Breaking News

သပြေညို - စစ်၏ သမီးပျို

သပြေညို - စစ်၏ သမီးပျို
(မိုးမခ) နို၀င်ဘာ ၁၂၊ ၂၀၂၁

(Oxford Series တစ်အုပ်ဖြစ်တဲ့ Stories around the world စာအုပ်ထဲမှ စာတစ်ပုဒ်အား ဘာသာပြန်ထားခြင်းဖြစ်ပါသည်။)

ဘယ်နေရာ၊ ဘယ်အချိန်မှာပဲ​ဖြစ်ဖြစ်​ စစ်ဆိုတာ သိပ်ကြောက်စရာကောင်းပါတယ်။ လူတွေက သတ်ဖြတ်ခြင်းတွေကိုမကြိုက်ဘူးဆိုကြ‌ပေမယ့် စစ်ပွဲတွေကတော့ အခုထိဖြစ်နေကြတုန်းပါပဲ။

ဒီဇာတ်လမ်းကို ကိုယ်တိုင်ကိုယ်ကျပြောပြတဲ့ Dora နဲ့ Acayo တို့ သူငယ်ချင်းနှစ်ယောက်ဟာ ယူဂန်ဒါနိုင်ငံရဲ့‌‌တစ်နေရာမှာ တိုက်ပွဲဝင်နေကြရတယ်။ သူတို့အရွယ်နဲ့မမျှတဲ့ AK-47 သေနတ်ကြီးတွေကိုသယ်ရင်းနဲ့ပေါ့လေ။ သေတာ၊ သတ်တာ၊ ထိခိုက်နာကျင်ရတာ၊ ကြောက်လန့်စရာတွေဟာ ၁၂ နှစ်သားအရွယ် သူတို့နဲ့ရင်းနှီးနေကြပါပြီ။
+++
     
ကောင်လေးရဲ့ ငိုသံတွေဟာ တဖြေးဖြေးနဲ့တိုးပြီ အားပျော့လာပါတော့တယ်။ ငိုသံတွေအစား စိတ်မချမ်းမြေ့စရာအသံတွေ၊ တိုးလျှိုးတောင်းပန်သံတွေကိုပဲ ကျွန်မကြားနေရပါတယ်။ 
'မလုပ်ကြပါနဲ့ခင်ဗျာ.. ကြောက်ပါတယ်ဗျ.. ကယ်ကြပါဦး.. အားးး ... ကျနော့်ကိုကယ်ကြပါဦးဗျာ'

ခဏအကြာမှာ ခပ်ကျယ်ကျယ်အသံတစ်သံထွက်လာတယ်။ အသက် ၁၄ နှစ်ရှိပြီဖြစ်တဲ့ ကျမတို့တပ်မှူးရဲ့အသံပါ။ သူ့နာမည်အရင်းကို‌တော့ မသိကြရဘူး။ ဒါပေမယ့် ကျမတို့က သူ့ကို ကျားဆိုးဆိုပြီး သူမသိ‌အောင်ခေါ်ကြပါတယ်။

'အဲ့ကောင်ကို နာနာသာရိုက်ကြစမ်း' ကျားဆိုးက ကျွန်မတို့ကို အော်ပြောပါတယ်။

'သူ့ကို မလွတ်စေနဲ့ဟေ့။ မင်းတို့ ကျာပွတ်တွေ ဘာလုပ်ဖို့ထားတာလဲ။ ကျာပွတ်တွေနဲ့ ရိုက်ပစ်လိုက်။ ဒီကောင်ကို မှတ်လောက်သားလောက်အောင်ဆုံးမပစ်လိုက်ကြစမ်းဟေ့"

ကျွန်မတို့ရဲ့ ကျာပွတ်နဲ့ရိုက်တဲ့အသံတွေဟာ ကောင်လေးရဲ့ငိုသံကို ဖုံးလွှမ်းသွားပါတော့တယ်။

'မှတ်ထား..ငါတို့ရဲ့စစ်က ကောင်းမြတ်တယ်၊ တရားတယ်' တပ်မှူးကျားဆိုးက ကျွန်မတို့ကို‌ဆက်ပြီးပြောပါတယ်။
"မကောင်းတဲ့သူမှန်သမျှ ငါတို့ကရှင်းထုတ်ပစ်ရမှာပဲဟေ့.. ငါတို့က စစ်သားတွေကွ။ ဒီတပ်ကနေ ဘယ်ကောင်မှထွက်မပြေးရဘူး။ အရိုးကြေကြေအရေခမ်းခမ်းသေတဲ့အထိ ငါတို့တိုက်ရမှာကွ... မင်းတို့ မသေမချင်းမှတ်ထားကြစမ်း"

အခြားတပ်မှူးတွေကတော့ သစ်ပင်အောက်မှာထိုင်ရင် းစီးကရက်ဖွာနေကြတယ်။ သူတို့က ကျွန်မတို့ကိုကြည့်ပီး "လုပ်ကြစမ်းဟေ့။..ဒီကောင်ကို ဆက်ပြီးဆုံးမဖို့က နင်တို့အားလုံးရဲ့တာဝန်ပဲ.."

ကောင်လေးခမျာ ဆက်မလှုပ်နိုင်ရှာတော့ပါဘူး။ ကျွန်မတို့ကလည်း ကျားဆိုးရဲ့အမိန့်အတိုင်းကောင်လေးကို ဆက်ပြီး ရိုက်မြဲ ရိုက်ဆဲ။ အညှ ာအတာကင်းမဲ့တဲ့ ကြာပွတ်သံတွေဟာ‌ ကောင်လေးရဲ့ခန္ဓာကိုယ်နေရာအနှံ့ပေါ်မှာ။
.
'ရွှမ်း... ရွှမ်း.... ရွှမ်း"
+++

ကျွန်မစိတ်မကောင်းဖြစ်မိတယ်။ လည်ချောင်းထဲမှာ တခုခုမြိုမကျသလို။ ကျောက်ခဲတစ်လုံး တစ်ဆို့နေသလိုမျိုးကြီးပဲ။ အသက်ရှုရတာလည်းအဆင်မပြေလှဘူး။ ကျွန်မသူငယ်ချင်း Doraလည်း တပ်ကထွက်ပြေးတဲ့အထဲမှာပါတယ်။ သူ့ကိုလည်း မကြာခင်မှာ အပြစ်ပေးကြတော့မယ်တဲ့လေ။ ပိုဆိုးတာက တပ်မှူးဆိုသူတွေက ကျွန်မသူငယ်ချင်းကိုသတ်ပစ်ဖို့ ကျွန်မကိုခိုင်းကြတော့မယ်တဲ့။

Dora ဆိုတာ ကျွန်မနဲ့သူငယ်ချင်းအရင်းကြီးတွေပါ။ ကျမတို့နှစ်ယောက်လုံး အသက် ၁၂ နှစ်စီရှိကြပါပြီ။ Doraရဲ့အိပ်မက်ကတော့ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ပါတဲ့။ သူက လူတွေရဲ့အသက်တွေကိုကယ်ချင်တဲ့၊ သတ်တာဖြတ်တာတွေကိုမကြိုက်တဲ့ မိန်းကလေးတစ်ယောက်ပေါ့။

တချို့ညတွေမှာဆို ကျမတစ်ယောက်တည်း ကယောင်ကတမ်းနဲ့အော်ပြီး လန့်နိုးလာတတ်တယ်။ အဲဒီညတွေမှာဆိုရင် ကျွန်မဟာ ကျွန်မသတ်ခဲ့ရတဲ့လူတွေရဲ့မျက်နှာတွေကိုပြန်မြင်မိတယ်။ သိပ်မကြာခင်မှာလည်း ကျွန်မခင်ရတဲ့၊ ကျွန်မသူငယ်ချင်း Dora ကို သတ်ရပြန်ဦးမယ်...။

ပခုံးထက်မှာလွယ်ထားရတဲ့ AK-47 သေနတ်ဟာ ကျွန်မအတွက်တော့ တော်တ်ောလေးပါတယ်။ အခု..ကျွန်မသူငယ်ချင်း Dora ကို ကျွန်မကိုယ်တိုင်သတ်ဖို့ စောင့်နေရပါပြီ။ ကျွန်မရဲ့လည်ချောင်းထဲက ခိုးလိုးခုလုဝေဒနာဟာ ပိုပြီးဆိုးလာပါပြီ။

'Acayo'

ကျားဆိုးကြီးက ကျွန်မဘက်ကို လှမ်းခေါ်လိုက်ပါတယ်။ ကျွန်မသူ့ဘက်ကိုလှည့်လိုက်ပါတယ်။ သူ့ကိုကြည့်တဲ့အခါ ကျွန်မမျက်လုံးထဲက ကြောက်စိတ်တွေကို သူမမြင်ရအောင်ဖျောက်ထားလိုက်ရပါတယ်။ ကျွန်မတို့အတွက် ကြောက်တယ်ဆိုတာ ရာဇဝတ်မှုတခုဖြစ်လို့ပါပဲ။ ကျွန်မပါးစပ်ကိုတင်းတင်းစေ့ထားလိုက်တယ်။ ကျွန်မ မငိုမိအောင် အားတင်းတဲ့သဘောပေါ့။

'ရှိပါတယ် တပ်မှူး '

တည်တည်ငြိမ်ငြိမ်အသံမျိုးဖြစ်အောင် ကြိုးစားပြီး ကျွန်မပြန်ဖြေလိုက်ပါတယ်။ ကျွန်မအသံဟာ ဒေါသသံပေါက်လို့မရဘူး၊ စိတ်ပျက်အားငယ်‌နေတဲ့အသံ၊ ကြောက်နေတဲ့အသံလည်းမဖြစ်ရပါဘူး။ အသံဟာ တည်တည်ငြိမ်ငြိမ်ဖြစ်နေရလိမ့်မယ်။ ဒါမှသာ ကျွန်မ ကြောက်နေတာကို တပ်မှူးကမရိပ်မိမှာကိုး။

တပ်တို့ရဲ့ထုံးစံအတိုင်း သူ့ကိုအလေးပြုလိုက်ပါတယ်။ ကျွန်မလွယ်ထားတဲ့ပခုံးပေါ် ကသေနတ်ကို ဖြုတ်လိုက်တယ်။ ပြီးတော့ သေနတ်ကိုအပေါ် ထောင်ပီးကိုင်ထားလိုက်တယ်။ မဟူရာကောင်းကင်ကြီးမှာ လပြည့်ဝန်းကြီးဟာ သာလို့။ ကျွန်မတို့တတွေကို ငုံ့ကြည့်နေသလား အောက်မေ့ရတယ်။ ကျွန်မတို့အပြင် အခြားလူသေအလောင်းတွေကိုရောပေါ့လေ။

တပ်မှူးကျားဆိုးကြီးရဲ့သွားတွေဟာ လရောင်အောက်မှာ ဖြူဝင်းလို့နေပါတယ်။ သူ့အပြုံးဟာ သူကျေနပ်နေတယ်ဆိုတာကိုပြနေတာပါပဲ။

'နင်..အဆင်သင့်ဖြစ်ပီလား Acayo'။

စကားပြောမထွက်တဲ့အတွက် ခေါင်းငြိမ့်ပြီးပဲဖြေလိုက်ရပါတယ်။ ခန‌နေတော့ Dora ကို ကျွန်မရှေ့ခေါ် လာကြပါတယ်။ Dora က ကျွန်မရှေ့မှာတင် မြေကြီး‌ပေါ်ခွေကျသွားတယ်။ သူမဟာ ကြောက်နေတဲ့အတွက် ကတုန်ကယင်လည်းဖြစ်နေပါတယ်။ သူမခန္ဓာကိုယ်ဟာ လေထဲမှာယိမ်းနေတဲ့ ပန်းတစ်ပွင့်လို တကယ့်သေးသေးပိန်ပိန်လေးပါပဲ။ ကျွန်မနဲ့သူမျက်လုံးချင်းဆုံမိကြတယ်။ သူတို့ရှေ့မှာ စကားပြောခွင့်မရတဲ့အတွက် ကျွန်မတို့မျက်လုံးချင်းပဲ စကားပြောလိုက်ရတာပါ။

'ငါ ဒီအလုပ်ကိုမလုပ်ချင်ဘူး  Dora'။ ကျွန်မ သူ့ကို မျက်လုံးနဲ့စကားပြောလိုက်မိတယ်။

မကြာပါဘူး။ ကျားဆိုးနဲ့အခြားတပ်မှူးတွေက ကျွန်မကိုလုပ်စရာရှိတာလုပ်ဖို့ပြောနေကြပါပြီ။ သူတို့ကစောင့်ကြည့်နေကြပါတယ်။ ဒါနဲ့ ကျွန်မလည်း Dora လက်မောင်းကိုဆွဲကာ တောထဲတစ်နေရာကို ခေါ် သွားရပါတော့တယ်။

"မိုက်လိုက်တာ Dora ရယ်။ နင်ဘာလို့ငါမပါဘဲထွက်ပြေးရတာလဲ။ ဘာလို့လဲ..ဟင်.. ဘာလို့လဲ Doraရဲ့"..ဆိုပြီး သူ့ကိုမေးစမ်းချင်မိပါတယ်။ ကျွန်မ တို့ဆိုတာ တစ်ယောက်ရဲ့လျှို့ဝှက်ကို တစ်ယောက်က အမြဲတမ်းသိနေကြတဲ့သူတွေပဲမဟုတ်လား။
****

Dora ရဲ့လက်မောင်းကိုဆွဲပြီး ကျွန်မတို့ သစ်တောအုပ်ဘက်ရောက်လာခဲ့တယ်။ ကျွန်မရဲ့တာဝန်က လူသူကင်းရှင်းတဲ့တစ်‌နေရာမှာ Dora ကိုသတ်ရမှာပါ။ တပ်မှူးတွေက ကျွန်မကိုခပ်လှမ်းလှမ်းက ကြည့်နေကြပါတယ်။ သူတို့ရဲ့အကြည့်တွေကြောင့် ကျွန်မနောက်ကျောမလုံသလို ခံစားရတယ်။သူတို့ မထင်ရင်မထင်သလို ကျွန်မတို့နောက်ကိုလိုက်ချင်လိုက်လာနိုင်ပါတယ်။ ပြောရင်းဆိုရင်း ကျွန်မ ခြေတွေ လက်တွေ တုန်လာတယ်။ လည်ချောင်းထဲက ခိုးလိုးခုလုဖြစ်နေတဲ့အရာကလည်း ကြီးသထက်ကြီးလာတယ်ထင်ရတယ်။ ကျွန်မရဲ့လက်တွေဟာ ချွေးတွေနဲ့ စွတ်စိုနေတယ်။Dora ရဲ့လက်မောင်းမှာလည်း ကျမရဲ့လက်ချောင်းရာတွေဟာ ထင်းလို့။

ကျွန်မလက်ကို ကျွန်မပြန်ရုပ်လိုက်ပါတယ်။ ကျွန်မ မလုပ်နိုင်ဘူး..။ ဟုတ်တယ်။ ကျွန်မ Dora ကိုမသတ်နိုင်ဘူး.။ ကျွန်မတို့ဒီမှာနေလာတာ သုံးနှစ်တောင်ရှိပီ။ ကျမ သူ့ကို ဘယ်လိုလုပ်သတ်ရက်ပါ့မလဲ။

'စိတ်မကောင်းမဖြစ်ပါနဲ့ Acayo...' Dora က ကျွန်မကိုတိုးတိုးပြောတယ်။
'နင်လုပ်ရမယ့်အလုပ်ကိုသာလုပ်ပါ။ ဒီမှာက လူတိုင်းဟာ အမိန့်အတိုင်းလုပ်ရတာပဲလေဟာ..'

တစ်ယောက်ယောက်ကြားသွားမှာမို့ ကျွန်မတို့ စကားဆက်ပြောလို့မဖြစ်တော့ပါဘူး။ ကြောက်ကြောက်လန့်လန့်နဲ့ ကျွန်မနောက်ကိုလှည့်ကြည့်လိုက်မိတယ်။ ခုထိ သူတို့လိုက်လာတာမတွေ့ရ‌သေးပါဘူး။ သစ်တောထဲမှာ သူနဲ့ကျွန်မတို့နှစ်ယောက်တည်းပါပဲ။ ကျွန်မ သူ့ကို သစ်​တောနက်နက်ထဲကို တဖြေးဖြေးနဲ့ခေါ် လာခဲ့ပါတယ်။ တစ်နေရာရောက်တော့ ကျွန်မတို့ရပ်လိုက်ကြတယ်။ ကျွန်မတစ်ကိုယ်လုံးအေးစက်နေပြီ။ ကျမ ကြောက်နေပါပြီ။

'ငါ နင့်ကိုမသတ်ချင်ဘူး..' ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကျွန်မငိုချမိလိုက်တယ်။

Dora က ခပ်တိုးတိုးလေးနဲ့ 'နင်လုပ်ရမယ်..ဒီလိုမှမလုပ်ရင် သူတို့က ငါတို့နှစ်ယောက်လုံးကိုသတ်ပစ်ကြမှာ။ နင်လုပ်စရာရှိတာသာလုပ်ပါ Acayo'
'Dora.. နင်က ငါ့ရဲ့သူငယ်ချင်းပါ။ ငါ နင့်ကိုဘယ်လိုလုပ်သတ်ရက်ပါ့မလဲ။ ငါနင့်ကိုမသတ်နိုင်ဘူး။ ဒီလိုလုပ်ပါ့လား။ ငါတို့အတူတူထွက်ပြေးကြမယ်လေ။ ပြီးရင်..ပြည်သူ့စစ်သားတွေကိုလိုက်ရှာကြမယ်။ သူတို့ကို အကူအညီတောင်းကြမယ်လေဟာ'

စိတ်လှုပ်ရှားစွာနဲ့ကျွန်မပြောလိုက်မိတယ်။စိတ််ထဲရှိတာ‌တွေပြောချလိုက်ရတော့ လည်ချောင်းရှင်းသွားတယ်။ဘာပဲ​ဖြစ်ဖြစ် ကျမတို့လုပ်နိုင်မယ်လို့ကျွန်မထင်တယ်။

'Acayo..မဖြစ်နိုင်တာတွေမပြောစမ်းပါနဲ့ဟာ။ နင်လည်းသိသားပဲ။ ငါတို့......ငါတို့'
Dora စကားအဆုံးမသတ်ခင်မှာ ကျမတို့နောက်ကျောကနေ သေနတ်သံတွေထွက်လာပါတော့တယ်။

'ဘာတွေ​ဖြစ်ကုန်ကြပြီလဲ" Dora က တိုးတိုးလေးမေးပါတယ်။ 

ကျမချက်ချင်းဆိုသလို သဘောပေါက်လိုက်ပါတယ်။ ဒီအသံတွေက ပြည်သူ့စစ်တပ်ရဲ့သေနတ်တွေပဲ။ ကျွန်မတို့အဖွဲ့ကမဟုတ်ဘူးပဲ။ ဒါဆို ကျားဆိုး။ ဟုတ်တယ် ကျားဆိုတို့အဖွဲ့ကိုမိသွားပြီကိုး။

'Dora... ဒါက ငါတို့အတွက်အခွင့်ကောင်းပဲ' 

ချက်ချင်းဆိုသလို ကျွန်မသေနတ်ကိုလွှတ်ချလိုက်တယ်။ ပြီး‌တော့ Dora လက်ကိုဆွဲကိုင်လိုက်တယ်။ 'ပြေးကြစို့..Dora'

Doraက ကျမကို နားမလည်တဲ့ပုံမျိုးနဲ့ လှမ်းကြည့်လိုက်တယ်။
'နင်အခုထိဆရာဝန်ဖြစ်ချင်နေတုန်းပဲလား..Dora' ပြေးရင်းနဲ့ ကျွန်မ သူ့ကိုအော်မေးလိုက်တယ်။

Dora ရဲ့ပြေးလွှားနေတဲ့ခြေလှမ်းတွေဟာ ဘဝသစ်တစ်ခုထဲဝင်ရောက်ဖို့ သက်ဝင်လှုပ်ရှားလာပါတယ်။ ကျမတို့ပြေးနေတဲ့မြေကြီးဟာလည်း တသိမ့်သိမ့်တုန်လို့ပေါ့။

သပြေညို


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar