ညိုထွန်းလူ - ငါးဖယ်ဆုပ်ဟင်း
ညိုထွန်းလူ - ငါးဖယ်ဆုပ်ဟင်း
(မိုးမခ) နို၀င်ဘာ ၂၄၊ ၂၀၂၁
ပြဿနာက ငါးဖယ်ဆုပ်ဟင်းပဲ ကောင်လေးရ။ ငါကလည်း ငါးဖယ်ဆုပ်ဆိုရင် ချက်ချက် ကြော်ကြော် ငယ်ငယ်ကတည်းက ဘယ်လိုမှမကြိုက်တာရယ်။ အဲဒါကို ငါမကြိုက်မှန်းသိရဲ့နဲ့ ဒီဟင်းကိုချက်ကျွေးတယ်။ ဘယ်လောက်ဒေါသဖြစ်စရာကောင်းလဲ။ အိမ်ထောင်သက် နှစ်လေးဆယ်ထဲတောင်ရောက်လာပြီကွာ။ ဒီငါးဖယ်ဆုပ်ဟင်းကို ဘယ်တော့မှချက်မကျွေးပါနဲ့လို့ ပြောရပေါင်းလည်း များလှပြီ။ လုံးဝကိုအမှတ်သည်းခြေမရှိတဲ့မိန်းမ။ ဒီနေ့လည်း ညနေစာဘာဟင်းချက်လဲလို့ ငါမေးမိလိုက်လို့သာပေါ့။ ငါးဖယ်ဆုပ်ဟင်းလို့ကြားလိုက်ရတာနဲ့ ဒေါသထောင်းကနဲထွက်သွားတယ်။ ဒီလောက်ရှိလှတာ ကဲ -အပြင်ထွက်မဗျားလို့ ခပ်တင်းတင်းပြောပြီး ထွက်ချလာခဲ့တယ်။ ဘီယာမသောက်ရတာလည်းကြာပြီကိုးကွ။ ဒီတော့ ကိုယ်ဖြစ်ချင်တာလေးနဲ့ ရောကြိတ်လိုက်ရတာပေါ့။ ဟံမာ တို့အသက်အရွယ်မှာ အပြင်ထွက်ဖို့က လွယ်မှတ်နေလား။ ကိုယ်တိုင်မော်တော်ကားလည်း မမောင်းနိုင် ဆိုင်ကယ်လည်းမစီးနိုင်တဲ့အရွယ်ဆိုတော့ ခေါ်မယ့်သူမျှော်ရတာဟ။ အဲဒါကို အဖွားကြီးက မကြိုက်ဘူး။ ပြန်လာရင်ပွမ်တော့တာကွ။ ကိုဗစ်ကရှိသေးတာနဲ့ ခေတ်ကာလကလည်း မကောင်းရတာနဲ့ ကလေးလိုပြောနေရတာပဲတဲ့။ ဘာတွေပြောနေမှန်းမသိပါဘူးကွာ။ ပြောလေ ကြိုက်သလောက်ပြော မမောမချင်းပြောဗျာ။ ငါက နားလေးနေတော့ ဘာပြောပြော ကောင်းကောင်းကြားရတာမဟုတ်ဘူး။ ဟန်ကိုကျလို့။
အန်ကယ်တို့ဇနီးမောင်နှံ အိမ်ထောင်သက်နှစ်လေးဆယ်အထိခိုင်မြဲစေတဲ့ အဓိကအချက်က ဘာလို့ထင်လဲအန်ကယ်။
အဲ ပြောရရင်တော့ ငါးဖယ်ဆုပ်ဟင်းပဲကွ။ သူကလည်း ငါမကြိုက်မှန်းသိရဲ့နဲ့ ခဏ ခဏ ချက်ကျွေးတယ်။ ချက်ကျွေးတိုင်းလည်း ရန်ဖြစ်ရတယ်။ ငါကလည်း တစ်နေ့တော့ သူ့အကျင့်ပြင်မှာပါလေလို့ တွေးရင်းနဲ့ တစ်နှစ်ပြီး တစ်နှစ် ဖြတ်သန်းလာခဲ့ရတာ အခုထိပဲပေါ့ကွာ။
သြော်-ဘာများပါလိမ့်လို့ တွေးနေမိတာအန်ကယ်ရာ။ လက်စသတ်တော့ ကြီးမားတဲ့လျှို့ဝှက်ချက်ကလည်း ငါးဖယ်ဆုပ်ဟင်းတဲ့ ဟား ဟား ဟား ...
မင်းရီချင်လည်းရီကွာ။ တစ်ချိန်ကျမှ မင်းနားလည်လာလိမ့်မယ်။ ကဲ ပြောတာတွေခဏရပ်နားပြီး အချိန်ရှိတုန်း ဘီယာလေးကစ်ကြဦးစို့။ ဘီယာတော့ ဟင်နီကင်ပဲကွ။ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲမှာလည်း သူ့တံဆိပ်ကြီးကိုပြူးနေအောင်မြင်ရတယ်။ ဂျိန်းစဘွန်းမင်းသား ဒင်နယယ်ခရိတ်လည်းဟင်နီကင်ကိုသောက်သဟ။ ငါတို့လည်း ဟင်နီကင်သောက်ပြီး ဘွန်းလိုက်ကြမယ်။ အခုတစ်ခွက်သောက်ရင် တစ်ခွက်လက်ဆောင်ရတဲ့ ပရိုမိုးရှင်းနဲ့တိုက်ဆိုင်နေလို့ အတော်နိပ်တယ်။ ဘီယာဆိုရင် ဟင်နီကင် အေဘီစီ တိုက်ဂါး တူးပို့တူးပို့ကို ငါတော့ကြိုက်သမောင်။ ကဲ ... ချလိုက်ကြစို့။ ချီးယား ... ။
ညိုထွန်းလူ
(သူ့ဖေ့ဘွတ်ခ်မှ ကူးယူသည်)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar