မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၁၆ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၁
• ပစ်ခတ်မှုတွေ တိုက်ပွဲတွေနဲ့ ဖမ်းဆီးမှုတွေ တရားလက်လွတ် သတ်ဖြတ်မှုတွေ
နေ့စဥ်သတင်းတွေထဲကို ဖတ်ရှု နားထောင်ကြည့်လိုက်တဲ့အခါ ပစ်ခတ်မှုတွေ၊ တိုက်ပွဲတွေ၊ ဖမ်းဆီးမှုတွေနဲ့ တရားလက်လွတ်သတ်ဖြတ်မှု (extrajudicial killing) တွေက နေ့စဥ်လိုလို ဖတ်ရှုနေရပါတယ်။ စစ်အာဏာသိမ်းမှုမတိုင်ခင်က ထိပ်တန်းသတင်း မျက်နှာဖုံးသတင်း၊ ကြားဖြတ်သတင်းလို သတင်းမျိုးတွေဟာ အခုချိန်မှာ ကြားဖြတ်သတင်း breaking news လည်းမဟုတ်သလို မျက်နှာဖုံးသတင်းလည်း မဟုတ်တော့ပါဘူး။ ဘာကြောင့်ဆို နေ့စဥ်လိုလို သတ်ဖြတ်မှု၊ ဖမ်းဆီးမှု တရားလက်လွတ်သတ်ဖြတ်မှုနဲ့ တိုက်ပွဲဆိုတာတွေကဖြစ်ပွားနေတာကြောင့် အထက်ကအကြောင်းအရာတွေက ကြားဖြတ်သတင်းဖြစ်ဖို့ မျက်နှာဖုံးသတင်းဖြစ်ဖို့ မထူးခြားတော့တာကြောင့် ဖြစ်ပါတယ်။
တိုက်ခိုက်မှုတွေထဲမှာမှ ကျယ်ပြန့်တဲ့ တိုက်ပွဲလိုမျိုး အသေအဆုံး အကျအဆုံးများတဲ့ တိုက်ပွဲလိုမျိုး၊ ပစ်ခတ်မှုတွေ ပေါက်ကွဲမှုတွေထဲကဆိုရင်လည်း လူအသေအပျောက်များပြားတဲ့ ပစ်ခတ်မှု ပေါက်ကွဲမှုလိုမျိုးမှသာ ခုနေခါ ထိပ်တန်းသတင်းအဖြစ် ဖေါ်ပြလေ့ရှိပါတော့တယ်။
ဒီလို ဖြစ်ပျက်လာတာဟာ လအနည်းငယ်တောင်ရှိနေပြီဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး တို့လိုမြို့ကြီးတွေမှာတော့ ပစ်ခတ် ပေါက်ကွဲနေတဲ့ကြားက နေ့စဥ် အလုပ်ရှိသူတွေက သွားလာလှုပ်ရှားနေကြတာပါ။ စက်ရုံအလုပ်ရုံက အလုပ်သမားတွေ၊ စားသောက်ဆိုင် ကုန်ပစ္စည်းပို့ဆောင်တဲ့သူတွေ၊ ဘဏ်တွေ ပုဂ္ဂလိကလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ဝန်ထမ်းတွေက စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ဘယ်နေရာမှာ ဗုံးကွဲနိုင်သလဲ ဘယ်နေရာမှာ ပစ်ခတ်မှုဖြစ်နိုင်သလဲဆိုတာ ကြိုသိနိုင်တဲ့ကိစ္စမဟုတ်တော့ ပုံမှန်လုပ်ကိုင်ရမယ့်ကိစ္စတွေအတွက် ရှောင်လွှဲလို့မရတဲ့သဘောဖြစ်ပါတယ်။
မြို့ပေါ်ကသူတွေအဖို့ ပြည်တွင်းစစ်ဆိုတာ ကိုယ့်အိမ်ထိရောက်မလာသေးတဲ့သဘောလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နယ်တွေကအခြေအနေက ရန်ကုန် မန္တလေးလို ကိုယ့်အလုပ်ကိုယ်လုပ်နိုင်တဲ့အနေအထားမဟုတ်တော့ပါဘူး။ ကျေးရွာတွေစွန့်ပြီး တိမ်းရှောင်ကြရ စိုက်ပျိုးရေးလုပ်ငန်းလည်း မလုပ်နိုင်တော့ပဲ စွန့်ပစ်ထားရသလို မိမိတို့ရဲ့ပိုင်ဆိုင်တဲ့ ကျွဲနွား တိရိစ္ဆာန်၊ ရိက္ခာ၊ အဝတ်အစား ပရိဘောဂကအစ အကုန်သယ်သွားဖို့ မဖြစ်နိုင်တာကြောင့် နေအိမ်နဲ့အတူထားရစ်ခဲ့ကြရပြီး လူ့အသက်ရှင်ကျန်ဖို့အတွက် ဦးစားပေးတိမ်းရှောင်ကြရင်း နေအိမ်တွေ မီးတင်ရှို့တာခံရ၊ ကျွဲနွားတိရိစ္ဆာန်တွေ သတ်ဖြတ်တာခံရဖြစ်သလိုနေကြရတဲ့ ဒုက္ခသည်စခန်းတွေကိုပါ စားနပ်ရိက္ခာဖြတ်တောက်ခံရပြီး အသက်မဆုံးရှုံးသင့်ပဲ အဟာရမပြည့်ဝတာ ဆေးကုသခွင့်မရတာကြောင့် အသက်ဆုံးရှုံးနေကြရတာတွေက နေ့စဥ် ပြည်နယ်တွေ တိုင်းဒေသတွေရဲ့ အခြေအနေဖြစ်လာနေတာပါ။
စစ်ကိုင်းတိုင်းက နေရာအတော်များများ၊ ကယားပြည်နယ် နေရာအများအပြား၊ ချင်းပြည်နယ်က နေရာအတော်များမျာ၊ မကွေးတိုင်းက နေရာတချို့၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ပြည်တွင်းစစ် ဖြစ်ပြီလား မဖြစ်သေးဘူးလားဆိုတာ စကားလုံးအသုံးအနှုန်းမှာ အငြင်းပွား သဘောတူတာမတူတာ ရှိကောင်း ရှိနေကြပေမယ့် အဲဒီဒေသတွေမှာတော့ တကယ့်ပြည်တွင်းစစ်ဖြစ်နှင့်နေပြီး ဖြစ်ပါတယ်။
လူမျိုးစုလွတ်မြောက်ရေးအတွက် ကိုယ့်လူမျိုးစုတွေရဲ့ အခွင့်အရေးတွေကာကွယ်ဖို့အတွက် ရည်ရွယ်ချက်တွေနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေက ပြီးခဲ့တဲ့ နှစ် ၇၀ လောက်ကတည်းက စတင်ခဲ့ကြတာဖြစ်ပြီး ခု စစ်အာဏာသိမ်းပြီးနောက်မှာတော့ ရုတ်တရက် ကျယ်ပြန့်လာခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့ ဒီနေ့သတင်းတွေကြည့်တဲ့အခါမှာလည်း ကယားပြည်နယ် မိုးဗြဲမှာ PDF ကင်းစခန်းလုပ်ထားတဲ့ မီးသတ်ဌာနကို စစ်ကောင်စီတပ်တွေ ပစ်ခတ်တိုက်ခိုက်တဲ့ သတင်း၊ အလားတူ ကလေးမြို့အနီးက ကျေးရွာက PDF စခန်းတခုကို စစ်ကောင်စီတပ်တွေ စီးနင်းတိုက်ခိုက်တဲ့ သတင်း၊ ရန်ကုန်မြို့မှာ YRTA ရန်ကုန် သယ်ယူပို့ဆောင်ရေး ဘတ်စ်စကားတစီးကို မီးရှို့ခဲ့တဲ့သတင်း၊ ပုသိမ်မြို့မှာ ရေကြောင်း ရဲတပ်ဖွဲ့စခန်းကို PDF တွေက သွားရောက်ပစ်ခတ်ခဲ့တဲ့ သတင်း၊ ဧရာဝတီတိုင်းဝန်ကြီးချုပ် နဲ့ ဟိုတယ်ခရီးဝန်ကြီးတို့ ချောင်းသာက အပြန်မှာ PDF အဖွဲ့တဖွဲ့က ချောင်းမြောင်းပစ်ခတ်ခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်။
နေပြည်တော်နဲ့ ရန်ကုန်တို့မှာတော့ နိုင်ငံတကာကအစိုးရတွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ သံတမန်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ သံတမန်တွေ စစ်ကောင်စီနဲ့တွေ့တာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့သတင်းတွေ ဖေါ်ပြထားကြတာတွေ့ရပါတယ်။
ဂျပန်နိပွန်ဖောင်ဒေးရှင်း ဥက္ကဌဖြစ်သူ ဆာဆာကာဝါက စစ်ကောင်စီနဲ့သာမက ရခိုင်နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်မက နိုင်ငံရေးပါတီအချို့နဲ့ တွေ့ဆုံခဲ့တဲ့ သတင်းတွေ ဖေါ်ပြထားကြပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒါဟာ အစိုးရနဲ့မသက်ဆိုင်ဘူးလို့ ငြင်းဆိုထားတာလည်း ဖြစ်ပါတယ်။
အလားတူပဲ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒုတိယအကြိမ် လာရောက်သွားတဲ့ ဘီလ်ရစ်ချတ်ဆန်ရဲ့ခရီးစဥ်ကလည်း အမေရိကန်အစိုးရနဲ့ မသက်ဆိုင်ဘူးလို့ ငြင်းဆိုထားတာဖြစ်ပါတယ်။ သို့ပေမယ့်လည်း နိုင်ငံတကာအစိုးရတွေက ကြားခံလူတွေကိုအသုံးပြုပြီး အရှေ့တောင်အာရှမှာ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ဒေသတခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ လက်ရှိပြည်တွင်းစစ်မီး ပိုကျယ်ပြန့်တောက်လောင်လာမယ့် အလားအလာကနေ ရှောင်ရှားဖို့ ကြိုးစားကြတာလားလို့လည်း စဥ်းစားယူဆစရာ တချို့ရှိပါလိမ့်မယ်။
အခုလို အခြေအနေထဲမှာပဲ အမျိုးသားအတိုင်ပင်ခံကောင်စီလို့ခေါ်တဲ့ NUCC ရဲ့ ပထမဆုံးအကြိမ် လူသိရှင်ကြားထွက်ပြပြီး မူဝါဒတွေ လုပ်ငန်းစဥ်တွေ ပါဝင်သူတွေကို အသိပေးတဲ့ သတင်းစာရှင်းလင်းပွဲကို ဒီနေ့မနက်ပိုင်းမှာ အွန်လိုင်းကနေလုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချို့အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေ သပိတ်ကော်မတီ၊ အန်အယ်လ်ဒီပါတီ၊ စီအာရ်ပီအိတ်ချ် လွှတ်တော်ကိုယ်စားပြုကော်မတီ စတဲ့အင်အားစုတွေ ပါဝင်စုစည်းထားတဲ့ ပျက်ပြယ်သွားပြီဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေမှာ အစားထိုးရမယ့် ချာတာကို ရေးဆွဲခဲ့တဲ့ အမျိုးသားအတိုင်ပင်ခံကောင်စီရဲ့ ပထမဆုံး ပွဲဦးထွက် သတင်းစာရှင်းလင်းပွဲလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar