မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၁၅ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၂၁
• ကြားဝင်ဆွေးနွေးညှိနှိုင်းမှုတွေ ဘယ်လောက်ထိခရီးရောက်မလဲ
ခုသီတင်းပတ်ထဲမှာ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတို့က အစိုးရအဖွဲ့ဝင်၊ ကိုယ်စားလှယ်၊ ဖောင်ဒေးရှင်း ဥက္ကဌတွေနဲ့ အလွတ်တန်း သံတမန် ဘီလ်ရစ်ချတ်ဆန်ရဲ့ ဒုတိယတခေါက် သတင်းထောက်ကို လာရောက်ခေါ်ဆောင်တဲ့ခရီးစဥ်တွေက သတင်းတွေထဲ အများစုဖေါ်ပြနေကြတာဖြစ်ပါတယ်။
သံတမန်တဖွဲ့ချင်းရဲ့ ဦးတည်ရာလုပ်ဆောင်မှုရလဒ်တွေကို အနည်းငယ်အာရုံစိုက်ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ အာရှရေးရာကိုယ်စားလှယ် ဆွန်ကော့ရှန်ရဲ့ခရီးစဥ်နဲ့ပတ်သက်လို့တော့ သတင်းထုတ်ပြန်တာတွေ မီဒီယာတွေ မေးမြန်းခွင့်တွေမရတာကြောင့် ဘာတွေရလဒ်ထွက်ပေါ်တယ်၊ ဘာတွေတိုက်တွန်းတယ်ဆိုတာမျိုး ထင်ထင်ရှားရှား မသိရပါဘူး။
မှန်းဆကြည့်ရင်တော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်မှာ ဘယ်သူအာဏာရတယ်ဆိုတာထက် နိုင်ငံရေးအရ တည်ငြိမ်မှုရှိဖို့ကို ပိုအာရုံစိုက်မယ်လို့ ယူဆနိုင်ပါတယ်။ တရုတ်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တာရယ် တရုတ်နိုင်ငံအနောက်တောင်ပိုင်းရဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် စွမ်းအင်တွင်သွင်းမှုဆိုင်ရာ လမ်းကြောင်း၊ အနာဂတ်မှာ ကုန်ပစ္စည်းပါသယ်ဆောင်နိုင်ဖို့ ရထားလမ်းဖောက်ဖို့ထိ ရည်ရွယ်ထားတဲ့အနေအထား၊ ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်းကြီးမှာလည်း မြန်မာနိုင်ငံကပါဝင်နေတာတွေကိုကြည့်ရင် မြန်မာ့နိုင်ငံရေးမှာ အနည်းနဲ့အများ သြဇာပေးမှာ ယုံမှားသံသယဖြစ်စရာမရှိပါဘူး။
အခုအနေအထားမှာတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ လက်နက်ကိုင်ပဋိပက္ခတွေကို ခုထက်ပိုပြီးကျယ်ပြန့်လာမယ့်အရေး ပါဝင်ပတ်သက်သူ ပိုများပြားလာတာ၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်လာမှာကို မလိုလားတဲ့အခြေခံရှိမယ်လို့ ယူဆရပါတယ်။ စစ်ကောင်စီတဖက်ထဲကို ဆက်ဆံတာမျိုးထက် အတိုက်အခံအင်အားစုတွေကိုပါ ဆက်ဆံရေးလမ်းကြောင်းဖွင့်ထားတာတွေ့နေရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ပေါ်မှာလည်း သြဇာအထိုက်အလျောက်ရှိနေပြီး အနောက်အုပ်စုနဲ့နီးစပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် သတိထားဆက်ဆံမှာလို့လည်း ယူဆနိုင်ပါတယ်။ ခုလတ်တလော ခရီးစဥ်တွေမှာ အထက်ကလို နိုင်ငံရေးအယူအဆ ရပ်တည်ချက်ဆိုတာတွေထက် အကျိုးစီးပွား တည်ငြိမ်မှုဆိုတာတွေပေါ် အခြေခံပြီး ပြောဆိုမယ်လို့ ခန့်မှန်းရပါတယ်။
ဂျပန်နိုင်ငံရဲ့ နိပွန်ဖောင်ဒေးရှင်းဥက္ကဌဖြစ်သူ မစ္စတာဆာဆာကာဝါရဲ့ခရီးစဥ်ကတော့ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားအချို့ မြန်မာနိုင်ငံမှာ ရှိသလို ဂျပန်က မြန်မာစစ်ကောင်စီအပေါ်မှာ အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဥပမာ ရခိုင့်တပ်တော်လိုမျိုးနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးနဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခအရှိန်လျော့အောင် ကြိုးစားတာမျိုးတွေ လုပ်ဆောင်တာတွေ့ ရပါတယ်။ အရင်နှစ် ရွေးကောက်ပွဲပြီးကာစ ကာလကတည်းက ရခိုင်က နှုတ်သဘောတူညီမှု အပစ်ရပ်ကိစ္စတွေ၊ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာကျင်းပဖို့ တိုက်တွန်းတာတွေ လုပ်ခဲ့တဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။ ခုတခေါက်မှာလည်း အေအေအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား လက်နက်ကိုင်တိုက်ပွဲတွေ ပြန်မပေါ်ပေါက်လာဖို့ နှစ်ဖက်ကို တိုက်တွန်းပြောဆိုတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ ဒုဝန်ကြီးချုပ် ခရီးစဥ်အကြောင်းတော့ ဘယ်ဘက်ကမှ ထုတ်ပြန်တာမရှိသလိုဘာ အကြောင်းဆွေးနွေးကြသလဲဆိုတာ မသိရှိရပါဘူး။ လတ်တလော အနေအထားနဲ့ဆိုရင်တော့ ထိုင်းနိုင်ငံမှာ အတော်များများ အခြေစိုက်နေထိုင်ကြတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေ အဖွဲ့အစည်းတွေ နဲ့ပတ်သက်တဲ့ကိစ္စတွေကို စစ်ကောင်စီဘက်က ဖိအားပေးတာတွေ ရှိကောင်းရှိမယ် လို့ မှန်းဆကြည့်နိုင်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းဖြစ်တာ၊ နယ်စပ်တလျှောက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ၄ ဖွဲ့မက နဲ့ နယ်နိမိတ်ဆက်စပ်နေတာကြောင့် လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပွားခဲ့ရင် ဒုက္ခသည်တွေ ထောင်သောင်းချီ ဝင်ရောက်လာနိုင်ခြေရှိတာကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ အရှိန်မြင့်လာတာမျိုးကိုတော့ လိုလားမှာမဟုတ်ပါဘူး။ လက်ရှိနိုင်ငံရေးအကြပ်အတည်းမှာတော့ ထိုင်းနိုင်ငံကလည်း စစ်တပ်အနေနဲ့ ဖွဲ့စည်းပုံနဲ့ညီအောင် နည်းအမျိုးမျိုးနဲ့ အာဏာချုပ်ကိုင်နိုင်အောင် လုပ်ပြီးအာဏာရထားတာ ဖြစ်လို့ မြန်မာအစိုးရနဲ့ ဦးတည်မှုချင်းတူကြတယ်လို့ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံလိုတော့ စစ်တပ်က နိုင်ငံရေးမှာ ကြီးစိုးထားပေမယ့် ထိုင်းနိုင်ငံက ကျရှုံးနေတဲ့နိုင်ငံတနိုင်ငံတော့ မဟုတ်ပါဘူး။
အမေရိကန် အလွတ်တန်းသံတမန် ဘီလ်ရစ်ချတ်ဆန်ရဲ့ အမေရိကန်နိုင်ငံသားသတင်းထောက် ဒန်နီဖန်းစတားကို လာရောက်ခေါ်ဆောင်တဲ့ခရီးစဥ်က အများမျှော်လင့်မထားတဲ့ခရီးစဥ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရတဲ့ ဒန်နီဖန်းစတားကို ၃ ရက်ကြာပြီးနောက် တနင်္လာနေ့မှာ ရုတ်တရက်လွှတ်ပေးလိုက်တဲ့သတင်းဟာ အားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီကို တရားဝင်ဆက်ဆံရေးမလုပ်ဆောင်ဖို့ သတိကြီးစွာထားနေချိန်မှာ အမေရိကန်နိုင်ငံသား သတင်းသမားလွတ်မြောက်ရေးအတွက် နိုင်ငံရေးသမားဟောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း အလွတ်တန်း သံတမန် ဘီလ်ရစ်ချတ်ဆန်ကိုစေလွှတ်ပြီး ကြိုးစားစေခဲ့တာလားလို့ ယူဆစရာအချို့လည်း ရှိပါတယ်။
ဒီအဖြစ်အပျက်တွေက မြန်မာ့အကြပ်အတည်း ပဋိပက္ခကြီးထဲက အသေးအမွှားအစိတ်အပိုင်း တချို့သာဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ပဋိပက္ခကြီးဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်၊ ဖက်ဒရယ်ရရှိရေးသို့မဟုတ် ကွန်ဖက်ဒရေးရှင်းမျှော်မှန်းချက်အတွက် လက်နက်ကိုင်တိုက်ပွဲ၊ စစ်တပ်ကို နိုင်ငံရေးကနေဖယ်ရှားမယ်ဆိုတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ကျေးရွာတွေ မြို့နယ်တွေ ပြည်နယ်တွေအလိုက် အမဲလိုက်သေနတ်လို တူးမီးတွေစတင်ကိုင်စွဲပြီး လက်နက်ကိုင်တိုက်ခိုက်နေကြတဲ့ ပဋိပက္ခကို နိုင်ငံရေးလမ်းကြောင်းနဲ့ ဖြေရှင်းဖို့ ပြန်လည်ပြောဆိုညှိနှိုင်းနိုင်ကြမလားဆိုတာတော့ မေးခွန်းက လွယ်ကူသလောက် အဖြေကို ဖြေဆိုနိုင်မယ့်သူ လောလောဆယ် မရှိသေးတဲ့သဘောလည်း ဖြစ်ပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar