ဟိုက်ရှားဘား -လျော့စား မဲလုံး
လျော့စား မဲလုံး
ဟိုက်ရှားဘား
(မိုးမခ) နိုဝင်ဘာ ၃ ၊ ၂၀၂၁
"ဟဲ့...မဲလုံး...မစားနဲ့...မစားနဲ့...ရွံစရာကြီးဟဲ့...."
ဒေါ်စိန်အေး အသံသည် နံနက်ခင်း၏ ငြိမ်သက်မှုကို ဖြိုခွင်း၍ ထွက်ပေါ်လာလေသည်။
မဲလုံးကို တားမရတော့...အငမ်းမရ စားနေလေသည်။
"နင်တို့...မဲလုံးကို ညက ထမင်းဝအောင် မကျွေးကြဘူးလား"
"ကျွေးတော့ကျွေးတယ်...ဒါပေမယ့် အရမ်းဝအောင်တော့ မကျွေးမိဘူး..."
အိမ်ဖော်မလေး လှကြူ အခန်းထဲမှ ပျာပျာသလဲပြေးထွက်လာပြီး ဆိုရှာသည်။
"ဘာဖြစ်လို့ ဝအောင်မကျွေးတာလဲ"
"ညက...တီဗီမှာ 'ခေါင်းချောင်ကြီး' ကပြောတယ်...ထမင်းလျှော့စားဖို့....အဲ့ဒါနဲ့...'ခေါင်းချောင်ကြီး' စကားကို နာယူမှတ်သားပြီး 'မဲလုံး' ကို စမ်းပြီးထမင်းလျော့ ကျွေးကြည့်တာ..."
"$ ရူးပြော...$ ရူးယုံ...အေး...နင့်တို့ စမ်းသပ်ကြည့်တာ အကြောင်းမဟုတ်ဘူး...အခု 'မဲလုံး' က အစာမဝတော့ ဟိုဘက်အိမ် အမှိုက်ပုံးကနေ ချီလာတဲ့ တစ်ခါသုံး 'ချီးခံ' ထဲက ကလေးချီးတွေကို စားနေပြီ..."
"ဟင်...ဒါဆို မဲလုံးက အစာမဝလို့ ချီးစားတာပေါ့...'ခေါင်းချောင်ကြီး' ပြောတော့ လျော့စားရမယ်ဆို..."
အူတူတူ အတတဖြင့် လှကြူ တုံ့ပြန်သည်။
"ငတ်နေကြတဲ့အထဲ လျော့စားဖို့ လာပြောနေတယ်။ ...အေး...အစာမဝရင် ခွေးက ချီးစားလို့ ရသေးတယ်...ငါတို့က လူဟေ့...လူ...လူ...။ ချီးစားလို့မရဘူး။ အေး...ခွေးလောက်ပဲ အသိဉာဏ်ရှိရင်တော့ ချီးပဲ စားကြပေါ့"
ဒေါ်စိန်အေး ဘာကိုဆိုလိုမှန်း လှကြူ မသိ။
စောစောစီးစီး ပွဲကတော့ ကြမ်းနေပြီ...
"အေး...နောက်ဆိုရင် မဲလုံးကို အစာဝအောင်ကျွေး...။ ချီးမစားတော့အောင်...။ ပြီးတော့...တီဗီက လာသမျှလည်း မယုံနဲ့။ ...သွား... 'ချီးခံ' ကို ယူပြီး လွင့်ပစ်လိုက်။ မဲလုံးကိုလည်း သေသေချာချာ ရေချိုးပေးလိုက်ဦး..."
လှကြူ ဘာမှမတတ်နိုင်တော့...ရွံရှာပေမယ့် လုပ်နေရသည်။
စိတ်ထဲမှလည်း "$ ခွေး...အစာမဝတော့ ချီးစားတယ်" ဟု ကျိန်ဆဲမိနေလေသတည်း...။
ဟိုက်ရှားဘား
နိုဝင်ဘာ ၂၊ ၂၀၂၁
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar