Breaking News

အောင်သူငြိမ်း - သက္ကရာဇ် ၂၀၂၂ အတွက် ဆန်းသစ်နည်းပညာများ

အောင်သူငြိမ်း - သက္ကရာဇ် ၂၀၂၂ အတွက် ဆန်းသစ်နည်းပညာများ
(မိုးမခ) နို၀င်ဘာ ၁၃၊ ၂၀၂၁

The Economist မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ The World Ahead 2022 စီမံချက်အကြောင်း တရက်က ကျနော်ရေးခဲ့တယ်။ လာမယ့်နှစ် ၂၀၂၂ မှာ ဖြစ်နိုင်ခြေရှိတဲ့ လားရာတွေကို ခန့်မှန်း ဖော်ပြထားတယ်။ အခုလည်း အဲဒီအဆက်ဆောင်းပါးပါပဲ။ လာမယ့် သက္ကရာဇ် ၂၀၂၂ အတွင်း စောင့်ကြည့်ရမယ့် ဆန်းသစ်စ နည်းပညာ ၂၂ ခု အကြောင်း ဖော်ပြထားတယ်။ 

What next? 22 emerging technologies to watch in 2022. 
နည်းပညာတွေဟာ ညတွင်းချင်း ဆန်းသစ် အသစ်ပေါ်ပေါ်နိုင်တယ်လို့ ဖော်ပြထားတယ်။ အခုလတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ အချိန်တိုအတွင်း အများအပြား ပေါ်ထွက်လာကြတယ်။ ပြောရရင် mRNA ကာကွယ်ဆေးတွေ ပေါ်ထွက်လာတယ်ဆိုတာ ချက်ချင်းကြီးလို့ ယူဆနိုင်ပေမယ့် ဆယ်စုနှစ်ပေါင်းများစွာ သုတေသနပြုခဲ့တဲ့အချက်အလက်တွေအပေါ် အခြေခံပေါ်ပေါက်လာတာပါပဲ။ ၂၀၂၂ ခုနှစ်အတွက် စောင့်ကြည့်ရမယ့် ဆန်းသစ်စနည်းပညာ ၂၂ ခု ရှိတယ်လို့ ဖော်ပြထားတယ်။ 

၁။ Solar Geoengineering (နေစွမ်းအင်ကိုထိန်းမယ့် ပထဝီသဘော အင်ဂျင်နီယာပညာ)
မြန်မာလို ဘာသာပြန်ဖို့တောင် ခပ်ခက်ခက်။ တနည်း ခေါ်ရရင် solar radiation management (နေစွမ်းအင် အလင်းတန်းထုတ်လွှတ်မှု စီမံခန့်ခွဲမှု ပညာ) လို့ ခေါ်ရမလားပဲ။ သဘောကတော့ နေရောင်ခြည်ကို တခုခုနဲ့ကာဖို့ပေါ့။ ၁၉၉၁ ခုနှစ်တုန်းက မောင့် ပင်နာတူဘို (Mt. Pinatubo) မီးတောင် ပေါက်ကွဲတော့ ထွက်လာတဲ့ ချော်မှုန့်ပြာမှုန်တွေကြောင့် နှစ်အတန်ကြာ ကမ္ဘာကြီး 0.5 ဒီဂရီ စင်တီဂရိတ် အေးသွားဖူးတယ်လို့ အဆိုရှိတယ်။ ဒီမီးတောင်က ဖိလစ်ပိုင်နိုင်ငံ လူဇုန်ကျွန်းမှာ ရှိတယ်။ 

အဲဒီတော့ အိုင်ဒီယာက စထရာတိုစဖီးယားအလွှာ (Stratosphere) ထဲ ဘော်လုံးကြီးတွေလွှတ်တင် အချို့ဓာတ်ပစ္စည်းတွေ ထုတ်လွှတ်ဖို့။ အငြင်းပွားဖွယ်ဖြစ်နေပြီး၊ နိုင်ငံရေးသမားတွေ၊ သဘာဝဝန်းကျင် တက်ကြွသူတွေကတော့ ဆန့်ကျင်နေကြတယ်။ ဟားဗတ်တက္ကသိုလ်က ပညာရှင်တစုကတော့ Scopex လို့ခေါ်တဲ့ သုတေသနစမ်းသမ်းမှုတခု လုပ်နေကြတယ်။ စောစောကပြောတဲ့ ဘောလုံးကြီးတွေထဲက (ကယ်လ်စီယံ ကာဘွန်နိတ်) ဓာတ်ပစ္စည်းတွေ ထုတ်လွှတ်ဖို့ပဲ။ ဒီဓာတ်တွေ ဘယ်လိုဓာတ်ပြုမယ်။ အငွေ့ပျံမယ်၊ နေစွမ်းအင်ကို ဘယ်လို ကျဲပြန့်စေမယ် လေ့လာနေကြတယ်။ ဒီသုတေသနအတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာ၊ နိုင်ငံရေးဂယက်တွေလည်း ရှိနေသေးတယ်။ 

၂။ အပူစုပ် ပမ့် (Heat pump)
အဆောက်အဦးတွေကို အနွေးဓာတ်ပေးနိုင်ဖို့ သုံးရတဲ့စွမ်းအင်ဟာ ကမ္ဘာ့စွမ်းအင်အသုံးရဲ့ လေးပုံတပုံ ရှိတယ်လို့ ဆိုကြတယ်။ ဒီအတွက် ကျောက်မီးသွေး၊ ဓာတ်ငွေ့၊ လောင်စာဆီတွေကို အသုံးပြုနေကြရတယ်။ အခု အခြားရွေးချယ်စရာနည်းလမ်းကို စဉ်းစားနေကြတာက Heat pump လို့ခေါ်တဲ့အပူကို စုပ်ယူသုံးစွဲနိုင်မယ့် နည်းပဲ။ ပြောင်းပြန် ပြန်လည်ပတ်သုံးမယ့် ရေခဲသေတ္တာနည်းလို့ ဆိုနိုင်တယ်။ ကယ်လီဖိုးနီးယား အခြေစိုက် Gradient ကုမ္ပဏီက အပူ-အအေးကို ထိန်းနိုင်ဖို့ Heat pump နည်းနာကို စမ်းသပ်နေတဲ့ ကုမ္ပဏီတွေထဲက တခုပဲ။ ၂၀၂၂ မှာ ပစ္စည်းထုတ်ရောင်းလာလိမ့်မယ်လို့ ယူဆထား တယ်။ 

၃။ ဟိုက်ဒရိုဂျင်နဲ့ မောင်းနှင်မယ့် လေယာဉ်များ 
ဘက်ထရီနဲ့ လေယာဉ်ပျံဖို့ ကြိုးစားတာ လေယာဉ်ငယ်တွေပဲ ဖြစ်နိုင်မယ်။ အချိန်တိုလောက်ပဲ ပျံနိုင်မယ်။ ဒါပေမယ့် အခု ဟိုက်ဒရိုဂျင် လောင်စာ ဘက်ထရီ (Hydrogen fuel cells) တွေ ပေါ်လာတယ်။ ရေကိုပဲ စွန့်ထုတ်တယ်။ ၂၀၂၂ ခုနှစ်ထဲမှာတော့ လူစီးလေယာဉ်တွေနဲ့ စမ်းသပ်တာတွေ ဖြစ်လာနိုင်တယ်။ နယ်သာလန်နိုင်ငံက Delft University of Technology က လူနှစ်ယောက်စီး လေယာဉ်ပျံကို တည်ဆောက်ပြီးပြီ။ ကယ်လီဖိုးနီးယား အခြေစိုက် ZeroAvia ကုမ္ပဏီက လူ ၂၀ စီး လေယာဉ်နဲ့ စမ်းသပ်ပျံဖို့ ကြိုးစားနေပြီး နှစ်ကုန်မှာ ခွင့်ပြုချက်လက်မှတ်ရဖို့ ကြိုးစားနေတယ်။ ကယ်လီဖိုးနီးယားက Universal Hydrogen ကုမ္ပဏီကလည်း ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ လူ ၄၀ စီးနင်းနိုင်မည့် လေယာဉ်ပျံကို ပျံဖို့ ကြိုးစားနေ တယ်။ 

၄။ Direct Air Capture- DAC (လေကို တိုက်ရိုက်ဖမ်းယူခြင်း)
ကမ္ဘာကြီး ပူနွေးလာမှုဖြစ်ရတာက ကာဘွန်ဒိုင်အောက်ဆိုဒ် (CO2) ဓာတ်ငွေ့တွေကြောင့်ပါ။ ဒါနဲ့ စက်ကိုသုံးပြီး ကာဘွန် ဒိုင် အောက်ဆိုဒ်ကို ပြန်စုတ်ယူဖို့ စဉ်းစားနေကြတယ်။ ၂၀၂၂ ခုနှစ်ထဲမှာတော့ ကနေဒါနိုင်ငံက Carbon engineering ကုမ္ပဏီက အဲသလို ကာဘွန်ဒိုင် အောက်ဆိုဒ်ကို ပြန်စုတ်ယူမယ့် အကြီးဆုံးစက်ကို တက်ဆပ်ပြည်နယ် (Texas) မှာ တည်ဆောက်ဖို့ စတင်ပါလိမ့်မယ်။ တနှစ်ကို ကာဘွန်ဒိုင် အောက်ဆိုဒ် တန် ၁ သန်းလောက် စုတ်ယူနိုင်မယ်။ ဆွစ်ကုမ္ပဏီ ClimeWorks ကလည်း အိုက်စလန်ကျွန်းမှာ ၂၀၂၁ ခုနှစ်က DAC စက်ရုံတည်ခဲ့တယ်။ တနှစ်ကို CO တန် ၄၀၀၀ စုတ်ယူနိုင်တယ်။ အမေရိကန် နိုင်ငံက Global Thermostat ကုမ္ပဏီကလည်း စက်ရုံ ၂ ခု တည်ဆောက်ဖို့ လုပ်နေတယ်။ ဒီနည်းပညာနဲ့ ကမ္ဘာ ကြီး ပူနွေးလာမှုကို တိုက်ပွဲဝင်နိုင်မယ် ယူဆထားကြတယ်။ 

၅။ ဒေါင်လိုက် စိုက်ပျိုးရေးဥယျာဉ် (Vertical farming) 
စိုက်ပျိုးရေး နည်းပညာသစ်ပါ။ အလုံပိတ် ထိန်းချုပ်ထားတဲ့ဝန်းကျင်မှာ အပင်များကို ဒေါင်လိုက်ဥယျာဉ်တွေနဲ့ စိုက်ပျိုးဖို့ပဲ။ အလင်းကိုလည်း ထိန်းချုပ်ပေးမယ်။ ပြဿနာကတော့ လောင်စာစွမ်းအင် သုံးရတဲ့ပြဿနာပါ။ ဒီလိုဥယျာဉ်တွေကို စားသုံးသူတွေနဲ့နီးနီး တည်ဆောက်နိုင်ခြင်းဖြင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ၊ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ ကျဆင်းစေမယ်။ ရေအသုံးကို လျော့နိုင်မယ်။ ပိုးမွှားတွေရန်က ကာကွယ်ပြီးသားဖြစ်မယ်။ ဗြိတိန်နိုင်ငံမှာ Jones Food Company က ကမ္ဘာ့ အကြီးဆုံး ၁၃,၇၅၀ စတုရန်းမီတာကျယ်တဲ့ ဒေါင်လိုက်ဥယျာဉ်ကို စတင်နေပြီ။ အမေရိကန်နိုင်ငံက AeroFarms ကုမ္ပဏီက ဗာဂျီးနီးယားပြည်နယ်မှာ သူ့အကြီးဆုံး ဒေါက်လိုက်ဥယျာဉ်ကို စနေပြီ။ Nordic Harvest ကလည်း ကိုပေဟေဂင်၊ စတော့ဟုမ်းမှာ စနေပြီ။ ဟင်းရွက်စိမ်းတွေ၊ ဆေးဖက်ဝင် ပရဆေးပင်တွေ စိုက်နိုင်ကြမယ်။ 

၆။ ရွက်ပါတဲ့ ကုန်တင်သင်္ဘောများ 
သင်္ဘောတွေကြောင့် ကမ္ဘာကြီးပူနွေးစေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု ၃ % ရှိနေတယ်။ ဒါကြောင့်လည်း ဒီဇယ်ဆီကွက်တွေ၊ အက်ဆစ်မိုးရွာတာတွေ ဖြစ်ရတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံက မစ်ချဲလင် (Michelin) ကုမ္ပဏီက ခေါက်သိမ်း လေသွင်းလုပ်နိုင်တဲ့ ရွက်တွေနဲ့ စတော့မယ်။ လောင်စာဆီအသုံး ၂၀ % လျော့ချနိုင်မယ် ဆိုတယ်။ ဂျပန် Plansto ၊ အီတလီ Naos ကုမ္ပဏီတွေကလည်း စတင်နေကြပြီ။ ၂၀၂၂ ခုနှစ်ထဲမှတော့ ရွက်ပါတဲ့ သင်္ဘောကြီးတွေ အများအပြား ရှိလာနိုင်တယ်။ 

ဆက်ပြီးတော့ ရေးပါဦးမယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar