ခက်ဦး - ခရီးနှင်မြစ် သို့မဟုတ် မောင်နီမွန် (ဆရာမောင်နီမွန် အမှတ်တရ)
ပုံတူပန်းချီ ခက်ဦး
ခရီးနှင်မြစ် သို့မဟုတ် မောင်နီမွန်
ခက်ဦး
(မိုးမခ) နိုဝင်ဘာ ၃ ၊ ၂၀၂၁
တောင်သလဲချောင်းကိုသူကွေ့တော့
ဟိုင်းလက်ကားလေးနောက်မြီးကနေ
ဝိညာဥ်ဖြူကိုသူတွေ့သတဲ့
ခပေါင်းကိုသူ့ဝိညာဥ်ထဲ သူဆွဲသွင်းတော့
မြစ်ရဲ့ဗုံသံမှာ တာကောဒီ ချေဂွေဗားရား
အထင်းသားတွေ့ပြန်သတဲ့
စီးရင်းရွေ့ရင်းရွေ့ရင်းစီးရင်း
သူ့ရင်ဘတ်ပေါ်သူပျိုး
သူ့ကဗျာသူထမ်းပိုးနေရင်းနဲ့
ပုပ်အဲ့နေတဲ့ခြုံစပ်နဲ့မငြိအောင်
ကေတုအမည်နာမ ဖြတ်ပြခဲ့ရင်းနဲ့
ဒီမှာကြည့်ကွ မီးသွေးဖို
ဟိုမှာကြည့် အစိမ်းရောင်ငတ်တဲ့ရှုခင်း
ဒုက္ခတွေခုတ်ချပြနေရင်းနဲ့ကိုပဲ
ဓားရိုးတိုရင်ရှေ့တိုးခုတ်ကြစာသား
မကြားကြားအောင်ပြောသွားတယ်
ဒုက္ခတောအုပ်ပေါ် အရောင်တွေကျခိုက်လေး
နှစ်ထပ်ညနေပြသွားတယ်
သိမ်မွေ့ပေမယ့်မပျော့ညံ့တဲ့မြစ်
တဟုန်မထိုးပေမယ့် ရိုးဖြောင့်တဲ့မြစ်
မြစ်ကြည့်သူ ဘယ်သူလာလာ
သူစီးဆင်းခဲ့ပုံမှာ လက်ဖျားခါနေရမယ့်မြစ်
ရန်သူကိုသွေးစွန်းအောင်ထိုးကော်ပြီးကာမှ
ဧည့်ခန်းမှာ အသက်မဲ့စွာအချိတ်ခံရ
အသုံးမကျတဲ့ပြောင်ချို သူမဟုတ်လိုသမို့
တောင်ငူ့ဧည့်ခန်းသူမထိုင် ဖြိုင်ဖြိုင်စီးနေရင်း
မီးတွေထထတောက်တဲ့သူ့ရင်ဘတ်လေးပေါ်
ပင်လယ်ညကဗျာစာအုပ်လေးအသာဖုံးလို့
မီးခိုးလုံးတွေထဲပျောက်ကွယ်သွားပြီတဲ့လား
မှားလိုက်တဲ့အမြင် ဟိုးမှာကြည့်
ငြိမ်းအေးရာပင်လယ်ဆီ မရောက်ရောက်တဲ့အထိ
လွတ်လပ်ရာလူ့ဘောင်ဆီ မရောက်ရောက်တဲ့အထိ
ငြိမ်ငြိမ်သိမ့်သိမ့် ရွေ့ရွေ့ညင်ညင်
ဆက်လက်စီးဝင်နေဆဲပါ
ဆောင်းဦးနေခြည်အသစ်ထဲမှာ
စိုလို့ရွှဲလို့သာ..... ။
၂ . ၁၁ . ၂၀၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar