖိုတယောက်ဖြစ်တဲ့ ကိုပေတိုးမှာ အချိန်မပေးနိုင်ပါ။ အိမ်တွင် မိကြီး ဖကြီးများနှင့် နေရလျှင်အကြောင်းမဟုတ်။ အိပ်ယာထဲလဲနေသည့် နာတာရှည်လူမမာမျိုးကလွဲလျှင် တောသူ တောင်သားအဖိုးကြီးအဖွားကြီးများသည် မိုးလင်းသည်နှင့်ရေနွေးကျိုပြီးသား၊ ထမင်းတအိုး ကျက်ပြီးသား။ အခုတော့ သူ့အိမ်မှာ သူကလွဲလျှင် (၈) နှစ်သား သားကြီး၊ ကျောင်းမနေရသေးသည့် သားလတ်သာရှိသည်။ အငယ်ဆုံးသမီးလေးကိုတော့ သူ့ခယ်မ အပျိုများက ခေါ်ပြီးစောင့်ရှောက်ပေးထားသည်။ မီးတွင်းထဲမှာ သူ့အမေဆုံးပါးသွားသည့်အတွက် သည်အကြီးနှစ်ယောက်၊ သည်လယ်ယာလုပ်ငန်းများကြားတွင် သူ့မှာ လွမ်းဆွေးချိန် လည်းမရ။ ထို့ကြောင့် အခါမလည်သေးသည့်သမီးလေးကို နို့တိုက်ကျွေးမွေးရမည့်အရေးကို တွေးပင်မတွေးရဲ။ သည်တော့ သမီးလေးကို မျက်စေ့ အောက်မှာထားလိုသော်လည်း ဘယ်လိုမှမထားနိုင်။ အဲဒါက သမီးကိုပိုပြီး နှိပ်စက်ရာကျနေမှာစိုးသောကြောင့် မိန်းမ၏ညီမများက သူတို့ရွာခေါ်သွားမည်ဆိုတော့ ရင်နာနာနှင့် ခေါင်းငြိမ့်ခဲ့ရသည်။
အဲဒီတုန်းကတော့ မိန်းမဆုံးထားတာမကြာသေးသောကြောင့် ကာလသားတွေ ပြောနေကျ “ဘဝဆိုတာ တိုက်ပွဲ၊ ခယ်မဆိုတာ လိုက်ပွဲ” ဆိုသည့် ရင့်သီးသည့်အသုံးနှင့် နောက်ပြောင်မှုကို သူမကြားလိုက်ရ။ သမီးကို ခေါ်သွားပြီးမကြာခင် ခယ်မက အိမ်ထောင်ကျသွားသည်ကိုပင် သူက ဝမ်းသာရသေးသည်။ သို့မဟုတ်ပါက စည်းကမ်းကလနားမရှိသော ပါးစပ်ပေါက်တွေကြောင့် သူ့မှာ မိန်းမအမျိုးကို မျက်လွှာတောင်လှန်ကြည့်ဝံ့စရာရှိမည်မဟုတ်ပေ။
သည်လိုနှင့် သားအဖသုံးယောက်သာရှိသော သူတို့အိမ်တွင် ၈ နှစ်သား၊ ဒုတိယတန်းကျောင်းသား သားကြီး၏ပုခုံးထက်သို့ သူတို့အိမ်ရဲ့ ထမင်းချက်သည့်တာဝန်ကျရောက်သွားသည်။ ဆော့ကစားနေရမည့်ကလေးတယောက်အတွက် မီးဖိုချောင်တာဝန်က ကြီးလေးနေမှန်းသိသော်လည်း သူမတတ်နိုင်။ သူက မိုးမလင်းခင် လယ်ထဲဆင်း၊ ပျိုးခင်းရေနစ်နေလျှင် ရေဖောက်ချတန်ချရ။ ရေသွင်းဖို့လိုလျှင်သွင်းရ..ဆိုတာတွေလုပ်ရသည်။ ပေါင်းလိုက်ဖို့၊ မြေသြဇာပက်ဖို့… စိုက်လည်းသူ… မျိုးစေ့ရှာလည်းသူ.. ငွေချေးသွားရလည်းသူ.. လူခွဲမရှိ။
ထမင်းချက်ပြီးမှ ကျောင်းသွားရသည့်သားကြီးနှင့် ကျောင်းနေရန်အသက်မပြည့်သေးသော်လည်း အိမ်မှာ စောင့်ပေးမည့်သူမရှိသောကြောင့် အကိုနောက်ကနေ ကျောင်းပျော်လိုက်ရသော အငယ်ကောင် ကိုထိုက်ကို ဆရာမလေးတွေက ကူထိန်းပေး၍ တော်သေးတော့သည်။ သည်လိုမှ ကလေးကူထိန်းမပေးလျှင်လည်း အိမ်ခြေ ၈၀ မပြည့်သော သူတို့ရွာကလေးရဲ့မူလတန်းကျောင်း တကျောင်းလုံးပေါင်းမှာ ၃၇ ယောက်သာရှိသည့် ကျောင်းသားတွေထဲ သူ့သားကြီး ကျောင်းထွက်လို့ ကျောင်းသားပိုနည်းသွားဖို့သာ ရှိတော့သည်။ တခါတရံ သားကြီးက ထမင်းစားလွှတ်ချိန်တွင် သူ့အား လယ်ထဲထမင်းလိုက်ပို့ရတတ်သေးသည်။ သည်အခါဆိုလျှင် ကလေးထိန်းကူသော ဆရာမလေးတွေ စားသောက်ဖို့ သူက အခင်းထွက် ပြောင်းဖူးတွေ လတ်လတ်ဆတ် ဆတ် ချိုးပေးဖြစ်သည်။ သားက ပြန်ရောက်သည်နှင့် ကမန်းကတန်း အစေ့ချွေ၊ ဆီလေးတစက်နှစ်စက်နှင့် ထင်းမီးဖိုမှာ အိုးကင်းပူတိုက်လျှက် ထမင်းစားဆင်းပေးချိန်ထက် အများကြီးနောက်ကျပြီးမှ ကျောင်းပြန်တက်ရသည့် နောက်ကျကြေးအဖြစ် ဆရာမလေးတွေကို မျက်နှာလုပ်ရရှာသည်။ ညကျလျှင် သားအဖတတွေ ကိုယ့်အမောနှင့်ကိုယ် ငြိမ်သက်လျှက်…
“သားကြီး။ စာမကြည့်သေးဘူးလား။ အိမ်စာတွေရှိရင်လုပ်လေ… ပညာတတ်ကြီးဖြစ်မှ အမေတို့လို မဆင်းရဲမှာ” ဆိုသည့် သူတို့အမေ၏ ကြားနေကျအသံကို တိတ်တဆိတ်သတိရရင်း “သားကြီး။ စာဖတ်တော့လေ”ဟု သူမပြောရဲ။ တခါ သူပြောဖူးသည်။ သားက သည်အသံကြားမှ သူ့အမေကိုသတိရကာ ငိုသောကြောင့် သူမပြောရဲတော့။
သူကိုယ်တိုင် စိတ်ရောလူပါ တနေကုန်ပင်ပန်းနွမ်းနယ်နေချိန်…. ကိုယ်ကိုယ်တိုင်ပင်လျှင် တယောက်ယောက်၏ နှစ်သိမ့်နွေးထွေးမှုကို လိုအပ်နေချိန်တွင် သားကိုပင် သူမချော့ချင်။ မနှစ်သိမ့်နိုင်ပါ။ သည်တော့ သားငိုမည့်စကားကို သူမပြောဖြစ်တော့။ သားစာကြည့်နေလျှင် သူမ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ စာအုပ်တအုပ်နှင့်ထိုင်ကာ ခြင်ယပ် ပေးယင်း သူမ နားမလည်သော အင်္ဂလိပ်စာတွေကို သားဖတ်တာကိုကြည့်ကာ စိတ်ပျော်ရွှင်နေသော မိန်းမကို မြင်ယောင်ကာ သူလည်း ငိုချင်သည်။ ထို့ကြောင့် ညစာစားပြီးချိန်တွင် ရွာထဲက ဗွီဒီယိုရုံက အသံကြား၍များ သားတို့က “အဖေကြီး…” ဟုခေါ်လိုက် လျှင် သူက ပိုက်ဆံထုတ်ပေးလွှတ်မိတာက များသည်။
သားနှစ်ယောက် လည်ချင်တိုင်းလည်… မောမောပန်းပန်းနှင့် တုံးကနဲ…အိပ်ပျော်သွားသည့်နေ့ဆိုလျှင် သူ့အတွက် စိတ်ကျဉ်းကျပ်မှု၊ စိတ်ပင်ပန်းဆင်းရဲမှုတို့မှ လွတ်ငြိမ်းချမ်းသာခွင့်ရ သောညဖြစ်လေသည်။ သူ့အတွက်ကတော့… တနေကုန် နေပူမိုးရွာမရှောင် နွားနှင့်ယှဉ်ရုန်းထားခဲ့ရသမျှ ညောင်းညာကိုက်ခဲနေသည့်ဒဏ်ကို အံကြိတ်ခံရင်း ညစဉ်နင်းနှိပ်ပေးလေ့ရှိသော သားတို့အမေကိုသတိရ ရ…။ လစ်ဟာနေသည့်ဘေးကနေရာကိုကြည့်ရင်းလည်း တမ်းတကြေကွဲမိရ...။ သားနှစ်ယောက်ကို ထထစောင်ခြုံပေးရင်း ခယ်မများလက်ထဲရောက်နေရှာသည့် သမီးလေးကိုလည်း လွမ်းဆွတ်နာကျင်ရ…။
သေကွဲ ကွဲခဲ့ရသည့်ဇနီး… ရှင်ခွဲ ခွဲနေရသည့်သမီးတို့ကို မှန်းဆတမ်းတရင်း ဉာဉ့်အချိန်ကို ကြောက်လန့်စပြုနေလေပြီ။
(သုံး)
အိပ်ပျော်မည့်ဆဲဆဲမှာပင် စူးကနဲ…ထွက်လာသည့် သားငယ်၏ငိုသံကြောင့် ရင်ထဲမှာ ဒိန်းကနဲ ဆောင့်ခုန်အောင်ကိုပင် လန့်ဖျပ်သွားရပြန်လေသည်။
မပွင့်ချင်သော မျက်လုံးအစုံကို အတင်းပွတ်သပ်ရင်း ကိုယ့်ကိုယ်ကို နိုးအောင် အတင်းနှိုးရသေးသည်။ ပါးစပ်ကလည်း “သားငယ်… အဖေကြီးရှိတယ်လကွာ” ဟု အသံပေးနေရသည်။
သူ့အသံကြားမှ သားငိုသံက ပိုလို့ပင်ကျယ်လောင်လာသည်ဟု ထင်ရသည်။ သားကြီးလည်း အိပ်ချင် မူးတူးနှင့် ငုတ်တုပ်ထထိုင်ကာ သူ့ညီလေးကို ပြူးကြောင်ကြောင်နှင့်ကြည့်နေရှာသည်။
“ကိုထိုက်။ သား ဘာဖြစ်လို့လဲကွာ…။ အဖေကြီးရှိတယ်လေကွာ။ ဗိုက်အောင့်လို့လား။ မုန့်စားမလား။ ပြော.. သားဘာလိုချင်လို့လဲ အဖေကြီးကိုပြောလေ…”
သားငယ်က သူ့လက်ထဲမှ ရုန်းထွက်ကာ လှေကားခုံမှာသွားထိုင်သည်။ ရွာထဲမှာ တတောက်တောက် လျှောက်သွားရာ ကပြန်လာလျှင်ဖြစ်စေ…
သူ့အကိုစာသင်နေရာ ဘုန်းကြီးကျောင်းကိုလိုက်သွားရာကဖြစ်စေ…. သူပြန်လာလျှင် အဲသည်နေရာလေးကနေ သူ့အမေကဆီးကြိုထွေးပွေ့တတ်တာကို ကလေးက မှတ်မိနေလားမသိ။
တကယ်ဆို ကလေးပဲ… အစားကျွေးလိုက်ရင်၊ ကစားစရာအသစ်လေးတခုတလေရသွားရင် အငိုတိတ်သင့်နေသည်ပဲ။ သားငိုသံကိုကြားလျှင် သူလည်းပဲ ငိုချင်လာသည်။ အငိုတိတ်အောင်လည်း မချော့တတ်တော့။ ရွာပတ်ပတ်လည်မှာ မနားတမ်းအော်နေသည့် ပုဇင်းရင်ကွဲတို့သည်ပင်လျှင် သားငယ်၏ငိုသံကြောင့်တိတ်ဆိတ်ကုန်ကြသည်။
လယ်ထဲ နွားတရှဉ်းနဲ့ ရုန်းရ၊ တကုန်းကုန်းနှင့်ပေါင်းနှုတ်ရ၊ ပျိုးခါရ…ညဘက် ကိုယ်ခန္ဒာနာကျင်သည်ကို ကြိတ်မှိတ်ခံရ။ အမေပျောက်သွားကတည်းက ညတိုင်းနီးပါး အခုလို ထထငိုသော သားငယ်ကြောင့် အိပ်ရေးမဝဘဲ နောက်တနေ့ နေမထွက်ခင် လယ်ထဲဆင်းရ။
“ဟေ့ကောင်။ ကိုထိုက်… မင်းမတိတ်ဘူးလား တိတ်မလားကွ။ ဟင်….။ မင်းကို မငိုနဲ့လို့ ငါပြောနေတယ်ကွာ…”
သူစိတ်မထိန်းနိုင်စွာ သားငယ်၏ပုခုံးနှစ်ဖက်ကို ကိုင်ဆောင့်လှုပ်ခါရင်း အော်ပစ်လိုက်တော့ သားငယ်က နှစ်စက္ကန့်လောက်တော့ တိတ်သွားသည်။ ပြီးတော့ နဂိုရ်ကထက်ပိုကျယ်သော အသံနှင့်အော်ငိုပြန်လေသည်။ သားကြီးက သူ့ညီလေးကို ရိုက်တော့မည်အထင်နှင့် သူ့လက်တို့ကို အတင်းဆွဲဖြည်ကာ ငိုရှိုက်ရင်း “ညီလေးကို မရိုက်ပါနဲ့” ဟုတောင်းပန်နေပြန်သည်။
“ငထိုက်။ မင်းကို မငိုနဲ့လို့ ငါပြောနေတယ်ကွ။ မငိုနဲ့ …တိတ်။ အခုတိတ်။ မတိတ်သေးဘူးလား…ဟေ့ကောင်”
ခြေရင်းခေါင်းရင်းအိမ်တွေလည်း ထုံးစံအတိုင်းအကုန်နိုးကုန်သည်။ ထုံးစံအတိုင်း မီးခွက်လေးတွေနဲ့သူတို့အိမ်ကို တက်လာကြပြီး သူတို့သားအဖတွေရဲ့ ငိုပွဲမှာ မျက်ရည်စစနဲ့ အားဖြည့်ကြသည်။ သူတို့နှင့် လေးငါးအိမ်ကျော်က အရီးလေးက တကူးတကထလာပြီး သားငယ်ကို ပွေ့ချီကာ ချော့သည်။ သူကမရိုက်မှန်းသိသော်လည်း အိမ်နီးချင်းတွေက ကလေးကို မရိုက်ပါနဲ့ဟယ်..ဟု လှမ်း၍ တားမြစ်ကြပြန်သည်။
သူ့အမေဆုံးပြီးကတည်းက သည်အဖြစ်ကို ညတိုင်းနီးပါး သူရင်ဆိုင်နေခဲ့ရသည်။ “ဒီကောင် ဆိုးကို ဆိုးတယ်” လို့လည်း မပြောရက်ပါ။ သူတောင်မှ တမ်းတမိသေးတာလေ။ မိခင်ရင်ခွင်ထဲမှာ လုံလောက်တဲ့အချိန်အထိ နေခွင့်မရလိုက်တဲ့သားအတွက် သူ နာကျင်ကြေကွဲရပါသည်။ အိပ်ရာဝင်ရင်ခွင်မဲ့သူများအတွက် “ည” ဆိုတာ မရှိလျှင်ကောင်းမှာပဲဟုလည်း တွေးမိပြန်သည်။
“တင်မြ နင့်သားငိုနေတယ်။ ငါမချော့တတ်တော့ဘူးဟ။ နင့်သားကို နင်ပဲလာချော့လှည့်ပါတော့” ဟု လွှတ်ကနဲ အော်ဟစ်တိုင်တည်ရင်း အိမ်အလည်တိုင်ကို ခေါင်းနှင့်တိုက်ကာ ငိုမိလေသည်။
(လေး)
လယ်ထွန်နေစဉ်က ကျောပေါ်သို့တိုက်ရိုက်ကျခဲ့သော အပူရှိန်သည် ခြောက်သွေ့တိတ်ဆိတ်သော အိမ်ရိပ်ကို နင်းမိတော့မှ အတိုးချ၍ ပူနေတော့သယောင်ယောင်….။
မနှစ်က သည်အချိန်အထိ ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သည်နှင့် လင်မယားနှစ်ယောက် အတူတူထကြသည်။ သူကလယ်ထဲဆင်းရန်ပြင်နေချိန်တွင် တင်မြက မီးဖိုထဲမှာ သူ့အတွက် နံနက် စာကို ပြင်ဆင်ပေးသည်။ ထမင်းကြမ်းတဇလုံနှင့် ငပိချက်လေးပဲဖြစ်ဖြစ် ရေနွေးကြမ်းတအိုးနှင့် သူ့ အတွက် နံနက်ခင်း ခွန်အားကို ဖြည့်တင်းရန်အဆင်သင့်။ နေနည်းနည်းမြင့်သည်နှင့် ဘုန်းကြီးကျောင်း ဆွမ်းချိုင့်ကိစ္စ … ကျောင်းတက်နေသည့်သားကြီးစားဖို့ပြင်ဆင်ပေးပြီးသည်နှင့် သားငယ်ကို ခါးထစ်ခွင်ချီကာ သူ့ထံသို့ ထမင်းလိုက်ပို့ရင်း ကူညီလုပ်းပေး၍ရသမျှ လုပ်ပေးသွားခဲ့သေးသည်။ သူအလုပ်ပါးလျှင်တော့ အိမ်မှာ မိသားစု ခြံထွက်သီးနှံလတ်လတ်ဆတ်ဆတ်လေးတွေနှင့် ထမင်းပွဲက စိုပြေချင်တိုင်း စိုပြေနေခဲ့ဖူးသည်။
ကျယ်ဝန်းသော သူတို့ခြံထဲတွင် တင်မြကလည်း ရာသီပေါ်သီးနှံလေးတွေကို စိုက်ထားသည်။ ပေါင်းသင်၊ ရေလောင်း၊ မြေသြဇာကျွေး…. နားရသည်ဟူ၍မရှိ။ သည်တော့ သမီးလေးမွေး၍မှ လေးလ ရှိသေးသည်။ နောက်တယောက်ထပ်ရှိမည်ဖြစ်လာသောအခါကလေးစိတ်နေရင် “စီးပွားရေးနောက်ကျတယ်တော့”ဆိုသည့်စကားကို ပြောလာသော တင်မြရင်ခွင်ထဲမှ နို့မျက်နေသည့်သမီးလေးကို ငုံ့ကြည့်ရင်း သူများတွေလည်း လုပ်နေကြတာပါပဲလေ… ပေါ့ပေါ့တန်တန်ပဲတွေးကာ မတားမြစ်လိုက်ခဲ့။
အဲသည် ပေါ့တိမ်တိမ်အတွေးသည် လူသားအဖြစ်ကို မရလိုက်သည့် သူတို့၏ ရင်သွေးလေးကိုသာမက အိမ်မှာ မရှိမဖြစ်လိုအပ်နေသည့် အိမ်ရှင်မတယောက် သားတို့အမေကိုပါ သေမင်းလက် ဝကွက်အပ်လိုက်ရသည့်အဖြစ်ဆိုးကို ကြုံခဲ့ရလေသည်။ အခုတော့ အိမ်သည် အိမ်နှင့်မတူတော့။
တိတ်ဆိတ်ခြောက်သွေ့နေသောအိမ်ထဲတွင် တန်းလျားခုံမှာ ခဏမျှ ကျောခင်းကာ အညောင်းဖြေလိုက်ပြီး ဝမ်းထဲက တကျုတ်ကျုတ်မည်နေသောကြောင့် မီးဖိုထဲဝင်ကာ ထမင်းစားဖို့ပြင်ရသည်။ တခွက်ခြင်းလည်း ခူးခပ်မစားဖြစ်တော့တာ ကြာပါပြီ။
မုဆိုးဖိုဒီဇိုင်းပဲပြောပြော… ဇလုံတလုံးကို ဆွဲယူကာ ထမင်းအိုးကို ဖွင့်တော့ ဆန်သစ်ကို မချက်တတ်သေးသည့် (၈) နှစ်သား၏လက်ရာက သူ့လက်ကို ဇွိကနဲမည်မတတ် ထမင်းထဲကျွံဝင်သွားလေသည်။
မနေ့က သူကိုယ်တိုင်ချက်ထားသည့်ဝက်သားအိုးကလည်း ဆောင်းအအေးကြောင့် အဆီတွေခဲလျှက် တောင့်တင်းအေးစက်နေသည်။ ပျော့မနပ်ထမင်းပေါ်တင်ထားသည့် အဆီပြင်ထဲက ကော်ခပ်လာသော ဝက်သားတုံးကို ငေးကြည့်ရင်း သူ့အတွေးတွေ ယောက်ယက်ခတ်နေခဲ့လေသည်။ ဟင်းခွက်ပူပူလေးတွေ….တင်မြ…နောက်…..
(ငါး)
သားတို့ကျောင်းလေးအတွက် ရွာနီးချုုပ်စပ်တွေမှာ အလှူငွေလိုက်ကောက်ရန် စီစဉ်ကြ အဖွဲ့ဖွဲ့ကြနှင့် အလှူခံ တကယ်ထွက်ရမည်ဆိုသောအခါ အင်္ကျီအကောင်းလေးကို ဝတ်ရန်ထုတ်တော့ အရောင်က ဝါကျင့်ကျင့်နှင့် ငပိနံ့လို ဟောင်စပ်စပ်အနံ့ထွက်နေလေသည်။ ဖားဥမစွဲသည့်အင်္ကျီ… တွန့်ကြေမနေသည့်အင်္ကျီဟူ၍ တထည်တလေမျှပင် မရှိတော့။ အော်… သားတို့အမေသာရှိခဲ့ရင်…
(ခြောက်)
တခုခုကို ဆုံးဖြတ်မှဖြစ်တော့မည်… ဟူ၍ သူ ဆုံးဖြတ်လိုက်ပါသည်။ ထို့နောက် အဝတ်များထည့် ထားသည့် ထန်းခေါက်ဖာလေးအနီးမှာ အသာထိုင်ချလိုက်ကာ တင်မြ၏ အဝတ်တို့ကိုထုတ်ယူ လိုက်သည်။ အကောင်းတွေက တပုံ။ ခပ်လတ်လတ်တွေကတပုံ…
“အဖေကြီးရေ…”
ပြောစရာတခုခုပါလာပုံရသောအသံမျိုးဖြင့် သားငယ်ကိုထိုက် အိမ်ပေါ်သို့ တဒိန်းဒိန်းပြေး တက်လာ သည်။ သူက သားကိုလှည့်ကြည့်စဉ်တွင် သားကလည်း သူ့လက်ထဲမှ အဝတ်တို့ကို မြင်သွားသည်။ ပြောလိုသည့်အကြောင်းအရာတို့ကို ချက်ခြင်းမေ့သွားပုံမျက်နှာထားနှင့် သားက မေးခွန်းထုတ်လာသည်။
“အမေကြီးအဝတ်တွေကို ဘာလုပ်မလို့လဲ အဖေကြီး”
ခပ်စူးစူးအသံလေးအောက်မှာ သူအဖြေပေးရန် အတန်ငယ်နှုတ်ဆွံ့နေခဲ့ပြီးမှ…
“မရှိတဲ့သူတွေကို ပေးပစ်လိုက်မယ်လေကွာ။ အရမ်းသစ်တာတွေကျတော့လဲ ရောင်းလိုက်မယ်လကွာ။ မင်းတို့အတွက် အဝတ်အသစ်ထပ်ဝယ်ပေးမှာပေါ့သားရ…”
သားငယ်၏မျက်နှာက ချက်ခြင်း အရွယ်နှင့်မလိုက်အောင် တင်းတင်းမာမာဖြစ်သွားခဲ့သည်။
“အမေကြီး ပြန်လာရင် ဝတ်စရာမရှိဘဲဖြစ်နေတော့မှာပေါ့ အဖေကြီးရ။ မရောင်းပါနဲ့၊ ကျနော် အဝတ်အသစ်လဲမလိုချင်ဘူး”
ငါးနှစ်သားလေးသည် သေခြင်းတရားကို ကောင်းစွာနားမလည်သေး။ သူ့အမေအလောင်းနားမှာ မေမေ ထတော့လေ ဟု သွားခေါ်နေစဉ်က သူကပင် သားအမေ နေမကောင်းဘူး။ သွားမနှိုးနဲ့နော် ဟု ပြောလိုက်ခဲ့မိသည်။ နောက်တော့ “အမေကြီးဘယ်သွားနေလဲ” မေးတိုင်း …. “ပြန်လာမှာပေါ့သားရယ်”လို့သာ သူအမြဲအဖြေပေးနေခဲ့မိသည်။
“မင်းအမေက ပြန်မလာတော့ဘူး သားရယ်” ဆိုချိန်မှာ သားငယ်က လက်မခံတော့။ နဂိုရ်က ပြူးစက်ကျယ်ဝိုင်းသော သား၏မျက်လုံးအစုံသည် မကျေနပ်စိတ်ကြောင့် တဖိတ်ဖိတ်တောက်လာလေသည်။
“အဖေကြီးပဲ အမေကြီးက ငရဲပြည်ခဏသွားပြီး ဝဋ္ဋ်ခံနေရတာဆို။ ပြီးတော့ပြန်လာမှာဆို….”
သူပြောထားသည့်စကားများကို တလုံးမကျန်မှတ်မိနေသည့် ကလေးပေါက်စလေးအားကြည့်ကာ သူဘာဆက်ပြောရမှန်း မသိတော့။ အဖေကို သားက လူလိမ်တယောက်လို… စကားမတည်သူ တယောက်လိုမြင်သွားမှာ အမှတ်မှားမှာကို သူမခံနိုင်ပါ။
“ပြန်ထားလိုက်ပါ အဖေကြီးရ…။ အမေပြန်လာရင် ဝတ်စရာမရှိတော့ဘဲ နေလိမ့်မယ်”
အမိန့်ဆန်သော သားငယ်စကားကို နာခံကာ သားတို့အမေ၏အဝတ်များ နေရာတကျ ပြန်ထည့်ထားလိုက်ရသည်။ သေခြင်းတရားဆိုတာကို တနေ့နေ့မှာ သားက သူ့အလိုလို သဘောပေါက်လာပါလိမ့်မည်။
အဝတ်ဟောင်းလေးလောက်ကိုပင် အထိမခံနိုင်သော သားငယ်၏ စိတ်ဓာတ်ရေးရာအရဆိုလျှင် အမေအသစ်တယောက်ကိုလည်း ဘယ်နည်းနှင့်မှ လက်ခံကြည်ဖြူလိမ့်မည်မဟုတ်တာကို သူ ကြိုတင်ကာ တွက်ဆမိလိုက်သည်။
သို့တိုင်အောင်… ခြောက်သွေ့တိတ်ဆိတ်သော နေ့ပေါင်းများစွာ… နားခိုရာ ရင်ခွင်မဲ့သော ညပေါင်းများစွာတို့ကို ဖြတ်ကျော်ရန် စွမ်းအားတို့ ကုန်ခန်းနေပြီဖြစ်ကြောင်းကိုတော့ သားတို့သိစေချင်တော့သည်။
၁၉၈၉ ခုနှစ်။
ခွာညို
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar