ဆလိုင်းနံရံ - အငွေ့အသက်နဲ့အာဟာရဖြစ်မှု
ဆလိုင်းနံရံ
(မိုးမခ) နိုဝင်ဘာ ၃ ၊ ၂၀၂၁
ဒီနေ့အကြောင်းကို ကျွန်တော်သိပ်မတွေးဖြစ်ပေမယ့် ဖြတ်သန်းခဲ့ပြီးသားအတိတ်တွေအကြောင်းကိုတော့ ဒီနေ့တွေမှာတွေးတွေးဖြစ်တယ်။ ကျွန်တော်တို့တွေးနေတာတွေဟာ တိုးတက်ရာ တိုးတက်ကြောင်းတွ၊ လေးနက်တဲ့ဒဿနတွေ၊ ပညာရပ်ဆိုင်ရာတွေ ဖြစ်ချင်မှ ဖြစ်မှာပါ။ တခါတလေလည်း တိုးတက်ရာတိုးတက်ကြောင်းတွေတွေးမိရင်တော့ နေရထိုင်ရသက်သာမှာပဲ။ အခုထိတော့ တွေးတာတွေကိုက ပူဆွေး သောကရောက်စေနေတာပဲ။ ဘာလို့လဲ။ ဘာလို့တွေးပဲတွေးတာက ပူဆွေးရတာလဲ။ သောကရောက်ရတာလဲ။ ကျွန်တော်တို့ဘဝတွေက အချိန်တိုင်း၊ နာရီ၊ စက္ကန့်တိုင်း၊ ပစ္စုပ္ပန်၊ အနာဂတ်အားလုံး ပူဆွေး၊ သောကတွေချည်းပဲမို့လို့လား။ ပူဆွေး၊ သောကဆိုတာက ခံစားချက်သက်သက်ပဲလား။ လက်တွေ့အသက်ရှင်ရတဲ့အပေါ် ဘယ်လိုဖြစ်နေသလဲ။ ပျော်စရာတွေးတာ၊ ဝမ်းနည်းစရာတွေးတာဆိုပြီး ခေါင်းစဉ်တတ်တွေးလို့ကိုမရတာတော့ သေချာတယ်။ တွေးစရာတွေ အားလုံးကပူဆွေးစရာတွေ ဖြစ်နေလို့လည်း ဖြစ်နိုင်တယ်။ တွေးနေမိပြန်တာလည်း အဲ့ဒါပါပဲ။
တနေရာရာကနေ ထွက်ပြေးလာရတဲ့အကြောင်းရိုက်ထားတဲ့ ဇာတ်ကားတွေကြည့်ဖူးကြတယ်မလား။ ထွက်ပြေးတယ်ဆိုတာ တကယ်တော့ သိပ်ကောင်းတာမဟုတ်ဘူး။ ထွက်ပြေးတာကတော့ ကောင်းပါတယ်။ လွတ်ဖို့ဆိုပြီး ယေဘုယျတွေးကြည့်ပြီး ထွက်ပြေးတာအောင်မြင်ရင် ထွက်ပြေးတာကောင်းကြောင်း နားလည်လွယ်မယ်ထင်တယ်။ တကယ်က ထွက်ပြေးစေတဲ့အရာတွေရှိနေတာကသာ မကောင်းတာ။ ထွက်ပြေးရပြီဆိုရင် ထွက်ပြေးစေတဲ့အရာတွေက ဘဝအတွက်ကြောက်စရာကောင်းနေလို့ပါပဲ။ ရွှေ့ပြောင်းတာ၊ ခရီးသွားတာတွေက ပျော်စရာကောင်းချင်ကောင်းလိမ့်မယ်။ ထွက်ပြေးရတယ်ဆိုတာက ဘယ်တော့မှ မကောင်းဘူး။ လွတ်မြောက်ဖို့ဆိုကတည်းက ပိတ်လှောင်မှုတခုခုရှိနေတာ မဟုတ်ရင် အန္တရာယ်ရှိနေလို့ပဲလေ။ ဟိုတလောကတော့ ကျွန်တော်တို့နိုင်ငံကလူတော်တော်များထွက်ပြေးကြတယ်။ ကိုယ့်ဘဝနဲ့ကိုယ်ထွက်ပြေးနေကြတာ ကျွန်တော်တွေ့တယ်။ ကျွန်တော်မတွေ့တာတွေလည်း အများကြီးပဲ။ဒါပေမယ့် သေချာတာကထွက်ပြေးနေကြတာတွေ အများကြီး၊ ကြောက်ခမန်းလိလိ ဖြစ်ပျက်နေတယ်ဆိုတာပဲ ။
လွန်ခဲ့တဲ့ခြောက်လလောက်က ဆိုရှယ်မီဒီယာပေါ် လူတယောက်ဓာတ်ပုံတင်ကြပြီး RIP ဆိုပြီး ရေးကြတယ်။ သူ့အကြောင်းကို ဆက်စုံစမ်းဖတ်ဖြစ်တော့ တကယ်တော့အဲ့ဒီလူဟာ ထွက်ပြေးရာမှာမလွတ်လို့အသတ်ခံရတဲ့လူဖြစ်နေတယ်။ ကျွန်တော့်သူငယ်ချင်းတယောက်ကတော့ သူထွက်ပြေးတာ လွတ်တဲ့အကြောင်း ကျွန်တော့်ကိုပြောပြဖူးတယ်။ နောက်ထပ်တယောက်က လူတွေအများကြီးလွတ်ဖို့ကာကွယ်ရင်း ထွက်ပြေးတာနည်းနည်းနောက်ကျလို့ ဒဏ်ရာတွေအများကြီးရခဲ့တဲ့လူနာကို ကျွန်တော်ကိုယ်တိုင်သယ်ပေးဖူးတယ်။ ထွက်ပြေးချိန်မရလိုက်လို့ အဖမ်းခံရတဲ့အသိတယောက်က အခုထိထောင်ထဲမှာ ပိတ်လှောင်ခံနေရဆဲပဲ။ သူထွက်ပြေးခွင့်ရခဲ့ရင် အပြင်မှာ လွတ်လွတ်လပ်လပ်နဲ့သူဝါသနာပါတဲ့ နည်းပညာတွေနောက်လိုက်နေတဲ့သူ့ပုံစံကို မြင်ယောင်မိတယ်။ ဒါပေမယ့်သူ မလွတ်ခဲ့ဘူး။ ထွက်ပြေးချိန်မရလိုက်ဘူး။ သြော် လွတ်ဖို့ လွတ်ဖို့။ ထွက်ပြေးရမယ့်အနေအထားမှာ ထွက်ပြေးခြင်းကတော်တော်အရေးကြီးတာပဲ။ခုတလောမိုးထဲလေထဲလူတွေ ထွက်ပြေးနေကြရတဲ့ပုံတွေ အမြဲတမ်းမြင်နေရတယ်။ အကုန်လုံးလွတ်မြောက်ကြပါစေ။ ထွက်ပြေးကြရတဲ့အခြေအနေမှာ မအောင်မြင်တဲ့ထွက်ပြေးခြင်းက ကြောက်စရာကောင်းတယ်။ ထွက်ပြေးစရာမလိုတဲ့အခိုက်အတန့်တွေအတွက်တော့ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကောင်တွေကရော မြင်နေရတာ၊ ကြားနေရတာတွေအပေါ် အချိန်တန်ရင်မေ့မေ့သွားရတာပဲလား၊ ပိုထူးဆန်းတာ၊ ပိုအသစ်အဆန်းဖြစ်တာတွေလာရင် ပြေးနေတာတွေအကြောင်းမေ့သွားမလားမသိဘူး။ မမေ့တော့ရော ဘာလုပ်မှာလဲ။ ဆက်ပြီး အားပေးရင်း၊ သတင်းဖတ်ရင်း၊ ပျော်ရင်း၊ ဝမ်းနည်းရင်းပဲလား။
အခန်းငယ်ကလေးတခုထဲ တလနီးပါးလောက် ကွေးနေဖူးတယ်။ မကြာသေးပါဘူး။ သုံးလလောက်ကပါ။ ဘယ်သူကမှ ကျွန်တော့်ကိုအတင်းအဓမ္မနေခိုင်းလို့တော့ မဟုတ်ဘူး။ ကျွန်တော့်ဟာကျွန်တော် အောင်းနေတာ၊ အပြင်မထွက်ရဲတာ။ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ကိုဗစ်ပိုးက ကျွန်တော့်ခန္ဓာကိုယ်ထဲရောက်နေလို့ ဆောက်တည်ရာမရဖြစ်နေခဲ့တာ။ အဲ့ဒီတုန်းက သတင်းတွေဆို နာရေးသတင်းတွေချည်းပဲဖတ်ရတယ်။ ကျွန်တော့်ဆီမှာ ဘာဆေးမှလည်းမရှိဘူး၊ အသက်ရှူကြပ်လာရင်ရှူဖို့ အောက်ဆီဂျင်ရနိုင်ဖို့လည်းမလွယ်ဘူး၊ အောက်ဆီဂျင်တိုင်းတဲ့စက်လည်း မရှိဘူး။ ကျွန်တော့်လို အိမ်လေးထဲ အောင်းနေရင်းသေသွားတဲ့လူတွေမြင်ရင် ကျွန်တော့်ကိုကျွန်တော်လည်း ပြင်ဆင်ထားရတယ်။ ကျွန်တော်တို့အိမ်နားက လူတချို့ အလောင်းတွေသယ်လာကြရင် ကိုယ့်ကိုကိုယ်လည်း စိတ်ထဲပြင်ဆင်ရပြန်တယ်။ အကူအညီလိုသူတချို့ ကတော့ အလံဖြူနဲ့အလံနီတွေ အိမ်ရှေ့ထောင်ထားကြတော့ ကျွန်တော့်ဆီမှာအဖြူရောင်နဲ့အနီရောင် ပိတ်စတွေ ရှာကြည့်မိလိုက်သေးတယ်။ ကျွန်တော်အဲ့ဒီတုန်းက ထွက်ပြေးလို့မရမှန်း ကျွန်တော်သိတယ်။ ရင်ဆိုင်ခဲ့တာပဲလို့ ပြောလို့လည်းမရဘူး။ အဲ့ဒီအခြေအနေတွေ အများကြီးရှိနေနိုင်တာပဲ။ တကယ်ကတော့ အပြင်မှာတကယ်ဖြစ်နေတာတွေ၊ လက်တွေ့ကြုံတွေ့နေရတာတွေပဲ။ လူတွေတကယ်အသက်ရှင်ကြရတာ၊ ကပ်ဘေးတွေရင်ဆိုင်နေရတာတွေက တကယ်တော့လက်တွေ့အပြင်မှာချည်းပဲ။ ပြေးသူတွေအကြောင်းသတင်းဖတ်ခဲ့သလို အခုပြေးရသူဘဝလိုလိုရောက်သွားတယ်။ ဖတ်ရတာ၊ ကြားရတာကတဖက်။ လက်တွေ့ကြုံနေရသူကတဖက်ပေါ့။
ကျွန်တော့်ဖေ့စ်ဘုတ်အကောင့်ထဲက သူငယ်ချင်းတချို့တွေ မတွေ့ရတာအတော်ကြာပြီ။ တချို့က ဟာသလေးတွေ၊ ပေါက်ကရတွေတင်တင်တတ်လို့သတိထားမိတယ်။ တချို့က ဘုကလန့်စာတွေ၊ဝေဖန်ရေးတွေ၊ ဖြစ်ရမယ့်အကြောင်းချင်းရာတွေရေးကြလို့သတိထားမိတယ်။ ကျွန်တော်တို့လို လူငယ်တွေပါပဲ။ တက်တက်ကြွကြွနဲ့အမြဲတမ်း လိုင်းပေါ်ရောက်ရောက်လာကြတဲ့သူတွေ၊ ဆိုရှယ်မီဒီယာဖေ့စ်ဘုတ်ကို စွဲလမ်းနေကြတဲ့သူလိုငါလို လူငယ်တွေ။ သူတို့ ဘာမှမရေး မတင်ကြတော့ သတိမထားမိတော့ဘူး။ သူတို့ဆိုရှယ်မီဒီယာသုံး နားနေကြတာလားလို့တွေးမိဖူးသေးတယ်။ ဒီနေ့သူတို့အကြောင်း ရေးထားတဲ့စာတိုလေး တခုတက်လာတယ်။ သူတို့က လွန်ခဲ့တဲ့လတွေကတည်းက အဖမ်းခံရပြီး နှစ်ရှည်လရှည် ထောင်ချခံနေကြရတာတဲ့။ ကျွန်တော် စွံ့အသွားတယ်။ သူတို့ဘဝမှာ လက်တွေ့ကြုံနေရတာတွေ က ကျွန်တော်တို့ရဲ့သူတို့အကြောင်းမြင်တာ၊ သိတာနဲ့တော်တော်ဝေးနေတယ်။ သူတို့လိုင်းပေါ်ကပျောက်သွားတော့ အမှုမဲ့အမှတ်မေ့ဖြစ်ကြတာပါပဲ။ သူတို့စာတွေ၊ သူတို့အတွေးအခေါ်တွေ လိုင်းပေါ်တင်တုန်းကတော့ အသည်းတွေပေးကြ၊ ရှယ်ကြတယ်၊ အားပေးကြတယ်။ ဒါပေမယ့် ဆိုရှယ်မီဒီယာအပေါ်မှာလေးပဲ။ ကျွန်တော်တို့အားပေးခဲ့တာတွေက သူတို့လက်တွေ့ဘဝအတွက်ဘာဖြစ်စေသလဲတော့မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ Likes၊share တွေလောက်က သူတို့လက်တွေ့ဘဝနဲ့ အများကြီးဝေးနေတယ်ဆိုတာတော့ သေချာတယ်။ တခုခုကတော့ တွေးကြည့်မှဖြစ်မယ်။ လက်တွေ့ဘဝမှာ ကြုံကြရတာ ဆိုရှယ်မီဒီယာပေါ်ကမြင်နေတာတွေနဲ့မပြီးတာ သေချာတယ်။ ဟုတ်တယ်။ လက်တွေ့ဘဝက အရေးကြီးတယ်။ ပြေးရတာတွေ၊ သတင်းမကြားရတော့တာတွေ၊ RIP တွေ။
အာသာဖြေရုံနဲ့ သန္ဓေတည်ဖို့စိတ်ကူးယဉ်လို့ရမလားတဲ့။ စနေနေ့မနက်စောစော လူအများကြီးရှိတဲ့အဖွဲ့ထဲ စာတစောင်ဝင်လာတယ်။ ခံစားချက်ကို ယုံ ကြည်လို့ရချင်ရမယ်။ ဒါပေမယ့်တကယ့်ဘဝကို သတိရနေမှဖြစ်မယ်။ ဒုက္ခစစ်စစ်ဟာ လက်တွေ့မှာသာရှိပြီး သုခစစ်စစ်ကလည်း လက်တွေ့စစ်စစ်မှာသာရနိုင်တယ်။ စိတ်ခံစားချက်တွေကို စိတ်ကူးယဉ်ကမ္ဘာမှာသက်သက်အချိန်ဖြုန်းရင်း ကျေနပ်ကြ၊ ပေါက်ကွဲကြလို့ရပေမယ့် အချိန်တန်ရင် လက်တွေ့ကမ္ဘာမှာပဲနေနေကြတာပါပဲ။ မကျေနပ်မှုတွေကိုလည်း ကြိုက်သလိုချပြလို့ရ၊ မကျေနပ်စေတဲ့အရာတွေကိုလည်း ကြိုက်သလိုလှောင်ပြောင်ပြီးရင် ပြီးသွားသလား။ ကျွန်တော်တို့ကတော့ ပတ်ဝန်းကျင်အပေါ် ပေါက်ကွဲမှု၊ ချစ်မှု၊ မုန်းမှုတွေကိုဒီအတိုင်းဆိုရှယ်မီဒီယာအပေါ်လွှတ်ချလိုက်တယ်ဆိုပေမယ့် လက်တွေ့အတွက်ရော ဘယ်လိုအကျိုးဆက်ရှိစေသလဲ။ လက်တွေ့ကမ္ဘာကို မသိချင်ယောင်ဆောင်လို့က မရဘူး။ သေတာတွေ၊ ထောင်ချခံရတာ၊ မတရားမှုတွေကြုံတွေ့ခံနေရတာတွေက ဝမ်းနည်းတယ်၊ ခံပြင်းတယ်၊ မကြိုက်ဘူး။ စိတ်ထဲမှာတော့ အဲ့လိုဖြစ်နေပြီ။ အဲ့ဒါကိုဆိုရှယ်မီဒီယာပေါ်မှာပေါက်ကွဲလိုက်တယ်။ အဲ့ဒီမှာ ကျွန်တော့်လိုလူတွေအများကြီးရှိနေကြတာ တွေ့နေရတာပဲ။ နောက်မနက်ကျရင်တော့ ထမယ်၊ ဈေးသွားမယ်၊ ထမင်းချက်မယ်၊ စားမယ်။ မနေ့ကနဲ့ဒီနေ့ရဲ့လက်တွေ့ဘဝမှာ ကုန်ဈေးနှုန်းတက်နေတာတွေ၊ မနေ့ကထက် ဒီနေ့လက်ထဲကငွေ လျော့သွားတာတွေကလက်တွေ့ဘဝမှ ာကြုံရတယ်။
လက်တွေ့အကြောင်းတွေးမိနေတယ်။ တောထဲ၊ တောင်ထဲ စစ်ဘေးရှောင်နေတာတွေ၊ ထောင်ကျနေတာတွေ၊ စစ်ကြောရေးမှာနှိပ်စက်ခံနေရတာတွေ၊ သေနေတာတွေ၊ အသတ်ခံရတာတွေ၊ ကုန်ဈေးနှုန်းတက်နေတာတွေ၊ စားဖို့တကယ်မရှိတာတွေ၊ အလုပ်လက်မဲ့ဖြစ်နေတာတွေ၊ အကြမ်းဖက်ခံရတာတွေ၊ မတရားမှုတွေ၊ အာဏာရှင်လက်အောက်ရောက်နေတာတွေက လက်တွေ့တွေချည်းပဲ။ ကျွန်တော်ဆက်တွေးမိတယ်။ ကျွန်တော်တို့မှာ ခံစားချက်တွေရှိတယ်၊အမုန်းတွေရှိတယ်၊ အချစ်တွေရှိတယ်၊ ခံယူချက်တွေရှိတယ်၊ မကြိုက်တာရှိတယ်၊ ကြိုက်တာရှိတယ်။ လက်ရှိကို တွေးမိပြန်လာတယ်။ လက်တွေ့ဖြစ်ပျက်နေတဲ့အရာတွေအပေါ် ကျွန်တော်တို့ခံစားချက်တွေရှိတယ်၊ အမုန်းတွေရှိတယ်၊ အချစ်တွေရှိတယ်၊ ခံယူချက်တွေရှိတယ်၊ မကြိုက်တာရှိတယ်၊ ကြိုက်တာရှိတယ်။ အဲ့တာတွေကို ဘယ်လိုရင်ဆိုင်နေကြသလဲ။ လူတော်တော်များက ခံစားချက်တွေ၊ ကြိုက်တာ/မကြိုက်တာတွေအပေါ် လူအုပ်စုအလိုက်တူတာများပါတယ်။ လူအုပ်စုနဲ့မတူသူတွေကလည် းသပ်သပ်ကလေးတော့ရှိတယ်။ ကြားနေတွေဆိုပြီးပြောကြဆိုကြတာတွေတော့တွေ့တယ်။ အဲ့ဒီကိစ္စခဏထားလိုက်ပါတော့။ ကျွန်တော်တွေးတာက လက်တွေ့ဘဝအကြောင်း။ လက်တွေ့မှာ တကယ်ရင်ဆိုင်အသက်ရှင်တဲ့အခါ လူအုပ်စုကြီးကလည်းကွဲပြားမှုရှိတယ်။ တချို့ကတောထဲတောင်ထဲ၊ တချို့က အလုပ်နဲ့အကိုင်နဲ့၊ တချို့က အလုပ်မရှိအကိုင်မရှိ ။ လက်တွေ့ဘဝအတွက် တကယ်တွေးကြည့်ပြီး ခံယူချက်တူသူ၊ ပန်းတိုင်တူသူလူအုပ်စုက ဘယ်လိုရှေ့ဆက်မလဲ။ ခံစားချက်တွေ ခံယူချက်တွေပဲတူလို့ရတယ် လက်တွေ့ဘဝတွေကအတင်းတူခိုင်းလို့ကမရဘူး။
လူတွေရဲ့လက်တွေ့ဘဝတွေ၊ စိတ်ထဲကခံယူချက်နဲ့ခံစားချက်တွေ ပတ်ပြီးတွေးမိရင်း တွေးမိရင်း ကိုယ့်ကိုကိုယ်ဆီပဲပြန်ရောက်လာတယ်။ နောက်ဆုံးတော့ ကိုယ့်ရဲ့လက်တွေ့ဘဝမှာပဲအဆုံးသတ်တာပါပဲ။ ကျွန်တော်ကလည်း လူအုပ်စုထဲကကောင်ပဲ။ လမ်းချင်းတူသူတွေနဲ့လျှောက်လာသူပါပဲ။ ဆိုရှယ်မီဒီယာပေါ်မှာ ပေါက်ကွဲရင်ကွဲ၊ သတင်းတွေအပေါ် ပျော်လိုက်၊ ဒေါသထွက်လိုက်၊ နာကျည်းလိုက်နဲ့အချိန်တော်တော်များကုန်ဆုံးနေသူပါပဲ။ လက်တွေ့ဘဝမှာ ကျွန်တော်တကယ်လုပ်ရတာတွေက စိတ်ရှိတိုင်း၊ သတင်းတွေအပေါ်၊စနစ်တွေအပေါ် ပေါက်ကွဲတဲ့အတိုင်း၊ နာကျည်းတဲ့အတိုင်း၊ ပျော်ရတဲ့အတိုင်း၊ တက်ကြွတဲ့အတိုင်း ဖြစ်နေတာမဟုတ်ဘူးဆိုတာ သေချာတယ်။ တလလောက်တောင် အခန်းငယ်ထဲအောင်းနေသေးတဲ့ကောင်ပဲ။ လက်တွေ့ဘဝမှာ ကျွန်တော်လုပ်နိုင်တာနည်းနည်း၊ မလုပ်နိုင်တာ များများ။ တခြားလူတွေလည်း လက်တွေ့ဘဝမှာ တကယ်ရင်ဆိုင်နေတာတွေက မတူနိုင်ဘူး။ တချို့ကတော့ တော်တော်ကြီးကိုလုပ်နိုင်၊ တတ်နိုင်တဲ့သူရှိသလို လက်တွေ့မှာဝမ်းရေးတောင်ဖြေရှင်းဖို့ခက်နေတဲ့သူလည်းရှိမှာသေချာတယ်။ ကျွန်တော်တို့ ပေါက်ကွဲတဲ့အတိုင်း၊နာကျည်းတဲ့အတိုင်း၊ ပြောင်းလဲစေချင်တဲ့အတိုင်း အရှင်းဆုံးစကားလုံးသုံးရရင် စိတ်ရှိတိုင်း မဖြစ်ဘူးဆိုတာပါပဲ။ အဲ့ဒါတောင် အုပ်စုတူတခုထဲကမှ ပန်းတိုင်တူပေမယ့် လက်တွေ့ဘဝအခြေအနေကိုယ်စီအပေါ်အခြေခံပြီး ခံယူချက်နဲ့လျှောက်တဲ့လမ်းက လက်တွေ့မှာမတူနိုင်ဘူး။လက်တွေ့မှာပဲ နေနေရတာ။ လက်တွေ့မှာ အဖြေမရှိစေတဲ့ပေါက်ကွဲမှုသက်သက်က ဘာထူးမလဲ။ ကျွန်တော်တို့ခံစားတာတွေက၊ ပေါက်ကွဲတာတွေက လက်တွေ့ဘဝအတွက်အကျိုးပြုသင့်သလောက်ပြုသင့်တယ်။ ဒါပေမယ့် အကျိုးပြုစေချင်သလောက် လက်တွေ့ဘဝက ခွင့်ပြုချင်မှခွင့်ပြုမယ်။ တကယ်က လက်တွေ့ဘဝမှာ ဆိုရှယ်မီဒီယာပေါ်က ပေါက်ကွဲနေကြတဲ့အတိုင်း အမြဲတမ်းမဟုတ်ဘူးဆိုတာ သေချာတယ်။ ပန်းတိုင်တခုကို စိတ်ကူးယဉ်၊ ခံစားချက်တွေ သက်သက်နဲ့သွားရင် လက်တွေ့ဘဝမှာ လစ်ဟာမှုတွေပိုများလာတော့တာပဲ။ ဒီလူအုပ်စုကြီးရဲ့သဘော၊ သဘာဝကို နားလည်သွားတဲ့လူဟာ အပြင်မှာပျော်မြူးနေပြီး လိုင်းပေါ် တောက်တခေါက်ခေါက်နဲ့နေ နည်းကို အသုံးချသွားကြမှာပဲ။ လက်တွေ့ဘဝက အရေးကြီးတယ်။ လက်တွေ့ဘဝကသာ အစစ်အမှန်တွေဖြစ်တယ်။ လက်တွေ့ဘဝအတွက်က လက်တွေ့ဆန်မှုက အရေးကြီးဆုံးပါပဲ။ ဆိုရှယ်မီဒီယာရဲ့စိတ်ကူးယဉ်နဲ့ခံစားချက်သက်သက်အကြောင်းတွေကို လက်တွေ့ဘဝနဲ့အမြဲချိန်ထိုးကြည့်မှပဲ လူတချို့စာတွေမဖတ်ဖြစ်တော့တာ။
ဒီလိုပဲတွေးမိနေရင်းမပျော်ရတဲ့အကြောင်းတချို့က နားလည်သလိုလိုရှိလာတယ်။ ဆက်တွေးရမလားဆိုပြီးတွေးမိတော့ နာရီကြည့်မိတယ်။ မနက် ၂ နာရီထိုးတော့မယ်။ လက်တွေ့ဘဝမှာ အိပ်ဖို့အချိန်ရောက်နေပြီ။
ဆလိုင်းနံရံ
2:00 am
1st Nov ,2021
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar