Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၁၇ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၁၇ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၂၁

• မြို့ပြပျောက်ကျားတိုက်ပွဲနဲ့ သေနင်္ဂဗျူဟာ နည်းဗျူဟာနဲ့ ကျေးလက်အခြေစိုက်ပျောက်ကျား
ဒီနေ့သတင်းတွေထဲမှာ အများစုဖေါ်ပြနေကြတဲ့အကြောင်းအရာတခုက ကလေးမြို့ အနောက်တောင်ဘက်က PDF စခန်းတခုကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ရက်က ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းဆီးခံရတဲ့ ဆေးတပ်သား မိန်းကလေးငယ် ၈ ဦးရဲ့ ဓါတ်ပုံတွေဖြစ်ပါတယ်။ အသက်အားဖြင့် ၂၀ မကျော်သေးတဲ့ မိန်းကလေးငယ်တွေ၊ တချို့လည်း ချင်းတိုင်းရင်းသူအသွင်အပြင်လို့ယူဆရပြီး သူတို့ကိုဖမ်းဆီး လက်ကိုကြိုးတုပ်ထားစဥ်မှာ စစ်တပ်ကရိုက်ယူထားတဲ့ပုံတွေ ဆိုရှယ်မီဒီယာပေါ် ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ 

မိန်းကလေးတွေရဲ့ မျက်နှာအသွင်အပြင်ကိုကြည့်ပြီး လူအများက သူတို့ရဲ့ ကြံ့ကြံ့ခံတဲ့စိတ်အနေအထားကို ခန့်မှန်းမိကြသလို တယောက်က ထီမထင်တဲ့အပြုံးနဲ့ ဓါတ်ပုံရိုက်သူကို မော်ကြည့်နေတာဖြစ်ပါတယ်။ ကလေးမြို့နယ်က တောတနေရာမှာ စခန်းချထားပြီး ဖမ်းဆီးခံရတာလို့ ယူဆရပါတယ်။ ဒီလိုဓါတ်ပုံတွေ ပျံ့နှံ့လာတဲ့နောက် ဆိုရှယ်မီဒီယာမှာ အမျိုးမျိုးသော ကွန်းမင့်တွေ အမြင်တွေ ဝေဖန်မှုတွေနဲ့ ဝေဖန်ရေးသားနေကြတာလည်း ဖြစ်ပါတယ်။ အဖြစ်အပျက်နဲ့ပတ်သက်လို့ မိန်းကလေးတွေရဲ့ အမည် သူတို့နေထိုင်ရာမြို့ ရွာတွေနဲ့ပတ်သက်လို့တော့ တိတိပပ အချက်အလက်တွေ မသိရသေးပါဘူး။ 

ဒီနေ့မှာပဲ စစ်ကောင်စီက ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့တဲ့ ပီဒီအက်ဖ်တွေလို့ စွပ်စွဲသူ ၄၇ ယောက်ကို ဓါတ်ပုံတွေနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်မြို့က ဗားကရာနဲ့ သန်လျင်တံတားအဆင်း ရဲကင်းတွေကို ပစ်ခတ်မှုနဲ့ဆက်စပ်သူတွေလို့ စွပ်စွဲထားပြီး ရန်ကုန်မြို့ရဲ့ နေရာ ၇ ခုလောက်ထက်မနည်းမှာ ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။ 

အားလုံးနီးပါး လူငယ်တွေဖြစ်ပြီး မိန်းကလေးက ၇ ဦးကျန်တာ အမျိုးသားတွေချည်းဖြစ်ပါတယ်။ တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ တိုက်ခန်းတွေ ကွန်ဒိုလိုမျိုးမှာ နေထိုင်နေကြစဥ် ဖမ်းဆီးခံရတာ အများစုဖြစ်ပါတယ်။ အဆက် အစပ် တကြိမ်ဖမ်းခံရချိန်မှာ အခုလို လူ ၄၀ ကျော် ၅၀ နီးပါးအဖမ်းခံရတဲ့အဖြစ်ကိုကြည့်ရင် မြို့ပြပျောက်ကျားအဖွဲ့တွေ အနေနဲ့ ဆဲလ်သဖွယ် အကန့်လိုက် အကန့်လိုက် ဖွဲ့စည်းလှုပ်ရှားကြတာမဟုတ်ပဲ ကြိုးနဲ့သီထားသလို အထဲမှာပါနေတဲ့သူတွေ အစုဖွဲ့ငယ်တခုကသူက နောက်အစုဖွဲ့ငယ်ကိုလည်း သိနေတာမျိုး အဲလိုမဟုတ်ခဲ့ရင် ဆက်စပ်သူတွေ အစုအဖွဲ့တွေကို အချင်းချင်း အစုအဖွဲ့အချင်းချင်း သိနေကြတာမျိုးလို့ ယူဆရပါတယ်။ 

ဒီလိုတန်းစီ ဆက်သွယ်ထားတဲ့ မြေအောက်လှုပ်ရှားမှုမျိုးက တနေရာမှာလုံခြုံရေး ကျိုးပေါက်တာနဲ့ ကျန်တဲ့သူတွေဆီပါ အန္တရာယ်က မိနစ်ပိုင်းအတွင်း နာရီပိုင်းအတွင်း ဆက်လက်ကျရောက်နိုင်တာ ဖြစ်ပါတယ်။ ထုတ်ပြန်တဲ့ ဓါတ်ပုံတွေမှာကြည့်လိုက်ရင် အချို့ကို ရိုက်နှက်ထားလို့ မျက်နှာတွေမှာ သွေးစတွေတောင် စွန်းထင်းနေတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ထောက်လှမ်းရေးသတင်းအချက်အလက်တွေကို ပတ်ဇယ် ကစားကွက်လို အစတစကနေ တခုလုံးပုံဖေါ်နိုင်တဲ့ အစွမ်းရှိလို့မဟုတ်ပဲ အညှာအတာမဲ့ ရိုက်နှက်နှိပ်စက်တာကတဆင့် သတင်းအချက်အလက်တွေကို ထုတ်ပြောခိုင်းတာဖြစ်ပါတယ်။ 

အစပိုင်းမှာပြောသလို တန်းဆက်ချိတ်ဆက်ထားတာမဟုတ်ပဲ  ဆဲလ်သဖွယ် အကန့်လိုက် အကန့်လိုက် ၄ ယောက်၊ ၅ ယောက် တစုစုထားတဲ့ ဆဲလ်တွေကို ဒီနက်ဝေါ့ခ်ကို ပင်မဆက်သွယ်တဲ့သူတဦးကလွဲလို့ ဘယ်သူမှ မသိခဲ့ရင် ဆဲလ်တခုအဖမ်းခံရရုံနဲ့ ကျန်တဲ့ဆဲလ်တွေဆီ အန္တရာယ်ကျရောက်မှာမဟုတ်ပါဘူး။ နက်ဝေါ့ခ်ကို ကိုင်တဲ့သူတော့ ရန်သူလက်ထဲမကျဖို့ အထူးဂရုစိုက်ရမှာဖြစ်ပြီး ကျန်တဲ့အစုအဖွဲ့ တခု ဆဲတခုမိရုံနဲ့ ကျန်တဲ့ ဆက်စပ်တဲ့သူတွေကို တန်းစီပြီးအန္တရာယ်ကျရောက်တာမျိုးကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ အဆိုပါဆဲလ် အနေနဲ့ မြေအောက်လှုပ်ရှားမှုလုပ်ကိုင်တာမျိုးကို လက်ဝဲအဖွဲ့အစည်းတွေက ပိုမိုကျွမ်းကျင်ကြပြီး ရက်စက်စွာ ဖိနှိပ်လေ့ရှိတဲ့ ဖက်ဆစ်အာဏာရှင်လို အုပ်ချုပ်မှုအောက်မှာ လှုပ်ရှားမှုလုပ်နိုင်အောင် ဖွဲ့စည်းလုပ်ကိုင်လေ့ရှိကြပါတယ်။ 

နောက်တချက်ကတော့ အဲလိုဆဲလ်အနေနဲ့ လှုပ်ရှားခဲ့ချိန်မှာ ရန်သူဘက်က တစုံတရာအနံ့ရသွားပြီ လိုက်နေပြီလို့ ယူဆရတဲ့အချိန်ကျရင် မြို့ပေါ်က မြေအောက်လှုပ်ရှားသူတွေကို လက်နက်ကိုင်ဧရိယာ တနည်းအားဖြင့် လွတ်မြောက်ဧရိယာကို တိမ်းရှောင်ဖို့ ဆုံးဖြတ်စီစဥ်ကြရတာမျိုးဖြစ်ပါတယ်။ မြို့ပေါ်မှာဆက်နေပြီး ရန်သူလက်ထဲကျခံတာထက်ကို မြို့ပေါ်မှာ ဆက်သုံးဖို့မဖြစ်နိုင်တော့တဲ့အနေအထားမှာ လွတ်မြောက်နယ်မြေကို တိမ်းရှောင်ခိုင်းပြီး လူအစားထိုး ဆက်လက်လှုပ်ရှားကြရတာမျိုး ဖြစ်ပါတယ်။ 

ယခင် ၇၀ ခုနှစ်နှောင်းပိုင်းနဲ့ ၈၀ ခုနှစ်နှောင်းပိုင်းတွေမှာ လက်ဝဲမြေအောက်အဖွဲ့တွေ ရန်ကုန်မြို့ မြစ်ဝကျွန်း ပေါ်နဲ့ မန္တလေးမြို့တို့လိုမှာ မြေအောက်လှုပ်ရှားမှုတွေလုပ်ခဲ့ကြတဲ့သာဓကတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်ကလည်း တခါမျှ ဖမ်းမမိဘူးလားလို့မေးရင် မိတဲ့အခါတွေလည်း ရှိခဲ့ပါတယ်။ ၈၂ ခုနှစ်မှာ နက်ဝေါ့ခ်ကို ပင်မချုပ်ကိုင်သူကို အကြောင်းတခုကြောင့် သတင်းပေါက်ကြားသွားပြီး သူအဖမ်းခံရချိန် ဆဲလ်တွေအားလုံးနီးပါး နာမည်နဲ့တကွပေါက်ကြားပြီး လူ ၂၀၀ လောက်အဖမ်းခံရတဲ့ အဖြစ်အပျက် တကြိမ်ရှိခဲ့ဖူးပါတယ်။ အဲလို ပင်မရေသောက်မြစ်ထိန်းချုပ်သူကို ဖမ်းမိခံရတဲ့အခြေအနေသာမဟုတ်ခဲ့ရင် အခုကာလ မြေအောက်လှုပ်ရှားသူတွေ တတိ တတိ ဖမ်းခံနေရသလို အစုအပြုံလိုက် အဖမ်းခံရတာမျိုးကို ရှောင်ရှားနိုင်မယ့်သဘောလည်း ဖြစ်ပါတယ်။ 

ဒါကတော့မြို့ပြ မြေအောက်လှုပ်ရှားမှုတွေနဲ့ဆက်စပ်လို့ လုပ်နည်းလုပ်ဟန်ပိုင်းဆိုင်ရာ ပြန်သုံးသပ်စရာ ဖြစ်ပါတယ်။ ကျေးလက်တွေ တိုင်းရင်းသားဒေသတွေမှာတော့ ပျောက်ကျားတပ်ဖွဲ့ဖွဲ့တဲ့အခါ ရိက္ခာရဖို့ အကူအညီရဖို့ အတွက်ကျေးရွာတွေနဲ့ သိပ်မဝေးတဲ့ နေရာမျိုးတွေရွေးချယ် စခန်းချကြတာတွေ့ရပါတယ်။ စစ်ကိုင်းတိုင်း ကနီ၊ ယင်းမာပင် စတဲ့နေရာတွေ ကလေးမြို့တဝိုက်တွေမှာ အဲလိုစခန်းချကြပြီး စစ်ကောင်စီက သတင်းအစအနရတဲ့အခါမှာ လာရောက်ရှင်းလင်းတာမျိုး ခံကြရတာဖြစ်ပါတယ်။ အဲဒီဒေသတွေက ပီဒီအက်ဖ် လှုပ်ရှားမှုဟာ လောလောဆယ်မှာ အခြေခံဒေသ ခြေကုတ်စခန်းတည်ထောင်နိုင်တဲ့အနေအထားမဟုတ်သေးတာကြောင့် စစ်ကောင်စီလက်လှမ်းမီတဲ့နေရာတွေမှာပဲ ဖြစ်နေသေးတဲ့သဘောရှိပါတယ်။ 

မင်းတပ်လို ပထဝီအနေအထားအရ အသာစီးရတဲ့ မြို့နယ်တွေ၊ ချင်းပြည်နယ်ဒေသအချို့လို နယ်စပ်နဲ့နီးတဲ့ ဒေသတွေမှာတော့ စစ်ကောင်စီက အလွယ်တကူ လာရောက်ဖြိုခွဲဖို့ မဖြစ်နိုင်တဲ့နေရာတွေမှာ အခြေစိုက်စခန်းချကြတာက အားသာချက်ဖြစ်မယ်ထင်ပါတယ်။  ခြုံပြောရရင် မြို့ပြပျောက်ကျားတွေနဲ့ပတ်သက်ရင် မဟာဗျူဟာအရ ရောနည်းဗျူဟာအရပါ ပြန်လည်သုံးသပ် ပြင်ဆင်သင့်တာတွေကို အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့ လိုအပ်နေပြီလို့ ထင်မြင်မိပြီး တော်လှန်ရေးအင်အားဆိုတာဟာ အမြဲတမ်း ပြန်ဖြည့်ဆည်းနိုင်မယ်လို့ မှန်းဆမထားပဲ အရှိန်မြင့်နေချိန် အင်အားနည်းပါးသွားချိန်တွေလည်း ရှိနိုင်တယ်ဆိုတာ သတိပြုဖို့လိုအပ်ပါလိမ့်မယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar