Breaking News

အောင်သူငြိမ်း - သက္ကရာဇ် ၂၀၂၂ အတွက် ဆန်းသစ်နည်းပညာများ (၃)

အောင်သူငြိမ်း - သက္ကရာဇ် ၂၀၂၂ အတွက် ဆန်းသစ်နည်းပညာများ (၃)
(မိုးမခ) နို၀င်ဘာ ၂၆၊ ၂၀၂၁

The Economist မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ The World Ahead 2022 စီမံချက်အကြောင်း တလောက ကျနော်ရေးခဲ့တယ်။ လာမယ့်နှစ် ၂၀၂၂ မှာ ဖြစ်နိုင်ခြေရှိတဲ့ လားရာတွေကို ခန့်မှန်းဖော်ပြထားတယ်။ အခုလည်း အဲဒီအဆက်ဆောင်းပါးပါပဲ။ လာမယ့် သက္ကရာဇ် ၂၀၂၂ အတွင်း စောင့်ကြည့်ရမယ့် ဆန်းသစ်စ နည်းပညာ ၂၂ ခု အကြောင်း ဖော်ပြထားတယ်။ အရင်က ၁၂ ခု ရေးပြီးပါပြီ။ ဆယ်ခုကျန်တာ ဆက်ဖော်ပြပါမယ်။
 
၁၃။ အသံ တိတ်ဆိတ်တဲ့ အသံထက်မြန်တဲ့ လေယာဉ်ပျံများ (supersonic aircraft)
အသံထက်မြန်တဲ့ လေယာဉ်ပျံတွေဟာ အမြန်နှုန်းမြှင့်လိုက်တဲ့အချိန်မှာ ပေါက်ကွဲသံကြီးတခု (sonic boom) ထွက်ပေါ်လာတတ်ပါတယ်။ အဲဒီတော့ သိပ္ပံပညာရှင်တွေက အဲဒီအသံပြင်းအားကို လျှော့ချနိုင်ဖို့ ကြိုးပမ်းနေခဲ့ကြပါတယ်။ အခုက ကွန်ပြူတာများ အားကောင်းလာတဲ့အခါမှာတော့ သီအိုရီတွေ၊ လက်တွေ့တွေနဲ့ အဲသလို ပေါက်ကွဲသံကို လျှော့ချနိုင်ဖို့ ဖြစ်လာပါပြီ။ ၂၀၂၂ ခုနှစ်မှာ နာဆာရဲ့ x-59 Quesst (အတိုကောက်အားဖြင့် တိတ်ဆိတ်သော အသံထက်မြန်တဲ့နည်းပညာ “Quiet Supersonic Technology” ကို ခေါ်တာပါ) လေယာဉ်ကို စမ်းသပ်ပျံသန်းပါလိမ့်မယ်။ အရင်တုန်းက အသံထက်မြန်တဲ့ Concorde လေယာဉ်ပျံရှိခဲ့ဖူးပြီး နောက်ပိုင်း ရပ်ထားခဲ့ပါတယ်။ အခု နည်းပညာသစ်က အရင် ကွန်းကော့ ပေါက်ကွဲသံထက် ၈ ပုံ ၁ ပုံလောက်ပဲ sonic boom ပေါက်ကွဲမှုရှိမှာပါ။ အောင်မြင်လာရင် နောက်ပိုင်း အသံထက်မြန်တဲ့ လူစီး ခရီးသွားလေယာဉ်တွေ ပေါ်ပေါက်လာမှာပါ။ 

၁၄။ 3D- ပုံထုတ် အိမ်ထုတ်များ 
ဗိသုကာတွေက အိမ်ပုံစံ မိုဒယ်တွေထုတ်ဖို့ တခါတရံ 3d ပုံထုတ်နည်းပညာကိုသုံးလေ့ရှိကြပါတယ်။ အခု နည်းပညာ ကောင်းလာတာနဲ့အမျှ တကယ့်အိမ်အစစ်ကို ပုံထုတ်နိုင်တော့မှာပါ။ ပစ္စည်းကို ပြွန်ကနေတဆင့် ရေမြှုပ်သဘောကနေထုတ်ယူပြီး၊ နောက်ပိုင်းမှ ပြန်မာယူဖို့ ဖြစ်ပါတယ်။ အလွှာလိုက် အလွှာလိုက် အိမ်ကို ပုံထုတ်ယူပြီး၊ နောက်မှ ပြန်တပ်ဆင် ပါမယ်။ ၂၀၂၂ မှာတော့ ကယ်လီဖိုနီးယားအခြေစိုက် Mighty Buildings ကုမ္ပဏီက Rancho Mirage အရပ်မှာ 3D ပုံထုတ် သဘာဝဝန်းကျင်နဲ့လျော်ညီတဲ့ အိမ် ၁၅ လုံးကို ဆောက်လုပ်မှာ ဖြစ်ပါတယ်။ တက်ဆပ်ပြည်နယ် အခြေစိုက် And icon ကုမ္ပဏီကလည်း အော်စတင်မြို့နားမှာ 3D အိမ် အလုံး ၁၀၀ ကို စတင်ဆောက်လုပ်ပါမယ်။ 

၁၅။ အိပ်ပျော်ခြင်း နည်းပညာ (Sleep tech)
လူတွေ နိုးထနေချိန်မှာ အမြင့်မားဆုံး ထုတ်လုပ်နိုင်စွမ်း ရှိဖို့ အရေးကြီးတာတင် မဟုတ်ပါဘူး။ အိပ်ချိန်မှာလည်း အပြည့်အဝ အနားရဖို့ လိုအပ်ပါတယ်။ ဒါကို နည်းပညာပေါင်းစုံ သုံးပြီး ဆောင်ရွက်မှာပါ။ လက်ကောက်ကွင်း၊ ခေါင်းစည်း စတာတွေသုံးပြီး လူတွေ အိပ်ပျော်ပုံကို မှတ်တမ်းတင်မယ်၊ အိပ်ပျော်တဲ့ အရည်အသွေးကို သိနိုင်မယ်။ စိတ်နူးညံ့စေမယ့် အသံသာများ၊ အပူနဲ့ အအေးစီမံထားတဲ့ အိပ်ယာ၊ စမတ် သတိပေးနာရီ စတာတွေ ပါဝင်ပါလိမ့်မယ်။ Google က ၂၀၂၁ ခုနှစ်ထဲမှာပဲ ညပိုင်း လူတွေအိပ်ပျော်တာကို မှတ်တမ်းတင်မယ့် တက်ဘလက် (sleep-tracking nightstand tablet) ကို ထုတ်ပါလိမ့်မယ်။ Amazon က ၂၀၂၂ ခုနှစ်မှာ လိုက်ပြီး လုပ်ပါလိမ့်မယ်။ နားထောင်ရတာတော့ အတော်ထူးဆန်းနေနိုင်ပါတယ်။ 

၁၆။ လူတဦးချင်းအတွက် ရည်ရွယ်တဲ့ အာဟာရ (Personalised nutrition)
လူတဦးချင်းရဲ့ အစာချေစနစ် (metabolism) ဟာ ထူးခြားပါတယ်။ အလားတူပဲ အစားအသောက် ရွေးချယ်ပုံကလည်း ခြားနားပါတယ်။ အခုတော့ လူတဦးချင်းအတွက် ပြင်ဆင်ပေးတဲ့ အာဟာရ (personalised nutrition) ပေါ်ထွက်လာပါပြီ။  ဘယ်အချိန် ဘာစားရမယ်ဆိုတဲ့ apps တွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ စက်တွေက သူ့ဘာသာ လေ့လာမှတ်သားယူတဲ့ အယ်လ်ဂို ရစ်သမ် (machine-learning algorithms) ကို သုံးပြီး လေ့လာမှု ပြုနေမယ်။ သင့်ရဲ့သွေးနဲ့ အူထဲက ပိုးမွှားငယ် (microbiome) တွေကို စမ်းသပ်မယ်။ လေ့ကျင့်ခန်း ဘယ်လိုလုပ်သလဲဆိုတဲ့ ဘဝနေထိုင်ပုံ ဒေတာတွေကို စုဆောင်းယူမယ်။ အရေပြားပေါ် ကပ်ထားတဲ့ အဝိုင်းသေးသေးလေးကနေပြီး အချိန်နဲ့အမျှ သွေးထဲက သကြားဓာတ်ကို လေ့လာနေမယ်။ ပြီးတဲ့ နောက်မှာ လူတဦးချင်းအတွက် ပြင်ဆင်ထားတဲ့ အာဟာရစနစ် ဖြစ်လာနိုင်ပါတယ်။ အမေရိကန်က လူတဦးချင်း အတွက် အာဟာရ စီစဉ်တဲ့ ကုမ္ပဏီတွေက ဈေးကွက်ကို ချောင်းနေကြပြီး ၂၀၂၂ ခုနှစ်မှာ ပေါ်ပေါက်လာနိုင်ပါတယ်။ ဆီးချို၊ ခေါင်း တခြမ်းကိုက်ရောဂါတွေအတွက်တော့ ကုသပုံနည်းနာအတွက် ခွင့်ပြုချက်မျိုးတွေတော့ လိုအပ်ပါဦးမယ်။ 

၁၇။ ဝတ်ဆင်နိုင်တဲ့ ကျန်းမာရေး စောင့်ကြည့်ကရိယာများ (Wearable health trackers)
အခုအခါ အဝေးကနေ ကျန်းမာရေးအတွက် အကြံရယူတာတွေ ခေတ်စားလာနေပါပြီ။ ဒီအခါ လူဝတ်ဆင်ထားရတဲ့ ကျန်းမာ ရေး စောင့်ကြည့် ကရိယာများ ထွက်ပေါ်လာနိုင်ပါတယ်။ ဥပမာ Fitbit သို့မဟုတ် Apple Watch နာရီလိုမျိုးတွေက ပြေးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ကိုယ်ခန္ဓာ ကြံ့ခိုင်မှု စတာတွေကို စောင့်ကြည့်နိုင်ကြပါတယ်။ အခုလို ပစ္စည်းတွေနဲ့ ကျန်းမာရေးစောင့်ကြည့်ကရိယာတွေက သိပ်မကွာခြားတော့ပါဘူး။ ၂၀၂၂ မှာ ပေါ်လာတဲ့ ကရိယာတွေမှာ သွေးပေါင်ချိန်နဲ့ သွေးထဲက အရက်အဆင့်ကိုပါ သိနိုင်တော့မှာပါ။ ဆင်ဆာနည်းပညာသုံး Rockley Photonics ကုမ္ပဏီက လက်ကောက်ဝတ်ပေါ်က ဆေးခန်း “clinic on the wrist” ကရိယာ ထုတ်ဖို့ လုပ်နေပါတယ်။ 

၁၈။ မက်တာဗာ့စ် (The metaverse)
၁၉၉၂ ခုနှစ်တုန်းက နီးလ် စတီဖန်ဆန် (Neal Stephenson) ရေးတဲ့ Snow Crash ဆိုတဲ့ ဝတ္ထုစာအုပ်ထဲက ယူလာတဲ့ နာမည်ပါ။ မက်တာဗာ့စ် “metaverse” ဆိုတဲ့ ကမ္ဘာက အချိန်ပြည့် ဗာကျုရယ် ကမ္ဘာ (persistent virtual world) လို့ အဓိပ္ပါယ် ရပါတယ်။ ခုအခါမှာ အထူးမျက်မှန် ခေါင်းဆောင်းကိုသုံးပြီး လူတွေ တွေ့ဆုံ ပြောဆိုနိုင်ပြမယ်။ ဂိမ်းကစားနိုင်မယ်။ ပစ္စည်းတွေ ရောင်းဝယ်နိုင်မယ်။ ပိုလို့ အနီးကပ်ဘေးမှာရှိနေသလို ခံစားကြရပါမယ်။ ၂၀၂၂ မှာတော့ ဗီဒီယိုဂိမ်းတွေရယ်၊ လူမှုကွန်ရက်ရယ်၊ ဖျော်ဖြေရေးရယ် ပေါင်းမိသွားကြပါမယ်။ အထူးအတွေ့အကြုံတွေ ရနိုင်ပါတယ်။ Minecraft, Roblox and Fortnite လို ဂိမ်းတွေက အခုလို ကြားခံမီဒီယံအသစ်အတွက် လမ်းစဖြစ်နိုင်ပါတယ်။ Facebook က ကုမ္ပဏီအမည်ကို မက်တာ (Meta) လို့ နာမည်ပြောင်းခဲ့ပါတယ်။ အခွင့်အလမ်းတခုကို ခုန်ကူးဖို့နဲ့ သူ့ရန်သူတွေကို မျက်ခြေဖြတ်လှည့်စားနိုင်ဖို့ပါပဲ။ 

၁၉။ ကွမ်တန် ကွန်ပြူတာနည်းပညာ (Quantum computing)
၁၉၉၀ တုန်းက ကျောက်သင်ပုန်းတွေပေါ်ပဲ ရှိခဲ့တဲ့ အိုင်ဒီယာပါ။ နောက်ပိုင်း အစိုးရတွေရဲ့၊ နည်းပညာကုမ္ပဏီကြီးတွေ၊ အစပျိုးကုမ္ပဏီတွေရဲ့ ဒေါ်လာသန်းချီတန်တဲ့ ပြိုင်ပွဲတွေ ဖြစ်လာပါတယ်။ ကွမ်တန် ရူပဗေဒ (Quantum Physics) နည်းပညာကိုအသုံးပြုတဲ့ အသစ်သော ကွန်ပြူတာတမျိုး ဖြစ်လာပါတယ်။ တွက်ချက်မှု၊ ဝှက်စာဖော်နိုင်စွမ်း၊ ဓာတု၊ ငွေကြေး ကဏ္ဍတွေမှာ အထူးလျှင်မြန်စွာ တွက်ချက်ပေးနိုင်မှာပါ။ ကွမ်တန်ကွန်ပြူတာတခုရဲ့ စွမ်းဆောင်နိုင်ရည်ကို ကျူဘစ် (qubits) တွေနဲ့ တိုင်းတာကြပါတယ်။ အခုအခါ တရုတ်အဖွဲ့တခုက ၆၆ qubits ရှိတဲ့ ကွန်ပြူတာတခုကို ထုတ်လုပ်ထား ပါပြီ။ ၂၀၂၂ ခုနှစ်မှာ အမေရိကန်ကုမ္ပဏီ IBM က qubits ၄၃၃ ရှိတဲ့ ကွန်ပြူတာ ရရှိဖို့ မျှော်လင့်ထားပါတယ်။ ၂၀၂၃ ခုနှစ် မှာတော့ ၁၀၀၀ qubits လောက်အထိ ဖြစ်လာနိုင်ပါတယ်။ လက်ရှိ ရှိနေကြတဲ့ စက်တွေရဲ့ ပြဿနာက စက္ကန့်ရဲ့ များစွာငယ်တဲ့ အပုံ ကာလမှာ ရှုပ်ထွေးပွေလီတဲ့ ကွမ်တန်တွက်ချက်မှု ပြုကြရတာပါ။ တခုခုဖြစ်လို့ ပြင်ဆင်ရင် နှစ်ပေါင်းများစွာ ချီပြီး ကြာမြင့်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိ ရှိနေတဲ့ စက်တွေကိုပဲ စီးပွားဖြစ် လက်တွေ့သုံးနိုင်တော့မယ်လို့ မျှော်လင့်ထား ကြပါတယ်။ 

၂၀။ ဗာကျူရယ် ဩဇာလွှမ်းသူများ (Virtual influences) 
အခုအခါ လူမှုကွန်ရက်မှာ အများကို ဩဇာလွှမ်းနိုင်သူတွေ ရှိကြပါတယ်။ သူတို့ကို (influencer) လို့ ခေါ်ကြပါတယ်။ နောက် ပိုင်းမှာတော့ တကယ်မရှိတဲ့ လူအတု ဗာကျူရယ် ဩဇာလွှမ်းသူတွေ (virtual influencer) တွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ ဇာတ်ကောင်တွေပါ။ သူတို့က အင်စတာဂရမ်၊ ဖေ့ဘုတ်နဲ့ တစ်တောက်တွေမှာ ပူးပေါင်းပါဝင် လာပါလိမ့်မယ်။ အထူးထင်ရှားတာက ဘရာဇီးလ်-အမေရိကန် အသက် ၁၉ နှစ်အရွယ် မိန်းမပျိုလေး Miquela Sousa သို့မဟုတ် “Lil Miquela” ကို လူသိများပါတယ်။ အတုပြုလုပ် ဖန်တီးထားတာပါ။ သူ့နောက်မှာ နောက်ယောင်ခံ follow လုပ်ထားသူ ၃ သန်း ရှိနေပါတယ်။  ၂၀၂၂ ခုနှစ်မှာ အဲသလို ဩဇာလွှမ်းမိုးတဲ့ ဈေးကွက်အတွက် ဒေါ်လာ ၁၅ ဘီလီယံ သုံးဖို့ ကြံရွယ်ထားကြ ပါတယ်။ တကယ်မရှိတဲ့ ဩဇာလွှမ်း သူဇာတ်ကောင်များ (virtual influencers) တိုးပွားလာနေပါတယ်။ Cosmiq Universe ဈေးကွက်တင်ကုမ္ပဏီက ဖန်တီးထားတဲ့ အာကာသဂြိုဟ်တွေအကြား ခရီးသွား Aya Stellar က ဖေဖေါ်ဝါရီလမှာ ကမ္ဘာပေါ်ကို ရောက်ရှိလာပါလိမ့်မယ်။ သူက သူ့သီချင်းကိုလည်း YouTube ပေါ်မှာ ထုတ်လွှင့်ထားပြီးပါပြီ။ 

၂၁။ ဦးနှောက်နဲ့ ပေါင်းကူးဆက်သွယ်မှု အင်တာဖေ့စ် (Brain interfaces) 
၂၀၂၁ ခုနှစ် ဧပြီလမှာ အီလွန် မာ့စ်က စိတ်လှုပ်ရှားစွာနဲ့ တွစ်တာမှာရေးပါတယ်။ macaque မျောက်ငယ်ဟာ ဦးနှောက်ထဲ ထည့်ထားတဲ့ ချစ်ပြား Brainchip ကို သုံးပြီး တယ်လီပက်သီ နည်းအားဖြင့် ဗီဒီယိုဂိမ်းကို ကစားနေတဲ့အကြောင်းပါ။ သူ့ကုမ္ပဏီ Neuralink က မျောက်ငယ်ရဲ့ ဦးနှောက်ထဲကို အီလက်ထရုတ် အသေးလေး ၂ ခုကို ထည့်သွင်းထားပါတယ်။ သူတို့က ဝိုင်ယာလက်စ်နည်းအားဖြင့် လှိုင်းတွေထုတ်လွှတ်ပေးပြီး၊ အနားက ကွန်ပြူတာက ပြန်ပြီး အဓိပ္ပါယ် ဖော်ပေး ပါတယ်။ အဲဒီအခါ မျောက်ငယ်က စဉ်းစားရုံနဲ့ ကွန်ပြူတာဖန်သားပေါ်က ဂိမ်းကို ရွေ့လျားစေနိုင်ပါတယ်။ 

၂၀၂၂ ခုနှစ်မှာတော့ Neuralink ကုမ္ပဏီက လူသားနဲ့ အဲဒီစက်ကို စမ်းသပ်ဖို့ မျှော်လင့်ထားပါတယ်။ ဒါဆိုရင် လေဖြတ်ခံထားရသူတို့အဖို့ ကွန်ပြူတာ အသုံးပြုနိုင်တော့မှာပါ။ အခြား ကုမ္ပဏီတခုဖြစ်တဲ့ Synchron ကလည်း အမေရိကန်စည်းကြပ်သူတွေဆီက အလားတူ စက်ပစ္စည်းကို လူသားနဲ့ စမ်းသပ်ဖို့ ခွင့်ပြုချက်ရရှိထားပါပြီ။ လည်ပင်းသွေးကြောထဲကတဆင့် စက်ပစ္စည်းငယ်ကို ဦးနှောက်ထဲထည့်ပေးပြီး၊ အာရုံကြောစနစ်ကို ရောက်စေမှာပါ။ လေဖြတ်ထားသူတွေကို ကူညီပေးနိုင်ရုံမက Synchron က အခြား အသုံးပြုကိစ္စတွေကိုလည်း ကြံဆနေကြပါတယ်။ အာရုံကြောစနစ် အခြေအနေတွေကို ရောဂါရှာဖွေနိုင်ဖို့၊ ကုသပေးနိုင်ဖို့ပါ။ တက်ချက်တတ်တဲ့ ဝက်ရူးပြန်ရောဂါ (epilepsy)၊ စိတ်ဓာတ်ကျရောဂါနဲ့ သွေးတိုးရောဂါတွေအတွက် အသုံး ဝင်မယ်လို့ ယူဆနေကြပါတယ်။ 

၂၂။ အသားတု ငါးတု (Artificial meat and fish)
အခုအခါ ကုမ္ပဏီပေါင်း ၁၀ ကျော်က အသားတုကို ဘိုင်အိုရီအက်တာ (bioreactors) တွေမှာ မွေးမြူဖို့ လုပ်ဆောင်နေကြပါ တယ်။ တိရစ္ဆာန်တွေဆီက ဆဲလ်ကိုယူပြီး၊ သူတို့ကို သတ်စရာ ဒုက္ခပေးစရာ မလိုတော့ဘဲ ပရိုတင်း၊ သကြား၊ အဆီ၊ သတ္တု ဓာတ်တွေနဲ့ အာဟာရဖြစ်အောင် မွေးမြူပြုစု ထားပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ဆန်ဖရန်စစ္စကိုက Eat Just လို့ခေါ်တဲ့ အသားတုထုတ်လုပ်ရေး အစပျိုးကုမ္ပဏီက ပထမဦးဆုံးထုတ်တဲ့ အသားတုတွေကို စင်္ကာပူမှာ စရောင်းချပါတော့မယ်။ ၂၀၂၂ ခုနှစ်မှာ အခြားလုပ်ငန်းတွေလည်း ပါဝင်ပူးပေါင်းလာကြမှာပါ။ လာမယ့်နှစ်တွေမှာ အစ္စရေးက အစပျိုးကုမ္ပဏီတခုဖြစ်တဲ့ SuperMeat ကလည်း ကြက်သားဘာဂါကို ထုတ်ရောင်းချဖို့ ခွင့်ပြုချက်စောင့်နေပါတယ်။ ဈေးတွေက အရင်ထက် အများကြီးကို ထုတ်လုပ်စရိတ် သက်သာလာခဲ့ပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက် Finless Foods ကုမ္ပဏီကလည်း ပြုစုထုတ်လုပ်ထားတဲ့ တူနာငါး bluefin tuna ကို ရောင်းချခွင့်ရဖို့ စောင့်ဆိုင်းနေပါတယ်။ ဝက်ပေါင်ခြောက်၊ ကြက်ဆင်သား စတာတွေဟာလည်း နောက်ပိုင်းမှာ အသားတုအဖြစ် စက်ရုံတွေက ထုတ်လုပ်လာကြပါမယ်။ နောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်လည်း အလေးထားချင်၊ အသားကင် စတိတ်လည်း ကြိုက်ကြတဲ့သူတွေအဖို့ စားစရာ အာပတ်လွတ် စတိတ်တွေလည်း ရရှိနိုင်ပါတော့မယ်။ 

ပြီးပါပြီ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar