သီအိုဇော် - စစ်မဟာမိတ်အုပ်စုများ၏ အင်ဒို-ပစ္စိဖိတ်ဒေသတွင်း အခင်းအကျင်းများ (၂)
(မိုးမခ) နို၀င်ဘာ ၁၂၊ ၂၀၂၁
• နေတိုးမဟာမိတ်စစ်အုပ်စု
တကယ်တော့ ဒီဆောင်းပါးရဲ့ ဆိုလိုရင်း ဒေသတွင်းမဟာမိတ်စစ်အုပ်စုဆိုတဲ့အထဲမှာ ဒေသတွင်းမဟုတ်တဲ့ နေတိုးအုပ်စုမပါဝင်ပါ။ ဒါပေမယ့် အချို့အကြောင်းအရာတွေက ဆက်နွယ်မှုများရှိပြီး ဖြန့်ကျက်စဥ်းစားစရာ၊ သိသင့်ရေးသင့်တာတွေ ရှိတဲ့အတွက် ခေါင်းစဥ်တစ်ခုအနေနဲ့ ထားရှိ ရေးသားရခြင်း ဖြစ်ပါတယ်။ နေတိုးအဖွဲ့ဟာ ဥရောပ (၂၈) နိုင်ငံနဲ့ မြောက်အမေရိက (၂) နိုင်ငံပါဝင်ထားတဲ့ မြောက်အတ္တလန်တိတ်စာချုပ် အဖွဲ့ဖြစ်လို့ အင်ဒို-ပစ္စိဖိတ်ဒေသနဲ့ တိုက်ရိုက်ပတ်သက်မှုတော့ မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ၂၀၂၁ခု နှစ် ဇန်နဝါရီ (၁၈) ရက်နေ့က နေတိုးအဖွဲ့ကြီးရဲ့ ထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg ပဲရစ် (PSIA) မှာကျင်းပခဲ့တဲ့ ‘လူငယ်ထုနဲ့ခေါင်းဆောင်များ’ ညီလာခံမှာ ‘နေတိုး-၂၀၃၀’ ရည်မှန်းချက်နဲ့ ပတ်သက်တဲ့ မိန့်ခွန်းပေးခဲ့စဥ်က ဒါနဲ့ပတ်သက်ပြီးထည့်သွင်းပြောကြားခဲ့တာရှိပါတယ်။ နေတိုးဟာအဖွဲ့လိုက် မဟာမိတ်အုပ်စုအနေနဲ့တောင်တရုတ်ပင် လယ်ကို ဝင်ရောက်မှာမဟုတ်ဘူးလို့ ဆိုခဲ့တာပါ။ အဖွဲ့ဝင်တစ်နိုင်ငံချင်းစီကတော့ သူ့အဆုံးအဖြတ်နဲ့သူပဲဆိုတဲ့သဘောကို ပြောခဲ့ပါတယ်။
ဒါဟာ တရုတ်နိုင်ငံနဲ့ပတ်သက်သမျှကို နေတိုးမဟာမိတ်များက မသိကျိုးကျွံပြုမယ်လို့ ဆိုလိုခြင်းတော့မဟုတ်။ ‘Jens Stoltenberg’ကပဲ ၂၀၂၀ခုနှစ် ဇွန်လ (၈) ရက်နေ့မှာ ‘နေတိုး-၂၀၃၀’ အကြောင်းပြောကြားခဲ့စဥ် တရုတ်စစ်အင်အားကြီးမားလာမှုကြောင့် သက်ရောက်လာနိုင်တဲ့ လုံခြုံရေးနောက်ဆက်တွဲကိစ္စများကို စဥ်းစားဆွေးနွေးကြဖို့ နေတိုးခေါင်းဆောင်များက နေတိုးသမိုင်းမှာ ပထမဆုံးအကြိမ် သဘောတူဆုံးဖြတ်ပြီး ဖြစ်တယ်လို့လည်း အသိပေးဖူးပါတယ်။
ဒေသတွင်းမဟာမိတ်စစ်အုပ်စုလို့ ဆိုလိုက်ရုံနဲ့ တညီတညွတ်တည်း စစ်ရေးအမြင်၊ စစ်ရေးတုန့်ပြန်လှုပ်ရှားမှုများရှိကြမယ်လို့ ရာနှုန်းပြည့်ပြောဖို့ခက်ပါတယ်။ ဒီနိုင်ငံတွေက ဘယ်လိုအသေးစိတ် သဘောတူလက်ခံထား ကြတယ်ဆိုတဲ့ စာချုပ်ပါအချက်အလက်များအပေါ် များစွာမူတည်ပါတယ်။ နေတိုးအဖွဲ့ကြီးကိုတော့ ခြွင်း ချက်ထားရပါမယ်။ မျက်မှောက်ခေတ်မှာ စစ်အင်အားအတောင့်တင်းဆုံး၊ စွမ်းရည်အမြင့်ဆုံးလို့ဆိုနိုင်တဲ့ ဒီနေတိုးမဟာမိတ်စစ်အုပ်စုရဲ့ ၁၉၄၉ ခုနှစ် ဧပြီလ (၄) ရက်နေ့မှာချုပ်ဆိုခဲ့တဲ့ အပိုဒ် (၁၄) ခုပါ စာချုပ်အရ၊ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဥရောပ (သို့) မြောက်အမေရိကတိုက်မှာ အတိုက်ခိုက်ခံရရင်၊ စုပေါင်းပြန်လည်တိုက်ခိုက်ကြမယ်ဆိုတဲ့ အပိုဒ် (၅) လို အပြတ်သားဆုံး စာချုပ်စာသားတစ်ခုကို လက်မှတ်ရေးထိုးထားကြတဲ့အတွက်ပါ။တကယ်လို့ အဖွဲ့ဝင်တစ်နိုင်ငံက တောင်တရုတ်ပင်လယ်နဲ့ အခြားအင်ဒို-ပစ္စိဖိတ်ဒေသအတွင်းမှာ အတိုက်ခိုက်ခံရရင် ဒီအပိုဒ် (၅) ကို ဘယ်လိုဆွဲဆန့် အဓိပ္ပါယ်ဖွင့်လေမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ မကြာသေးခင်ကလည်း ကုန်း၊ ရေ၊ လေ၊ ဆိုင်ဘာတိုက်ခိုက်မှုများ အပြင်ပြောင်းလဲနေတဲ့ ခေတ်ကာလနဲ့အညီ အာကာသတွင်း၊ အာကာသမှ၊အာကာသသို့ တိုက်ခိုက်မှုများကိုပါ အပိုဒ် (၅) မှာ အသစ်ထည့်သွင်း စဥ်းစားမယ်လို့ ပြောခဲ့ပါတယ်။
စင်းလုံးချောလို့မဆိုနိုင်ပေမယ့် အခုမျက်မှောက်ကာလမှာတော့ နေတိုးအဖွဲ့ထက် ခိုင်မာတောင့်တင်းပြီး၊ အင်အားကြီးမားတဲ့၊ အောင်မြင်တဲ့ မဟာမိတ်အဖွဲ့ မရှိလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ အဖွဲ့တွင်းမှာ တူရကီနဲ့ဂရိ ကြား ပဋိပက္ခကလည်း ရှိနေဆဲဖြစ်သလို ဒီရက်ပိုင်းမှာပဲ အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေက သံအမတ်တွေ တူရကီကအနှင်ထုတ်ခံရမယ် လို့ခြိမ်းခြောက်ခဲ့တာမျိုးလည်းရှိပါတယ်။ ဒီအထဲမှာ နေတိုး(၇) နိုင်ငံက သံအမတ်တွေပါ ပါတယ်။တူရကီက ရုရှားဆီက S-400s လေကြောင်းကာကွယ်ရေးစံနစ်ကို ဝယ်ယူ တဲ့ကိစ္စက လည်း အမေရိကန်နဲ့ တူရကီကြား ဆက်ဆံရေးကို ထိခိုက်စေခဲ့ပါတယ်။ ၂၀၂၄ခုနှစ်ထက် နောက်မ ကျစေပဲ အဖွဲ့ဝင်နိုင်ငံတိုင်းက မိမိနိုင်ငံဂျီဒီပီရဲ့ နည်းဆုံး(၂)ရာခိုင်နှုန်းကို ကာကွယ်ရေးဘတ်ဂျက်အဖြစ် အ သုံးပြုဖို့သဘောတူထားကြပေမယ့် (၁၁)နိုင်ငံကသာ ၂၀၂၀ခုနှစ်မှာ ပြည့်မီခဲ့လို့ ပြောဆိုနေကြရတာတွေလည်း ရှိနေဆဲပါ။ ဘာပဲဖြစ်ဖြစ်နေတိုးအဖွဲ့ကြီးဟာ ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲကြောင့် ANZUS ကနေ နယူးဇီလန်နိုင်ငံ ကျန်ရစ်ခဲ့တာမျိုး၊ QUAD ကနေ ဩစတြေးလျထွက်ခဲ့ဖူးတဲ့ အဖြစ်မျိုးတို့လို မဟာမိတ်အဖွဲ့ ကို အင်အားလျော့ပါးစေခဲ့တဲ့ အထိတော့ မဖြစ်ခဲ့တဲ့ မဟာမိတ်စစ်အုပ်စုလို့ ဆိုရပါမယ်။
ဒီနေရာမှာ စိတ်ဝင်စားစရာ နေတိုးအဖွဲ့ရဲ့ ဒေသတွင်း၊ ဒေသပြင်ပ စစ်ရေးဝင်ရောက်စွက်ဖက်မှုများကို တင်ပြလိုပါတယ်။ ဒေသတွင်းမဟုတ်ပေမယ့် နေတိုးမဟာမိတ်များ သွားရောက်တိုက်ခိုက်ခဲ့တဲ့နိုင်ငံများရှိပါတယ်။ အာဖဂန်နစ္စတန်နဲ့ လစ်ဗျားနိုင်ငံပါ။ အာဖဂန်နစ္စတန်ကိစ္စကတော့ ရှင်းပါတယ်။ ဘုရှ်အစိုးရလက်ထက် ၉/၁၁ အမေရိကန်နိုင်ငံအတိုက်ခိုက်ခံရလို့ အထက်ကပြောခဲ့တဲ့ စာချုပ်ပါ အပိုဒ် (၅) အရ နေတိုးအဖွဲ့အနေနဲ့ အာဖဂန် နစ္စတန်မှာအခြေစိုက်တဲ့ အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့ကို စစ်ရေးအရအရေးယူဖို့ (၂၄) နာရီ အတွင်း ဆုံးဖြတ်ခဲ့တာပါ။
လစ်ဗျားအရေးကတော့ နိုင်ငံကို (၄၂) နှစ်နီးပါးကြာ အာဏာရှင်အနေနဲ့ အုပ်ချုပ်ပြီး ဆန္ဒပြပြည်သူများအပေါ် ရက်စက်စွာဖြိုခွင်းခဲ့တဲ့ ကဒါဖီနဲ့ သူ့ရဲ့အစိုးရကို ဖယ်ရှားဖို့အတွက်ပါ။ ၂၀၁၁ခုနှစ်ဆန်းမှာ တူနီးရှားနဲ့ အီဂျစ်နိုင် ငံတို့ဆီက အာရပ်နွေဦးတော်လှန်ရေးအောင်မြင်မှုတွေ လစ်ဗျားနိုင်ငံကို ကူးစက်လာခဲ့ပါတယ်။ တူနီးရှားမှာ (၂၄) နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ သမ္မတ’ဘင်အလီ’ ပြုတ်ကျခဲ့သလို၊ အီဂျစ်က နှစ်ပေါင်း (၃၀) နီးပါး ရာထူး လက်မ လွှတ်တဲ့ သမ္မတ’မူဘာရက်’ လည်းဖယ်ရှားခံခဲ့ရပါတယ်။ အကြမ်းဖက်နှိမ်နင်းတဲ့ ကဒါဖီရဲ့တပ်တွေကို လက် နက်ကိုင်တန်ပြန်တိုက်ခိုက်မှုတွေလည်း နိုင်ငံနဲ့အဝှမ်း ဖြစ်ပေါ်ခဲ့ပါတယ်။ ကဒါဖီကိုဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေစုပေါင်းကာ ‘လစ်ဗျားအမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ (NTC) ကို ဖွဲ့စည်းခဲ့ပြီး ပြင်သစ်နိုင်ငံက အရင်ဆုံးအသိအမှတ်ပြုခဲ့ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ကဒါဖီတို့သားအဖကို အရေးယူပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ကို တင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီ (၂၆) ရက်နေ့မှာ ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ပင်မှု့ ပြုလုပ်ဖို့ ဆုံးဖြတ်ချက်အမှတ် ၁၉၇၀ (၂၀၁၁) ကို ချမှတ်ခဲ့ပါတယ်။
မတ် (၁၂) ရက်နေ့မှာ အာရပ်နိုင်ငံများအဖွဲ့ချုပ်က လစ်ဗျားပြည်သူတွေကို ကာကွယ်ပေးဖို့အတွက် ‘လေယာဥ် မပျံသန်းရဇုန်’ သတ်မှတ်ပေးဖို့ လုံခြုံရေးကောင်စီကို တရားဝင်တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ ကဒါဖီအစိုးရ ဟာ တရားမဝင်တော့ကြောင်း၊ NTCနဲ့ဆွေးနွေးမှုတွေ စတင်မှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက် လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ (၂၀၁၁) နဲ့ ‘လေယာဥ်မပျံသန်းရဇုန်’ ကို မတ် (၁၇) ရက်နေ့မှာ သတ်မှတ်ပေးခဲ့ပါတယ်။
ဒီဖြစ်စဥ်တွေရေးသားပြရခြင်းရဲ့ ရည်ရွယ်ချက်က ဒီလိုအရေးပါတဲ့အဆင့်တွေအားလုံးပြီးသွားတဲ့နောက်မှာ ကုလသမဂ္ဂနဲ့ညှိနှိုင်းပြီး နေတိုးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေး စတင်ခဲ့တယ်ဆိုတာကို သတိပြုစေလို၍ဖြစ်ပါတယ်။ ဒါဟာ အိုဘားမားအစိုးရလက်ထက်မှာ တွေ့ကြုံခဲ့ရတာပါ။ ဒီစစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုပြုလုပ်နိုင်ဖို့ အတွက်နေတိုးအဖွဲ့က သူ့မှာ အခြေခံမူဝါဒ (၃) ခုရှိကြောင်း၊ ယင်းတို့မှာ (၁) တရားဥပဒေကြောင်းအရ လျော်ကန်သင့်မြတ်မှု (၂) ဒေသတွင်းနိုင်ငံများရဲ့ ထောက်ခံ အားပေးမှု (၃) ဝင်ရောက်ပေးဖို့ သိသာထင်ရှားတဲ့ တကယ့်ကိုလိုအပ်မှုတို့ဖြစ်ကြောင်း ရှင်းပြထားခဲ့ပါတယ်။
ဒီနေရာမှာ လစ်ဗျားရဲ့ အာရပ်နွေဦးတော်လှန်ရေးအချိန်ကာလ ကွက်ကွက်လေးကိုပဲ စဥ်းစားလို့ရမှာမဟုတ်ပါ။ ကဒါဖီရဲ့ အကြမ်းဖက်အုပ်စုတွေကိုအားပေးမှုအတွက် အမေရိကန်နိုင်ငံက လစ်ဗျားကို အကြမ်းဖက်မှု ထောက်ပံ့အကူအညီပေးတဲ့နိုင်ငံအဖြစ် စာရင်းသွင်းထားခဲ့ပါတယ်။ သမ္မတရီဂင်လက်ထက် ၁၉၈၆ ခုနှစ် ဧပြီ လမှာ မြို့တော်’ထရီပိုလီ’ က ပစ်မှတ်တွေကို သွားရောက်ဗုံးကြဲပြီး လက်တုန့်ပြန်ခဲ့ဖူးပါတယ်။
နေတိုးအဖွဲ့အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေ စောင့်မနေတော့ပဲ လူသားချင်းညှာတာထောက်ထားတဲ့ ဒေသတွင်းဝင်ရောက်စွက်ဖက်မှုကို ပြုလုပ်ခဲ့ဖူးပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်က ရှေ့ ဆက်တိုးမရ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရုရှားနဲ့တရုတ်ကလည်း ကန့်ကွက်မှာကို သိတဲ့အတွက်ပါ။ ကိုဆိုဗိုစစ်ပွဲလို့ လူသိများခဲ့တဲ့ နေတိုးတပ်ဖွဲ့ရဲ့ ယူဂိုဆလားဗီးယားနိုင်ငံကို ၁၉၉၉ ခုနှစ် မတ် (၂၄) မှာ စတင်ခဲ့ တဲ့ Operation Allied Force လေကြောင်း စစ်ဆင်ရေးဖြစ်ပါတယ်။ သမ္မတမီလိုဆီဗစ်နဲ့ သူ့ရဲ့ဆာ့ဘ်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ကိုဆိုဗိုဒေသက အယ်လ်ဘေးနီးယားလူမျိုးတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနေမှုကို တားဆီးဖို့အတွက်ဖြစ်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲရဲ့ အဓိကစည်းရုံးလှုံ့ဆော်မှုတစ်ရပ်လို့လည်း ပြောရပါမယ်။ ၀ါရှင်တန်မှာ ကလင်တန်အစိုးရသက်တမ်းဖြစ်ပါတယ်။
ဖြစ်ပွားတဲ့နေရာက နေတိုးအဖွဲ့ရဲ့နယ်မြေဒေသလို့တော့ ဆိုနိုင်ပါတယ်။ အောင်မြင်တဲ့ (၇၈) ရက်ကြာ စစ်ဆင်ရေးဖြစ်ပါတယ်။ ဒါပေမယ့် စွမ်းရည်နိမ့်ပါးတယ်လို့သတ်မှတ်ထားတဲ့ ဆားဗီးယားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေက အဲဒီခေတ်ကာလက နံမည်ကျော် တန်ဖိုးကြီး ကိုယ်ပျောက်ဗုံးကြဲလေယာဥ် F-117 ကို ရုရှားလုပ် လေယာဥ်ပစ်ဒုံးကျည်နဲ့ပစ်ချခဲ့ပါသေးတယ်။ အခုတော့ အနားပေးလိုက်ပြီဖြစ်တဲ့ အဲဒီလေယာဥ်ဟာ ထိုစဥ်က ထုတ်လုပ်စားရိတ် ဒေါ်လာ (၄၂) သန်းခန့် ကျသင့်ပြီး နိုင်ငံတကာကို ရောင်းချတဲ့စျေးဆိုရင် ဒီထက်ပိုများတယ် လို့ဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် ခြုံပြောရရင်တော့ ကြာမြင့်တဲ့ လေကြောင်းတိုက်ပွဲတစ်ခုလုံးအတွက် ဆုံးရှုံးမှုတွေနည်းပါးတယ်လို့ ပြောနိုင်ပါတယ်။ အမေရိကန် ဘီ (၂) ကိုယ်ပျောက်ဗုံးကြဲလေယာဥ်တစ်စီးက ဘဲလ်ဂရိတ်မြို့ တရုတ်သံရုံးကို ဗုံးမှားကြဲမိလို့ တရုတ်ဂျာနယ်လစ် (၃) ယောက် သေဆုံးခဲ့တဲ့အတွက် တင်းမာမှုတွေ ဖြစ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၂၄၄ (၁၉၉၉) အရ Kosovo Force (KFOR) နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့ အစီအစဥ်မှာလည်း နေတိုးတပ်ဖွဲ့တွေပါဝင်ခဲ့ပြီး ဒီနေ့ထက်ထိတိုင် ဆက်လက်တာဝန်ထမ်းဆောင်နေကြရဆဲဖြစ်ပါတယ်။
• စစ်ပွဲများ၏နောက်ဆက်တွဲများ
စစ်ပွဲတစ်ခုပြီးတိုင်း စစ်ဘေးဒဏ်သင့်ခံရမှုများနဲ့ပတ်သက်တဲ့ပြဿနာများစွာ ကျန်လေ့ရှိပါတယ်။ အခုပြောချင်တာကတော့ စစ်ပွဲအပြီးမှာ စစ်ပွဲကို စတင်ဖို့ဆုံးဖြတ်ခဲ့ရသူတွေနဲ့ပတ်သက်တဲ့ရှု့ထောင့်က ဖြစ်ပါတယ်။ စစ်ပွဲတစ်ခုနဲ့တစ်ခ ဖြစ်ရတဲ့အကြောင်းတရားတွေဟာ ခြားနားလေ့ရှိကြပါတယ်။ ဒါ့ကြောင့် လူထုရဲ့အမြင်ကို တသမတ်တည်းရှိနေမယ်လို့ မှတ်ယူဖို့မဖြစ်နိုင်ပါ။ ဒါပေမယ့် AUKUS အဖွဲ့ဝင် (၃) နိုင်ငံ ဦးဆောင်တိုက်ခဲ့တဲ့ ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲဟာ မိမိနိုင်ငံက အခြားတိုင်းပြည်တခုကို စစ်ရေးအရဝင်ရောက်စွက်ဖက်ဖို့ လိုအပ်လေတိုင်း သတိကြီးကြီးထားဖို့ သင်ခန်းစာတစ်ရပ်အနေနဲ့ နိုင်ငံရေးသမားများရော၊ မဲဆန္ဒရှင်ပြည်သူများပါ ခံယူထားကြပါတယ်။ အချို့အရေးကိစ္စများမှာတော့ ပြီးခဲ့တဲ့စစ်ပွဲအရှိန်ကြောင့် ချင့်ချိန်မှုတွေများပြီး မူဝါဒအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရလို့ အချိန်မီဝင်ရောက်မစွက်ဖက်နိုင်ပဲ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရတာတွေလည်း ရှိခဲ့ပါတယ်။
ဆဒမ်ဟူစိန်ရဲ့ ဖျက်အားပြင်းလက်နက်တွေနဲ့ပတ်သက်တဲ့ ထောက်လှမ်းရေးအချက်အလက်တွေကိုအကြောင်းပြုပြီး စစ်ထဲဝင်ရောက်ခဲ့တဲ့ မဟာမိတ်ဗြိတိန်နဲ့ ဩစတြေးလျနိုင်ငံဟာ တော်တော်လေးချင့်ချိန်စဥ်း စားခဲ့ကြရတာပါ။ ပါလီမန်ဒီမိုကရေစီစံနစ်ကို ပြည့်ပြည့်ဝဝကျင့်သုံးကြသူများဆိုတော့ သူတို့ပြည်သူတွေရဲ့ အသံကိုနားစွင့်ရသလို အတိုက်အခံပါတီရဲ့ ထောက်ခံမှုကိုရယူဖို့လည်း ကြိုးစားကြရပါတယ်။ နာမည်ကြီး စစ်တမ်း ကောက်ဌာနတွေကလည်း အီရတ်ကိုဝင်တိုက်ဖို့ ထောက်ခံသလား၊ ကန့်ကွက်သလား၊ မဝေခွဲနိုင်ဖြစ်နေဆဲလားစတဲ့ မေးခွန်းတွေနဲ့ ပြည်သူ့ဆန္ဒကို မေးမြန်းကြပါတယ်။
အမေရိကန်နိုင်ငံမှာ ၂၀၀၃ခုနှစ် ဖေဖေါ်ဝါရီလကကောက်ခံတဲ့ Gallup စစ်တမ်းအရ (၆၃) ရာခိုင်နှုန်းက အမေရိကန်တပ်ဖွဲ့တွေစေလွှတ်ဖို့ ဆန္ဒပြုခဲ့ကြပါတယ်။ ဗြိတိန်မှာလည်း ၂၀၀၃ခုနှစ် မတ်လ (၁၈) ရက်နေ့ YouGov စစ်တမ်းဖြေဆိုသူ (၅၀) ရာခိုင်နှုန်းက အမေရိကန်နဲ့ဗြိတိန်နိုင်ငံတို့ အီရတ်ကို စစ်ဆင်မယ့်အရေး ထောက်ခံခဲ့ပါတယ်။ အဲဒီကာလက ဩစတြေးလျဝန်ကြီးချုပ် ဂျွန်ဟောင်းဝပ်က Fairfax စစ်တမ်းရဲ့ ၂၀၀၃ ခုနှစ် ဇန်နဝါရီလဆန္ဒကောက်ခံမှု့မှာ ကုလသမဂ္ဂ ထောက်ခံဆုံးဖြတ်ချက်မပါပဲ အီရတ်ကိုဝင်တိုက်ဖို့ ဖြေဆိုသူ (၆) ရာခိုင်နှုန်းကပဲ ထောက်ခံခဲ့တယ်ဆိုတဲ့အကြောင်း၊ သူမှတ်မှတ်ရရရှိခဲ့တာကို စာအုပ်ထဲထည့်ရေးခဲ့ဖူးပါတယ်။
ဒီနေရာမှာ ကိန်းဂဏန်းရာခိုင်နှုန်းတွေထက် အဓိကထားပြောချင်တာက ဒီလိုဒီမိုကရေစီနိုင်ငံများမှာ စစ်ထဲမဝင်ခင်ကာလများကတည်းက ထောက်ခံမှု၊ ဆန့်ကျင်မှုစစ်တမ်းတွေကောက်ခံလေ့ရှိပါတယ်။ အာဏာရပါတီကလည်း ပါတီတွင်းစစ်တမ်းတွေလည်းလုပ်ပြီး မဲဆန္ဒရှင်တွေ ဘယ်လိုတုန့်ပြန်လေမလဲဆိုတာကို တီးခေါက် ကြပါတယ်။ အဲဒီသတင်းအစအနတွေပေါ်ထွက်မလာပဲ စစ်ရေးအရဝင်စွက်ဖက်တာ လုံးဝမဖြစ်နိုင်ဘူးလို့ ယ တိပြတ်ပြောရမှာခက်ပေမယ့် အင်မတန်တွေ့ရခဲတယ်လို့တော့ ဆိုချင်ပါတယ်။ ဂျွန်ဟောင်းဝပ်က သူနဲ့ ဂျော့ဂျ်ဘုရှ်၊ တိုနီဘလဲတို့ (၃) ယောက်လုံး စစ်ပွဲမစခင်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၆၈၇ (၁၉၉၁)၊ ၁၄၄၁ (၂၀၀၂) တို့အပြင် နောက်ထပ်ဆုံးဖြတ်ချက်အသစ်တစ်ခုချမှတ်တာလိုချင်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါတွေကိုကြည့်ရရင် နိုင်ငံတစ်နိုင်ငံကို စစ်ရေးအရဝင်စွက်ဖက်ဖို့ ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံက စဥ်းစားခဲ့ကြရတယ်ဆိုတာ ပေါ်လွင်စေပါတယ်။
၂၀၁၃ ခုနှစ်က အီရတ်စစ်ပွဲ (၁၀) နှစ်ပြည့်အနေနဲ့ King’s College London (KCL) နဲ့ Ipsos Mori ပူးတွဲကောက်ယူတဲ့စစ်တမ်းမှာ ဖြေဆိုသူ (၇၀) ရာခိုင်နှုန်းက ဗြိတိန်နိုင်ငံပါဝင်ပတ်သက်ခဲ့မှုဟာ မှားယွင်းတယ်လို့ ဆိုခဲ့ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုကျဆင်းစေခဲ့တယ်လို့ (၅၂) ရာခိုင်နှုန်းက ထင်မြင်ပါတယ်။ ပင်လယ်ရပ်ခြားမှာ စစ်ပွဲဆင်နွှဲမှုနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံရဲ့ အကျိုးစီးပွားထိခိုက်ရင် တိုက်သင့်တယ်လို့ ဆန္ဒရှိသူက (၄၄) ရာခိုင်နှုန်း၊ ထိုနိုင်ငံတွေမှာ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် ထိပါးခြိမ်းခြောက်ခံရရင် သွားတိုက်သင့်တယ်လို့ ဆန္ဒရှိသူက (၃၁) ရာခိုင်နှုန်း၊ ကိုယ့်အချုပ်အခြာပိုင်နက်ကိုကာကွယ်ဖို့သာ တိုက်သင့်တယ်လို့ ဆိုသူက (၂၁) ရာခိုင်နှုန်းရှိတယ်ဆိုတဲ့ စိတ်ဝင်စားစရာရလဒ်တွေကို တွေ့မြင်ရပါတယ်။ ဖျက်အားပြင်းလက်နက် (WMD) တွေ မတွေ့ခဲ့ရသလို၊ နောက်ပိုင်းမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုဖီအာနန်ပြောကြားခဲ့တဲ့ ‘အီရတ်စစ်ပွဲဟာ ကုလသမဂ္ဂပဋိညာဥ်နဲ့ မကိုက်ညီသလို၊ ပဋိညာဥ်စာတမ်းအရ ဥပဒေနဲ့မညီဘူးလို့ ပြောရမယ်’ ဆိုသည်များက လူအများရဲ့ဆန္ဒကို ပြောင်းလဲစေခဲ့မယ် ထင်ပါတယ်။
တဖက်ကကြည့်မယ်ဆိုရင်တော့ အီရတ်စစ်ပွဲကြောင့် ဆဒမ်ဟူစိန်လို အာဏာရှင်ပြုတ်ကျခဲ့ရတာပါ။ သူဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို အကြိမ်ကြိမ် ဥပေက္ခာပြု၊ အိမ်နီးချင်းနိုင်ငံများနဲ့လည်းစစ်ဖြစ်၊ လူမျိုးတုန်းသတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖေါက်မှုများ၊ဥပဒေမဲ့ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှု့များစွာ လုပ်ခဲ့သူလည်းဖြစ်ပါတယ်။ ’Halabja’လူသတ်ပွဲလို့ နံမည်ဆိုးနဲ့ လူသိများခဲ့ရတဲ့အဖြစ်အပျက်မှာတော့ လေယာဥ်တွေပေါ်ကနေ Mustard gas, Sarin nerve agent စတဲ့ ဓါတုအဆိပ်ဓါတ်ငွေ့တွေကို ကြဲချခဲ့တာပါ။
နိုင်ငံတကာစစ်ပွဲစာမျက်နှာမှာ အမေရိကန်နဲ့နေတိုးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေဟာ အရှိန်ဩဇာကြီးမားကြပါတယ်။ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကလည်း အပြည့်ရှိကြပါတယ်။ ဒါပေမယ့် ဘိုင်ဒန်အစိုးရရဲ့ အာဖဂန်နစ္စတန်က တပ်ဖွဲ့တွေဆုတ်ခွာမှုနဲ့ပတ်သက်ပြီး မကျေလည်မှုများရှိခဲ့ပါတယ်။ဗြိတိန်ကာကွယ်ရေး တပ်ဖွဲ့များရဲ့ဦးစီးချုပ် ‘ဗိုလ်ချုပ်ကြီး နစ်ကာတာ’ က မျှော်လင့်ထားတဲ့ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ သမ္မတ ဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်ကို ကြားသိရပြီး မကြာမီမှာ ဘီဘီစီကို ပြောခဲ့ပါတယ်။ဂျာမနီအဓိပတိ အင်န်ဂျလာမာကယ်ရဲ့ပါတီက ပါတီခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်တော့မယ်ဆိုတဲ့ ‘အာမင်လားရှက်’ ကတော့ နေတိုးစဖွဲ့ကတည်းက မကြုံခဲ့ဘူးတဲ့ရှုံနိမ့်မှုမျိုးလို့တောင် ဒီကသောင်းက နင်းဆုတ်ခွာခဲ့ရမှုကို ပြောခဲ့ပါတယ်။ နေတိုးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ခဲ့သူ ‘လောဒ့်ဂျော့ချ်ရော ဘတ်ဆန်’ကလည်း အခုလိုဖြစ်သွားတာ နေတိုးအဖွဲ့ကို အားနည်းသွားစေတယ်၊ ထရမ့်နဲ့ ဘိုင်ဒန်တို့ နှစ်ယောက်လုံးက “အတူဝင်မယ်၊ အတူထွက်မယ်” ဆိုတဲ့ နေတိုးမူဝါဒကို ပစ်ပယ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ နေတိုးအဖွဲ့နဲ့ လုံလောက်တဲ့ ဆွေးနွေးမှု့တွေမလုပ်ခဲ့ပဲ တစ်နိုင်ငံတည်း အလိုကျဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ အမြင်များလည်း အဖွဲ့ဝင်တွေထဲမှာ အများအပြားရှိကြပါတယ်။
ယူကေပါလီမန်မှာလည်း အတိုက်အခံလေဘာပါတီဘက်ကသာမက အာဏာရကွန်ဆာဗေးတစ်ပါတီအပါ အဝင်၊ ပါတီပေါင်းစုံက အာဖဂန်နစ္စတန်ကနေ အစီအစဥ်တကျ မဆုတ်ခွာနိုင်ခဲ့တဲ့အဖြစ်နဲ့ပတ်သက်ပြီး အပြင်းအထန်ဝေဖန်ကြပါတယ်။ အမေရိကန်ကို ပုံတူကူးနေသလိုဖြစ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ပြန်ဆန်းစစ်ဖို့လည်း ပြောကြပါတယ်။ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ဟောင်း ‘အီယန်ဒန်ကန်စမစ်’ ကဆိုရင် အမေရိ ကန်အတွက်သက်သက်၊ နေတိုးအဖွဲ့အတွက် သက်သက်သာ ရှက်စရာမဟုတ်၊ အခုဒီပါလီမန်မှာထိုင်နေကြသူတွေအပါအဝင် အားလုံးအတွက် အရှက်ရစရာဆိုတဲ့အထိ ပြောခဲ့ပါတယ်။
သမ္မတနစ်ဆင်နဲ့ သမ္မတဖို့ဒ်လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးအကြံပေး အဖြစ်ထမ်း ဆောင်ခဲ့သူ ဟင်နရီကစ်ဆင်ဂျာကလည်း နှစ်ပေါင်း (၂၀) ကြာ အတူတိုက်ပွဲဝင်ပေးဆပ်ခဲ့ကြတဲ့ မဟာမိတ် တွေကို ဒီဆုတ်ခွာမှုနဲ့ပတ်သက်လို့ ဘာ့ကြောင့် လုံလုံလောက်လောက် ကျေကျေလည်လည် တိုင်ပင်ဆွေးနွေး သတိပေးခြင်းတွေ မလုပ်ခဲ့ရတာလဲဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ အစလွယ်သလောက် အဆုံးသတ်ခက်လှ ပြီး အကုန်အကျလည်းကြီးမားလွန်းတဲ့ စစ်ပွဲသင်ခန်းစာများက နိုင်ငံသားများအတွက်လည်း မေ့မေ့လျော့လျော့ မဖြစ်နိုင်မှာသေချာပါတယ်။
ဒီရက်ပိုင်းမှာပဲ သမ္မတဘိုင်ဒန်က ပြင်သစ်သမ္မတ မက်ခရွန်ကို အမေရိကန်-ဩစတြေးလျ ရေငုပ်သင်္ဘောသဘောတူညီချက်ဟာ ကမောက်ကမနဲ့ အဆင်ချောအောင် မဆောင်ရွက်နိုင်ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ နောက်ကျောဓါးနဲ့ထိုးခံရတယ်ဆိုပြီးပြောခဲ့တဲ့အပြင် အမေရိကန်နဲ့ ဩစတြေးလျက သူ့ရဲ့သံအမတ်တွေပြန်ခေါ်တဲ့အထိ နေတိုးမဟာမိတ် ပြင်သစ်က အမျက်ထွက်ခဲ့တာပါ။ အခုထက်တိုင်လည်း ဩစတြေးလျနဲ့ ပြင်သစ် ခေါင်းဆောင်အကြား လူလိမ်ဆိုတဲ့အသုံးအနှုန်းသုံးကြတဲ့အထိ၊ နှစ်ယောက်ကြား ဖုန်းမက်ဆေ့ချ့်တွေ မီဒီယာတွေမှာ ထွက်ပေါ်လာတဲ့အထိ ဖြစ်ပျက်နေတာတွေဟာ မဟာမိတ်နိုင်ငံများအကြား ယုံကြည်မှုကို ထိခိုက်စေတာကတော့ ထင်ရှားပါတယ်။
အမေရိကန်နိုင်ငံဟာ စစ်ပွဲတွေကို တစ်နိုင်ငံတည်း ထီးထီးဝင်ရောက်ခဲပါတယ်။ သက်တမ်းမကြာသေးတဲ့ ဘိုင်ဒန်အစိုးရလက်ထက်မှာ ဖြစ်ခဲ့ရတဲ့ ဒီအဖုအထစ်တွေက စစ်ပွဲအတူဝင်ကြဖို့ ကြုံလာရင် မဟာမိတ်တွေအနေနဲ့ အရင်ကထက် စဥ်းစားစရာတွေ ပိုဖြစ်လာစေမှာပါ။ နောက်ခံသမိုင်း ကြောင်းနဲ့ ရေခံမြေခံ အယူဝါဒ တူညီနီးစပ်မှုများကြောင့် ခိုင်မြဲတဲ့ မဟာမိတ်အဆင့်ကတော့ ပျက်ပြယ်သွားဖို့ လမ်းကတော့ နည်းပါလိမ့်မယ်။ အခြေအနေ အချိန်အခါကတောင်းဆိုခဲ့ရင် ဒီမိုကရေစီနဲ့လူ့အခွင့် အရေး၊ လူသားချင်း စာနာထောက်ထားမှုတို့ အတွက် အမေရိကန်နိုင်ငံနဲ့နေတိုးအဖွဲ့လို ရှေ့တန်းကထွက်လာမယ့်သူတွေက ရှားပါးတယ်ဆိုတော့ အက်ကြောင်းတွေ နည်းနိုင်သမျှနည်းပါးဖို့ လိုအပ်ပါလိမ့်မယ်။ ယုံကြည်မှု ပြန်လည်တည်ဆောက်ကြဖို့ အချိန်တော့ ယူကြရအုံးမှာပါ။ အဲဒီကာလမတိုင်မီမှာတော့ မဟာမိတ်များနဲ့အတူတကွ စစ်ရေးအရဖိအားပေးဖို့ အဆင်မ သင့်နိုင်တာကြောင့်၊ ဘိုင်ဒန်အစိုးရအတွက် စားပွဲဝိုင်းပေါ်ကပဲ နိုင်ငံတကာအရေးကိစ္စတွေ အဖြေရှာစေဖို့ နိုင်ငံရေးဖိအားများကိုသာ အားစိုက်ပြီးသုံးလာနိုင်ဖွယ်ရှိပါတယ်။
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar