ဆောင်းယွန်းလ - ဇီးရိုးများ
(မိုးမခ) နို၀င်ဘာ ၁၇၊ ၂၀၂၁
မီးခိုးလိုအူပြီး
ဇီးရိုးလိုဒူနေတဲ့ ကောင်ကြီးတွေပေါ့
အမှောင်တိုက်မှာ လောင်မြိုက်တဲ့မီးတွေနဲ့အတူ
လူသတ်မှအမြတ်ထွက်မယ်ထင်တဲ့အကြံနဲ့ မာန်တက်ရင်း
တပ်တစ်တပ်လုံး အနင်းခံရတဲ့အထိ
ကိုယ့်ကိုကိုယ် လဒူမှန်း လဒမှန်းမသိတဲ့ကောင်ကြီးတွေပေါ့
ကိုယ့်အပြစ်ကိုယ်စူးပြီး ရှင်ဘုရင်ရူးရူးနေကြတဲ့ဘဝမှာ
ဖျော်ဖြေစရာ ဖော်ဆွေသဟာအပေါင်းဟာလည်း
ကိုယ့်အလောင်းကိုယ်ပြန်မဆွဲနိုင်တဲ့သက်ကွင်းထဲရောက်လို့
ဒီလိုအချိန်ထိ မှောင်သလားမိုက်သလားမသိအောင်
ယောင်ဝါးဝါးဖြစ်နေတဲ့ကောင်ကြီးတွေပေါ့
အကွဲအပြဲအဖာအထေးတွေနဲ့ လိမ်ညာမှိုင်းတိုက်ပေးနေတဲ့
အသံလွှင့်ဌာနတစ်ခုကို ရင်ဝယ်ပိုက်ရင်း
မိုက်ဇာတ်ခင်းနေကြတဲ့ကောင်ကြီးတွေပေါ့
ဗိုလ်ထီးက သူ့သီချင်းထဲမှာထည့်ဆိုသွားခဲ့ဖူးတယ်
ကိုယ်စွမ်းသလောက်တော့ကိုယ်ကြိုးစားခဲ့ပါတယ်
ထိပ်ဆုံးထိမရောက်ခဲ့ရတောင်
အလယ်အလတ်တော့မကပါတယ်တဲ့
ဟိုဗိုလ်မအလနဲ့ ဒီဗိုလ်မဲလုံးဆိုတဲ့ကောင်ကြီးတွေကတော့
ဟိုဟိုဒီဒီဘာဆိုဘာမှမသိတဲ့ကောင်ကြီးတွေဆိုတော့
သူတို့စွမ်းတာထက်ပိုကြိုးစားမိရာကစပြီး
သူတို့တစ်တပ်လုံးမီးလောင်ပြီး
တစ်ကမ္ဘာလုံးရဲ့စွန့်ပယ်ခြင်းကိုခံရတော့တာပါဘဲ
ဘယ်လိုအချိန်ထိ
ရဲသော်မသေသေသော်ငရဲမလားလုပ်နိူင်ကြဦးမလဲတော့မသိဘူး
သူတို့ဟာ နိုင်ငံ့သယံဇာတကိုခိုးပြီးအိတ်ထဲထည့်ဖို့ရယ်နဲ့
ခါးကြားသေနတ်ထိုးပြီး
နယ်လှည့်ရွှီးရွှမ်း လေဖမ်းဝရမ်းထုတ်ဖို့ထက်ဘာမှပိုမစွမ်းခဲ့ဘဲ
လူသတ်ဓါးပြတိုက် တိုင်းပြည်အာဏာကို အဓမ္မသိမ်းပိုက်ရင်း
ကိုယ်စွမ်းတာထက်ပိုပြီး ကမ်းကုန်အောင်မိုက်ရိုင်းလိုက်ကြတော့
ထိပ်လည်းမရောက် အလယ်အလတ်လည်းမကပ်ဘဲ
ဇီးရိုးဆိုတဲ့တွင်းနက်ကြီးထဲ ဇောက်ထိုးကျသွားတော့တာပါဘဲ
ဇီးရိုးကြီးများရဲ့ မီးခိုးလိုအူပြီး လူပုံအလယ်မှာစောက်ရှက်ကွဲပုံနဲ့
တစ်ကမ္ဘာလုံးရဲ့ သောက်ဖက်အလုပ်မခံရပုံဟာ
နေ့စဥ်စာမျက်နှာတွေပေါ်မှာ အထင်းသားပေါ်ရင်း
ပြေးစရာမြေလည်း တဖြေးဖြေးကျဥ်းလာခဲ့ကြပါပြီ
နာရီနဲ့ရာသီဟာလည်း သူတို့ဘက်မှာမရှိကြတော့။
ဆောင်းယွန်းလ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar