သီအိုဇော် - စစ်မဟာမိတ်အုပ်စုများ၏ အင်ဒို-ပစ္စိဖိတ်ဒေသတွင်း အခင်းအကျင်းများ (၄)
(မိုးမခ) နို၀င်ဘာ ၁၆၊ ၂၀၂၁
• ခြေလှမ်းများ၏ဦးတည်ရာ သက္ကရာဇ် ၂၀၅၀
မျက်မှောက်ကာလမှာ အမေရိကန်နိုင်ငံထက် စစ်အင်အား သာလွန်ကြီးမားတဲ့နိုင်ငံမရှိပေမယ့် အရှိန်အဟုန်နဲ့ အင်အားတိုးချဲ့နေတဲ့ တရုတ်နိုင်ငံကို မပြတ်စောင့်ကြည့်နေရတဲ့ အနေအထားဖြစ်ပါတယ်။ တရုတ်ကလည်း အမေရိကန်ကို ပုခုံးချဥ်းယှဥ်ဖို့၊ အခြေအနေပေးရင် ကျော်တက်သွားလိုတဲ့ အာသီသကို ဖုံးဝှက်ထားခြင်းမရှိခဲ့ပါ။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁၈) ရက်နေ့ကကျင်းပတဲ့ (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေညီလာခံမှာ ဗဟိုစစ်ကော်မရှင်ဥက္ကဌဖြစ်သူ တရုတ်သမ္မတ ရှီကျင်ပင်းက ‘၂၀၅၀ ခုနှစ်ကိုရောက်ရင် ကမ္ဘာ့အဆင့်မီစစ်တပ်ဖြစ်ရမယ်’ လို့ ပြောကြားခဲ့ပါတယ်။ ၂၀၃၅ ခုနှစ်မှာ ခေတ်မီစစ်တပ်ဖြစ်စေရမယ်ဆိုတာကလည်း ချမှတ်ထားတဲ့ပန်းတိုင်တစ်ခုဖြစ်ပါတယ်။ ဒီရည်မှန်းချက်တွေ ပြည့်မီခဲ့ရင်တော့ အင်ဒို-ပစ္စိဖိတ်ဒေသမှာ အမေရိကန်နိုင်ငံရဲ့ စစ်အင်အားလွှမ်းမိုးမှု ချိန်ခွင်ညှာ ပြောင်းလဲသွားနိုင်ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန် ကြီးဌာနကတင်သွင်းတဲ့ ကွန်ဂရက်အစီရင်ခံစာ (၂၀၂၀) အရ မျက်မှောက်အနေအထားမှာ တရုတ်ရေတပ်ဟာ စစ်သင်္ဘောအစီးရေ (၃၅၀) ခန့်ရှိပြီး အမေရိကန်ရေတပ်က (၂၉၃) စီးခန့်ရှိတယ်လို့ သိရပါတယ်။ စုစုပေါင်းအရေအတွက် အကြမ်းဖျဥ်းကိုသာ ဖေါ်ပြထားတာဖြစ်ပြီး သင်္ဘောအမျိုးအစားကို ခွဲခြားထားခြင်းမရှိတာကို ဂရုပြုကြရပါမယ်။
Todd & Lindberg classification system ကို နိုင်ငံတကာရေတပ်များရဲ့ အဆင့်များ ခွဲခြားသတ်မှတ်ရာမှာ အသုံးပြုလေ့ရှိပါတယ်။ အမြင့်ဆုံးအဆင့်(၁)အဖြစ်သတ်မှတ်ခံရဖို့ကတော့ ပင်လယ်သမုဒ္ဒရာအနှံ့ နေရာမရွေး စစ်ဆင်ရေးပြုလုပ်နိုင်တဲ့ စစ်အင်အားနဲ့ တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့ ရေတပ်ဖြစ်ရပါမယ်။ လက်ရှိအဆင့် (၁) နေရာမှာရှိတာကတော့ အမေရိကန်ရေတပ်ပါ။ အဆင့် (၂) နေရာမှာ ကမ္ဘာ့အချို့သောနေရာများဆီ အကန့် အသတ်နဲ့ စစ်ဆင်နိုင်စွမ်းရှိတဲ့ ပြင်သစ်နဲ့ဗြိတိန်ရေတပ်ရှိပါတယ်။ အဆင့် (၃) နေရာမှာရှိတဲ့ တရုတ်ရေတပ်ကတော့ နိုင်ငံနဲ့ဆက်စပ်နေတဲ့ ဒေသဆိုင်ရာရေပိုင်နက်များအထိသာ စစ်ဆင်နိုင်တဲ့ စွမ်းရည်ရှိပါသေးတယ်။ ဒါ့ကြောင့် တရုတ်နိုင်ငံဟာ အဆင့်များကျော်တက်နိုင်ဖို့အတွက် စစ်အသုံးစားရိတ်ကို ဒုတိယအမြင့်ဆုံးသုံးစွဲတဲ့နိုင်ငံ ဖြစ်လာနေတာပါ။ ရုရှားနဲ့အိန္ဒိယရေတပ်တို့ကလည်း လက်ရှိအဆင့် (၃) သတ်မှတ်ခံထားရပါတယ်။
ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေကွန်ဗင်းရှင်း (UNCLOS) က သတ်မှတ်ပေးထားတဲ့ မိမိနိုင်ငံနဲ့ ရေမိုင်၂၀၀ အတွင်းက စီးပွားရေးသီးသန့်ဇုန် (Exclusive Economic Zone-EEZ) ကနေ အကန့်အသတ်နဲ့သာကျော်လွန်နိုင်တဲ့စွမ်းရည်ရှိတဲ့နိုင်ငံများကတော့ အဆင့် (၄) ထဲဝင်ပါတယ်။ အင်ဒို-ပစ္စိဖိတ်ဒေသအနေနဲ့ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားရေတပ်တို့ ပါဝင်ပါတယ်။ ဒီအဆင့် (၁) ကနေ အဆင့် (၄) အထိရှိတဲ့ နိုင်ငံတကာရေတပ်များကို Blue Water Navy (အဏ္ဏဝါ ရေပြင်ပြာရေတပ်) အဖြစ် သတ်မှတ်ခေါ်ဝေါ်ကြပြီး အင်အားကြီးရေတပ်စာရင်းဝင်များလို့တော့ ပြောနိုင်ပါတယ်။ စံနှုန်းစံထားများစွာနဲ့ အဆင့်သတ်မှတ်ထားခြင်းဖြစ်တဲ့ အထဲကအရေးကြီးပြီး သိသာထင်ရှားတဲ့ကွဲပြားမှုတစ်ခုဖြစ်တဲ့ လေယာဥ်တင်သင်္ဘော ပိုင်ဆိုင်မှုကို ဥပမာပြု နှိုင်းယှဥ်ပြပါမယ်။
တည်ဆောက်ဆဲစာရင်းကို ချန်လှပ်ထားရင် အမေရိကန်ရေတပ်မှာ အသင့်တိုက်ပွဲဝင်နိုင်တဲ့ လေယာဥ်တင် သင်္ဘော (၁၁) စီးရှိပြီး တရုတ်ရေတပ်က (၂) စီးရှိပါတယ်။ ယေဘုယျအားဖြင့် အမေရိကန်ရေတပ်ရဲ့ နျူကလီးယားစွမ်းအင်သုံးလေယာဥ်တင် သင်္ဘော (၁၁) စီးလုံးဟာ တင်ဆောင်အသုံးပြုနိုင်တဲ့ လေယာဥ်အရေအတွက်က တရုတ်လေယာဥ်တင်သင်္ဘော (၂) စီးထက် များပါတယ်။ ဒီနှစ်စီးအနက် ၂၀၁၂ ခုနှစ်မှာ စတင်အသုံးပြုခဲ့တဲ့ လေယာဥ်တင်သင်္ဘော Liaoning ဟာ ဆိုဗီယက်ယူနီယံလက်ထက်က စတင်တည်ဆောက်ခဲ့ပြီး ဆိုဗီယက်ပြိုကွဲသွားပြီးတဲ့နောက် အပြီးမသတ်နိုင်ခဲ့တဲ့ Varyag သင်္ဘောကို တရုတ်နိုင်ငံက ၁၉၉၈ ခုနှစ်မှာဝယ်ယူခဲ့ပြီး လေယာဥ်တင်သင်္ဘောအဖြစ် ပြန်လည်အဆင့်မြှင့်တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ဒုတိယမြောက်လေယာဥ်တင်သင်္ဘော Shandong ဟာ မကြာသေးမီကပြုလုပ်ခဲ့တဲ့ တောင်တရုတ်ပင်လယ် စစ်ရေးလေ့ကျင့်မှုမှာ ပထမဆုံးပါဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကမှ တရားဝင်စတင်အသုံးပြုခဲ့တာပါ။ ဒီ (၂) စီးလုံးဟာ နျူကလီးယားစွမ်းအင်သုံးသင်္ဘောများ မဟုတ်ကြပါ။
အင်ဒို-ပစ္စိဖိတ်ဒေသ လွှမ်းခြုံစိုးမိုးမှု အခန်းကဏ္ဏအတွက် အရေးပါလှတဲ့လေယာဥ်တင်သင်္ဘောများဟာ တည်ဆောက်စားရိတ်ကြီးမားသလို အသုံးပြုနိုင်ဖို့ အချိန်ကာလများစွာလိုအပ်ပါတယ်။ အမေရိကန်ရေတပ်ရဲ့ နောက်ဆုံးလေယာဥ်တင်သင်္ဘော USS Gerald Ford ဟာ ဒေါ်လာ (၁၃) ဘီလီယံကျော် ကုန်ကျတယ်လို့ သိထားရပါတယ်။ လေယာဥ်ကွင်းပါတဲ့ မြို့ငယ်တစ်မြို့ကို တည်ဆောက်ရတာထက် ပိုမိုရှုပ်ထွေးတာဖြစ်တဲ့အတွက် အချိန်များစွာယူရပါတယ်။ အထူးသဖြင့် အတန်းအစားတူ သင်္ဘောမျိုးမဟုတ်ပဲ မျိုးဆက်သစ်သင်္ဘောအမျိုးအစားများ တည်ဆောက်ကြတဲ့အခါ ပိုပြီးအချိန်ကြာပါတယ်။
တည်ဆောက်ပြီးသွားရုံနဲ့ သူ့ရဲ့ရေတပ်အမှုထမ်းသက် စပြီလို့မပြောနိုင်သေးပါ။ လုံလောက်တဲ့ စမ်းသပ်ခုတ်မောင်းမှု၊ အစမ်းလေ့ကျင့်မှုများစွာ ပြုလုပ်ပြီးမှ တရားဝင်အမှုထမ်းသက် စတင်နိုင်တာပါ။ ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာနဲ့ကရိယာများကိုလည်း တည်ဆောက်နေချိန်အတွင်း လိုအပ်ရင်လိုအပ်သလိုဖြည့် ဆည်းရပါသေးတယ်။ ဒါ့ကြောင့် တရုတ်နိုင်ငံရဲ့ လေယာဥ်တင်သင်္ဘောတည်ဆောက်မှုဟာ အမေရိကန်နိုင်ငံအပါအဝင် အခြားနိုင်ငံများထက် ပိုမိုမြန်ဆန်နေတာကို တွေ့ရှိထားရပေမယ့်အချိန်ကာလတိုအတွင်းမှာ အမေရိကန်ရေတပ်ရဲ့ ပိုင်ဆိုင်မှုအရေအတွက်ကို အမှီလိုက်နိုင်ဖို့တော့ ခက်ခဲပါလိမ့်မယ်။
တကယ်လို့များ တရုတ်နိုင်ငံက ဒီနှစ်အတွင်း စမ်းသပ်ပစ်လွှတ်လိုက်တဲ့ လက်နက်အသစ်ဟာ ခန့်မှန်းနေကြသလို အသံထက်မြန်ဆန်တဲ့ ဒုံးကျည်ဖြစ်နေခဲ့ရင်တော့ ဒုံးခွင်းဒုံးစံနစ်အသစ် တီထွင်တပ်ဆင်နိုင်မှသာ လက်ရှိလေယာဥ်တင်သင်္ဘောများရဲ့ အန္တရာယ်လျော့နည်းစေနိုင်ပါလိမ့်မယ်။
တရုတ်နိုင်ငံကငြင်းဆိုခဲ့ပေမယ့် အမေရိကန်ကာကွယ်ရေးတပ်ဖွဲ့များရဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ‘မာခ့်မယ်လီ’ က စိုးရိမ်စရာကောင်းတဲ့ တီထွင်မှု အဆင့်ကိုရောက်နေတဲ့ အသံထက်မြန်လက်နက်စံနစ်တစ်မျိုးလို့ ကောက်ချက်ချထားပါတယ်။ ရုရှား၊ တရုတ်နဲ့အမေရိကန်တို့က ဒီနည်းပညာကို စမ်းသပ်တီထွင်နေကြပါတယ်။ အသံထက်မြန်တဲ့လက်နက်နည်းပညာမှာ အမေရိကန်နိုင်ငံဟာ နောက်ကျကျန်ရစ်နေတယ်ဆိုတဲ့ မှန်းဆပြောဆိုမှုတွေလည်းကြားနေရပြီး ပထမဦးဆုံး အသံထက်မြန်လက်နက်ကို ၂၀၂၅ ခုနှစ်ထက်နောက်မကျပဲ တပ်ဆင်နိုင်မယ်လို့ ပင်တဂွန်ကမျှော်လင့်ထားပါတယ်။
အရေးပါပြီးသား လေယာဥ်တင်သင်္ဘောတစ်စီးရဲ့အခန်းကဏ္ဏကို ပိုလို့စွမ်းရည်မြှင့်တင်ပေးနိုင်တာကတော့ တင်ဆောင်လာတဲ့ လေယာဥ်အမျိုးအစားတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်၊ ဩဂုတ်တဝိုက်က တောင်တရုတ်ပင်လယ်စစ်ရေးလေ့ကျင့်မှုမှာပါဝင်ခဲ့တဲ့ ဗြိတိန်တော်ဝင်ရေတပ်ရဲ့ HMS Queen Elizabeth လေယာဥ်တင် သင်္ဘောပေါ်မှာပါလာတဲ့ F-35B တိုက်လေယာဥ်တွေဟာ တန်ဖိုးအလွန်မြင့်မားတဲ့ ခေတ်မီစွမ်းဆောင်ရည်မြင့်လေယာဥ်များအဖြစ် သတ်မှတ်ထားရပါတယ်။ ယူကေအစိုးရရဲ့ ကာကွယ်ရေးပစ္စည်းဝယ်ယူရေးဝန်ကြီး ‘ဂျယ်ရမီကွင်း’ က ၂၀၁၂ ခုနှစ် ပထမဆုံးဝယ်ခဲ့စဥ်က တစ်စီးကို ဒေါ်လာ (၁၆၁) သန်းပေးခဲ့ရပြီး အခု ၂၀၂၀ ခုနှစ်မှာ ဒေါ်လာ (၁၁၅.၅) သန်းကျသင့်တယ်လို့ F-35B တိုက်လေယာဥ်တန်ဖိုးနဲ့ပတ်သက်ပြီး ဖြေကြားခဲ့ဖူးပါတယ်။ ဒီဆောင်းပါးမှာ အခါအခွင့်သင့်သလို ကျသင့်တန်ဖိုးတွေ ထည့်သွင်းရေးသားရတဲ့ ရည်ရွယ်ချက်က အင်ဒို-ပစ္စိဖိတ်ဒေသမှာ မဟာမိတ်စစ်အုပ်စုများရဲ့ နှစ်ရှည်လများ အလေးအနက် စစ်ရေးပြင်ဆင် ရင်းနှီးမြှုပ်နှံထားမှုကို ပိုပြီးထင်သာမြင်သာရှိစေလိုတဲ့ ဆန္ဒကြောင့်ဖြစ်ပါတယ်။မြန်မာနိုင်ငံလို ဒေသတွင်း စိုးရိမ်စရာအရေးအကြောင်းများ ပေါ်ပေါက်လာမှုကြောင့်၊ ရုတ်ချည်းအင်အားထွက်ပြလာခဲ့တာလို့ မထင်မြင်စေလိုတဲ့ အတွက်ပါ။
• ဆောင်းပါး၏နိဂုံး သမိုင်းစာမျက်နှာသစ်များ၏နိဒါန်း
ဒီနေ့ကမ္ဘာကြီးဟာ ရိုးရှင်းမှုများနဲ့ တစ်စထက်တစ်စ ဝေးကွာလာပြီး ပရိယာယ်မာယာများနဲ့ တစ်နေ့ထက် တစ်နေ့ ပိုပြည့်နှက်လာနေပါတယ်။ ကမ္ဘာကြီးရဲ့ ကောင်းရာ ကောင်းကျိုးလုပ်ဆောင်ဖို့၊ ဒေသတွင်း အသီးအပွင့်များ အတူခံစားကြဖို့ဆိုတဲ့ အဖွဲ့အစည်းကြီးငယ်ဟာ ကြိမ်ဖန်များစွာ အမှန်တရားဆိုတဲ့နေရာမှာ ဆိတ်ဆိတ် ငြိမ်နေခြင်းဆိုတဲ့စကားလုံးနဲ့ အစားထိုးနေကြတာကို နိုင်ငံတစ်နိုင်ငံ ကွက်ကွက်လေးတွင်သာမဟုတ်၊ ကမ္ဘာ့နိုင်ငံများစွာမှာ တွေ့မြင်နေကြရဆဲဖြစ်ပါတယ်။ကိုယ့်နိုင်ငံသားထွက်တဲ့သွေး၊ကိုယ့်လူမျိုးကျတဲ့မျက်ရည်ကမှသာ နာကြင်ခံစားမှုကို လှုံ့ဆော်ပေးနိုင်တယ်ဆိုရင်တော့ (၂၁) ရာစု ယဥ်ကျေးတဲ့လူ့အဖွဲ့အစည်းဆိုတဲ့စကားနဲ့ ထိုက်တန်မှုရှိမရှိ မေးသင့်နေပြီလို့သာ ဆိုရတော့မှာပါ။
မိမိနိုင်ငံ မိမိအစိုးရရဲ့ နိုင်ငံရေး စီးပွားရေးလိုအင်ဆန္ဒများကို ရှေ့တန်းတင်ကြပြီး လူသားတစ်ယောက်အနေနဲ့ အနိမ့်ဆုံးရရှိသင့်တဲ့ အသက်ရှင်နေထိုင်ခွင့်ကို လက်လွှတ်ဆုံးရှုံးနေရသူများအတွက်၊ မိမိတို့လုပ်ဆောင်ပေးနိုင်စွမ်းရဲ့ တစ်စိတ်တစ်ပိုင်းမျှကိုသာ နိုင်ငံတကာအလယ် မျက်နှာမပျက်ရုံ၊ သိက္ခာဆည်ရုံလေး ပံ့ပိုးပေးနေကြတာကလည်း ပကတိလက်တွေ့ပဲ ဖြစ်ပါတယ်။ ဒီအပြုအမူတွေဟာ ကြိုဆိုစရာလို့ ဆိုကောင်းဆိုနိုင်ပေမယ့် အသက်၊ ဘဝ၊ အနာဂတ်အလုံးစုံကို ရာနှုန်းပြည့် ပေးဆပ်ထားကြရသူများဘက်ကတော့၊ ကျေနပ်အားရ လောက်စရာလို့ မြင်နိုင်ဖို့ ခက်ခဲနေတာကလည်း သဘာဝကျတယ်လို့ပဲပြောရပါမယ်။
လက်တွေ့ကျလွန်းတဲ့ “အားကိုးစရာဆိုလို့ ပြည်သူတွေပဲရှိပါတယ်” ဆိုတဲ့စကား၊ “ပြည်သူမှာပြည်သူပဲရှိတယ်” ဆိုတဲ့စကားတို့နဲ့ အသားတကျဖြစ်ခဲ့ရင်း အံကိုခဲလို့ တိုက်ပွဲဝင်ခဲ့ကြရသူများအတွက် အာဏာရှင်အဆက်ဆက်အောက်မှာ စိတ်တောင်မကူးနိုင်ခဲ့တဲ့ ရလဒ်ကောင်းတွေ တွေ့မြင်လာကြရတာကတော့၊ ငြင်းပယ်မရတဲ့ တိုးတက်မှုများပဲ ဖြစ်ပါတယ်။ ဒီရလဒ်များရလာဖို့အတွက် ညီမျှခြင်းတဖက်မှာ ဘယ်ကိန်းရှင်တွေက မရှိမဖြစ် အရေးပါလိုအပ်ခဲ့ကြတယ်ဆိုတာကို ပြန်လည်ဆန်းစစ်ပြီး၊ အဲဒီကိန်းရှင်တွေရဲ့တန်ဖိုးကို တိုးပွားစေမှု၊ ယခုတိုင် ညီမျှခြင်းထဲ မပါရှိသေးတဲ့၊ အခြားကိန်းရှင်များ ပါဝင်လာစေမှုတို့က ပိုကြီးမားတဲ့ ရလဒ်ပေါ်ထွက်လာစေနိုင်လိမ့်မယ်ဆိုတာ စစ်အာဏာရှင်တိုက်ဖျက်ရေး အတွေ့အကြုံများစွာ ရှိခဲ့တဲ့သူများပီပီ နားလည်သဘောပေါက်ပြီး ဖြစ်ကြပါလိမ့်မယ်။
အဆုံးမတော့ အပင်ရဲ့ အမြစ်ကိုလှန်မှာလား၊ ကိုင်းဖျားကိုင်းနားချိုင်ရုံပဲလားဆိုတဲ့ ရည်မှန်းချက်အပေါ် မူတည်ပြီး အားစိုက်ထုတ်ရမှုနဲ့ အလုပ်ပမာဏ ကွာခြားမှာဖြစ်သလို၊ အသုံးပြုကြရမယ့် ကိရိယာလည်း ကွဲပြားတယ်ဆိုတဲ့ သဘောတရားကို အခြေပြုစဥ်းစားကြရမှာလည်း ဖြစ်ပါတယ်။
ဒေသတွင်း စစ်မဟာမိတ်များအကြောင်းကို အာရုံစူးစိုက်ထားတဲ့ စစ်ရေးအခင်းအကျင်း လေ့လာမှု ဆောင်း ပါးဖြစ်ပြီး၊နိုင်ငံတကာရဲ့စစ်ရေး (သို့မဟုတ်) နိုင်ငံရေးဖိအားဟာ မျက်မှောက်အနေအထားအတွက် လက်တွေ့ ပိုကျသည်၊ မကျသည် ဆိုတဲ့စကားစစ်ထိုးပွဲပုံစံ ရေးသားနေခြင်းမျိုး မဟုတ်ကြောင်းကိုလည်း သတိချပ်စေ လိုပါတယ်။ ရေခံမြေခံ မတူညီတဲ့ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံကြား တစ်ထပ်တည်းကျတဲ့ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး ပြဿနာမျိုးရှိဖို့နဲ့ နှိုင်းယှဥ်သုံးသပ်နိုင်ဖို့ ဆိုတာကတော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ၂၀၁၉ခုနှစ် အရှိန်အဟုန်ကြီးမားခဲ့တဲ့ ဗင်နီဇွဲလား လူထုအုံကြွမှုကြီးကနေ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း(၅၀) ကျော် အသိအမှတ်ပြုခံရတဲ့ ကြားဖြတ်သမ္မတဟွမ်ဂွိုင်ဒိုနဲ့ အင်အားစုတွေ၊ နစ်ကိုလပ်စ်မက်ဒူရို အစိုးရကို အခုချိန်အထိ မဖြုတ်ချနိုင်သေးတာဟာ ကြီးမားတဲ့နိုင်ငံရေးဖိအားတော့ရှိပြီး စစ်ရေးဖိအားမပေးနိုင်မှုကြောင့် လို့ တစိတ်တဒေသ သုံးသပ်နိုင်ပါမယ်။စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုး စား ရာမှာတော့ စစ်ရေး၊နိုင်ငံရေးဖိအား နှစ်မျိုးလုံးကို၊ အချိုးအစား မှန်ကန်ပါးနပ်စွာ ပေါင်းစပ်အသုံးပြုနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။
စစ်ရေးမဟာမိတ် အုပ်စုများအကြောင်း စူးစမ်းလေ့လာရတဲ့ ရည်ရွယ်ချက်က သူတို့ရဲ့ လာရာလမ်းကို ထင်ထင်ရှားရှား ပိုမိုသိမြင်စေဖို့နဲ့ သူတို့လားရာလမ်းကိုလည်း အတိုင်းအတာတစ်ခုအထိ မှန်းဆနိုင်ဖို့အတွက် ဖြစ်ပါတယ်။ စစ်ပွဲတစ်ခု ဖြစ်ရခြင်းမှာ နောက်ခံအကြောင်းရင်းက ခိုင်ခိုင်မာမာ ရှိတတ်တာကို တွေ့ရှိရမှာဖြစ်ပေမယ့်၊ လတ်တလောအကြောင်းတရားကတော့ ခန့်မှန်းမထားမိခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရရှိနိုင်သမျှ၊ ထုတ်ပြန်ထားရှိခဲ့တဲ့ သတင်းအရင်းအမြစ်များအရ ဆန်းစစ်သရုပ်ခွဲကြည့်ရရင်တော့ ဒီအင်ဒို-ပစ္စိဖိတ်ဒေသအတွင်းက စစ်မဟာမိတ်အဖွဲ့များဟာ ရည်ရွယ်ချက်သီးသန့်ထားရှိပြီး ထိုရည်ရွယ်ချက်များအတွက် အဓိကဦးတည်လှုပ်ရှားနေတဲ့အဖွဲ့များသာ ဖြစ်လို့၊ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ‘ဆောက်ဖြစ်မှ ကျောင်းဒကာ’ လို့ပဲ ပြောရပါလိမ့်မယ်။
ဒါဟာခြွင်းချက်မရှိဆိုပြီး ကောက်ချက်ချနိုင်တဲ့အရာတော့မဟုတ်၊ သတင်းထုတ်ပြန်မှုမရှိခဲ့ပဲ ဒီမဟာမိတ်အဖွဲ့များရဲ့အစိုးရများ၊အေဂျင်စီများက မြန်မာ့အရေးအတွက် စစ်ဗျူဟာအမြင် အခြေခံတဲ့ ချဥ်းကပ်တွေ့ဆုံဆွေးနွေးမှုများကို သူတို့အတွင်းစည်းထဲမှာသော်လည်းကောင်း၊ မြန်မာပြည်သူများကို ကိုယ်စားပြုလှုပ်ရှားနေတဲ့ အဖွဲ့အစည်းများနဲ့သော်လည်းကောင်း၊ ထိပ်တန်းလျှို့ဝှက်အဆင့်လမ်းကြောင်းနဲ့ ချဥ်းကပ်ထားခြင်း ရှိ၊ မရှိ မသိနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ရှိခဲ့တယ်ဆိုရင်တော့ တိုက်ရိုက်စွက်ဖက်မှု ပေးမလာခဲ့ရင်တောင်မှ၊ သူတို့ရဲ့အေဂျင်စီများမှတဆင့် သွယ်ဝိုက်ပံ့ပိုးမှုများ လုပ်လာနိုင်ဖို့ အလားအလာရှိတယ်လို့ မှန်းဆရပါမယ်။ မရှိခဲ့သေးဘူးလို့ အတည်ပြုနိုင်ခဲ့ရင်တော့ ဒီမဟာမိတ်အဖွဲ့များဟာ လက်ရှိအနေအထားမှာ ကြေညာချက်အသစ်များနဲ့ စိတ်ဓါတ်ခွန်အားပေးမယ့်သူများအဖြစ်နဲ့သာ သတ်မှတ်ရအုံးမှာဖြစ်ပါတယ်။
ဒီလိုသာဆိုခဲ့ရင်တော့ အင်ဒို-ပစ္စိဖိတ်ဒေသထဲမှာ သူတို့ရဲ့ စွမ်းအားမြင့်တပ်ဖွဲ့များနဲ့ ရေအောက်ပဲငုပ်ငုပ်၊ မိုးပေါ်ပဲပျံပျံ၊ ရေပြင်မှာပဲပြေးပြေး၊ သူတို့အလုပ် သူတို့လုပ်နေကြတယ်လို့သာ သဘောထားပြီး ကိုယ့်ဖက်က ဝေဝါးမှုမရှိပဲ၊ ကိုယ်လုပ်ရမယ့်အလုပ်ကို အာရုံစူးစိုက်ကာ ညီညီညွတ်ညွတ်နဲ့ ဆက်လက်လုပ်ကိုင်နေကြရပါ မယ်။ ပုတ်ချတဲ့လက်များအစား၊ ဆုပ်ကြတဲ့လက်များဖြစ်လာအောင် အတတ်နိုင်ဆုံးကြိုးစားရင်း၊ မင်းလောင်းမျှော်လေ့ရှိတဲ့ အတိတ်စာမျက်နှာဟောင်းကို ပြန်လှည့်မကြည့်စတမ်း၊ ချန်ထားရစ်နိုင်ကြတဲ့နောက်မှာ၊ ဂုဏ်သိက္ခာပြည့်ဝတဲ့ သမိုင်းစာမျက်နှာသစ်ကို ကိုယ့်အားကိုယ်ကိုး မော်ကွန်းရေးထိုးနိုင်တဲ့နေ့ မုချရောက်ရှိလာမှာဖြစ်ပါတယ်။
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar