Breaking News

ကိုကျော်(မြစ်ကြီးနား) - ဟိုက်ရှားပါး ... ဂျပန်ရထား

ကိုကျော်(မြစ်ကြီးနား) - ဟိုက်ရှားပါး ... ဂျပန်ရထား 
(မိုးမခ) နို၀င်ဘာ ၁၃၊ ၂၀၂၁

ဂျပန်ရထားမောင်းသူတစ်ယောက်က အချိန် ၁ မိနစ်နောက်ကျမိလို့ သူရဲ့လစာထဲကနေ ၄၃ ယန်း (ဒေါ်လာ ၃၈ ပြား) ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး ရထားကုမ္ပဏီကို တရားစွဲထားပြီး သူရဲ့အမှားမဟုတ်ဘူးလို့ ပြောပါတယ်။

ပြဿနာက မနှစ်တုန်းက ဇွန်လထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ဂျပန် JR West ရထားကုမ္ပဏီမှ ကုမ္ပဏီရဲ့တင်းကြပ်တဲ့ "No work, No pay" စည်းကမ်းအတိုင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 
 
နာမည်ဖော်ပြထားခြင်းမရှိတဲ့ အဆိုပါ ရထားမောင်းသူဟာ ၄၃ ယန်း နဲ့ အချိန်ပိုအတွက် ၁၃ ယန်းအပြင် ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် ယန်းငွေ ၂.၂ သန်းကို တောင်းဆိုထားကြောင်း Yomiuri Shimbun သတင်းအရ သိရပါတယ်။

ဒီသတင်းက ဂျပန်နိုင်ငံရဲ့ရထားပြေးဆွဲမှုစနစ် ဘယ်လောက်တောင် အချိန်တိကျမှုရှိတာကို အားကျစရာကောင်းလောက်အောင် ပြသနေတာလည်း ဖြစ်ပါတယ်။ 

အငြင်းပွားမှုပြဿနာ စတင်ခဲ့တာက အဆိုပါရထားမောင်းသူအတွက် သတ်မှတ်ပေးထားတဲ့အလုပ်အစီစဥ်အရ ခရီးသည်မပါတဲ့ ရထားတွဲအလွတ်တစ်စီးကို Okayama ဘူတာရုံသို့ မောင်းပေးဖို့ဖြစ်ပါတယ်။ ဖြစ်ချင်တော့ သူက မှားတဲ့ပလက်ဖောင်းမှာ သွားစောင့်နေမိတယ်။ နေရာမှားမှန်းသိတာနဲ့ နေရာမှန်ပလက်ဖောင်းဆီကို ပြန်သွားရတော့ ၁ မိနစ် နောက်ကျခဲ့တယ်။ ဒါကြောင့် ရထားက Okayama ဘူတာကိုလည်း ၁ မိနစ် နောက်ကျပြီးရောက်ခဲ့ရတယ်။

အဲဒီမတော်တဆမှားယွင်းမှုကြောင့် အချိန် ၂ မိနစ်အတွင်းမှာ အလုပ်မလုပ်ဘူးလို့သတ်မှတ်ပြီး အမှန်တကယ်တော့ ၈၅ ယန်း ဖြတ်ရမှာဖြစ်ပေမဲ့၊ ရထားမောင်းသူက အလုပ်သမားရုံးမှာတိုင်ကြားခဲ့တာကြောင့် ဒဏ်ကြေးလျော့ပေါ့ပြီး ၁ မိနစ်စာကိုသာဖြတ်ခဲ့တယ်လို့  JR West မှ ပြောပါတယ်။
ဒါပေမဲ့ ရထားမောင်းသူက Okayama တရားရုံးမှာပြောခဲ့တာက နောက်ကျမှုဖြစ်ရတာဟာ မတော်တဆမှားယွင်းမှုကြောင့်ဖြစ်ပြီး အလုပ်ပျက်ကွက်မှုလို့ မယူဆသင့်ကြောင်း၊ နောက်ပြီးတော့ ရထားအချိန်ဇယားကိုလည်း အနှောင့်အယှက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ အများစုကတော့ ရထားမောင်းသူဘက်ကို ထောက်ခံတာကို တွေ့ရပါတယ်။ "ဒါဆိုရင် လူတစ်ယောက်ရဲ့လစာကို ၁ မိနစ်စာဖြတ်လို့ရတယ်။ ဒါပေမဲ့ ၁ မိနစ် အချိန်ပိုလုပ်တာကိုတော့ မတွက်ပေးနိုင်ဘူးလား?" လို့ တစ်ယောက်က မန့်ထားပါတယ်။ နောက်တစ်ဦးကလည်း "အကယ်၍ ကျနော်က ကုမ္ပဏီရဲ့ လုပ်ခလစာတွက်တဲ့လူဖြစ်ခဲ့ရင် လူတွေရဲ့အမှားတစ်ခုစီတိုင်းကို မိနစ်နဲ့တွက်ပြီး လစာထဲနှုတ်ဖို့ ထိုင်တွက်နေရရင် ရူးသွားနိုင်တယ်" လို့ ပြောပါတယ်။ 

ဂျပန်နိုင်ငံရဲ့ ရထားပြေးဆွဲမှုစနစ်ဟာ ငလျင်နဲ့တိုင်ဖွန်းတို့ကြောင့်မှလွှဲပြီး အချိန်နောက်ကျတာဆိုတာ အင်မတန်မှ ရှားပါးပါတယ်။ ရထားချိန် ၅ မိနစ် သို့မဟုတ် ၅ မိနစ်ထက်ကျော် နောက်ကျခဲ့ရင် အလုပ်ခွင်နဲ့ကျောင်းတွေမှာ အထောက်အထားပြနိုင်ဖို့ ရထားကုမ္ပဏီမှ ခရီးသည်တွေနဲ့ ကျောင်းသားတွေကို လက်မှတ်ထုတ်ပေးပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရထားတစ်စီးက သတ်မှတ်ချိန်ထက် စက္ကန့် ၂၀ စောထွက်ခဲ့တာကြောင့် ရထားကုမ္ပဏီမှ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး "အရမ်းကိုအဆင်မပြေမှု" ဖြစ်စေခဲ့တဲ့အတွက် ခရီးသည်များအား တောင်းပန်ချက်တစ်ခု ထုတ်ပြန်ခဲ့ကြောင်း။ 

(The Guardian - Nov 11, 2021 - Japanese train driver sues after wages docked over one-minute delay)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar