Breaking News

ကျော်ဟုန်း - ရွှေပုရပိုက်စံ စူးရဲမျက်ဝန်းများ

ကျော်ဟုန်း - ရွှေပုရပိုက်စံ စူးရဲမျက်ဝန်းများ
(မိုးမခ) နို၀င်ဘာ ၂၅၊ ၂၀၂၁

သူရဲကောင်းတို့ နှလုံးသားကို
လက်ဝါးကပ်တိုင်မှာ
ကျင်စွယ်ထိုးထိုး၊

ယဇ်စင်ပေါ်က
ဓားစက်အောက်မှာ
ကွပ်မျက် ကွပ်မျက်၊

အမှန်တရားကို
သက်ဝင်ယုံကြည်မှုဒြပ်စင်ဟာ
မတုန်လှုပ် ရှင်သန်တယ်။

နာဇီရဲ့ကြိုးစင်ထက်မှာ
နောက်ဆုံးအချိန်ထိ ရဲရင့်ခဲ့တဲ့
ဒတ်ချ်သူရဲကောင်းမလေး
ဂျန်နက်ဂျီ ဂျိုစန်နာ စချာ့ဖ်ရဲ့ မျက်လုံးမျိုး
ယူဂိုဆလားဗီးယား သူရဲကောင်းမလေး
လီပါ ရာ့ဒစ်ရဲ့ မျက်ဝန်းမျိုး
ငါတို့ မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း ရှိသပေါ့။

ဖက်ဆစ်ကို
အက်စစ်နဲ့ပက်တဲ့
ထီမထင် မျက်ဝန်းအကြည့်တွေ
ငါ့တို့ နွေဦးတော်လှန်ရေးမှာလည်း ရှိသပေါ့။

နယ်စည်းမခြား
ကမ္ဘာ့သူရဲကောင်းတွေရဲ့ နှလုံးသားဟာ
ရာစုနှစ် ဘယ်လောက်ခြားခြား
ယူဇနာ ဘယ်လောက်ဝေးဝေး တူတယ်။

သူရဲကောင်းတို့ရဲ့
အမှန်တရားအတွက် ရဲရင့်မှုကို
ကမ္ဘာမြေကြီးက မျိုချလို့ မရဘူး။

ဒါကို
သမိုင်းမှတ်တမ်းလို့
ဆိုစမှတ်ပြုကြတာပဲ။

ကျော်ဟုန်း
၂၀၂၁-၁၁-၁၈

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar