မောင်သာမည(မြန်မာပြန်) - သောကခေတ်တွင် ရှင်သန်ခြင်း ( အပိုင်း ၅ )
သောကခေတ်တွင် ရှင်သန်ခြင်း ( အပိုင်း ၅ )
မူရင်း - စဗက်လာနာ
မြန်မာပြန် - မောင်သာမည
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၂၁
သေကာနီးအချိန်အထိ ဒေါက်တာဂုစကိုဗာအပေါ် ကျွန်မ ကျေးဇူးတင်သွားမှာပါ။
ဆေးရုံကို တခြားသူ တွေရဲ့ မိန်းမတွေလည်း လာခဲ့ကြတယ်။ ဒါပေမဲ့ ဝင်ခွင့်မရဘူး။ အမေဖြစ်တဲ့သူတွေကိုပဲ ဆေးရုံက ဝင်ခွင့်ပေးတယ်။ အမေတွေက ကျွန်မနဲ့ အတူ တည်းခိုဆောင်မှာ နေကြတယ်။ဗလာဒီမာ ပရာဗစ်ရဲ့ အမေကတော့ ဘုရားကို အကြိမ်ကြိမ် ဆုတောင်းတယ်။
" သားကို မခေါ်ပါနဲ့ - သူ့ကိုယ်စား ကျွန်တော်မျိုးမကိုသာ ခေါ်တော်မူပါဘုရား” တဲ့။
ဗလာဒီမာကို ရိုးတွင်းချဉ်ဆီ လဲပေးမယ့်သူက ဒေါက်တာဂေးလ် တဲ့။ အမေရိကန်ပါမောက္ခ။ သူက ကျွန်မကို နှစ်သိမ့်တယ်။ မျှော်လင့်ချက် ရှိပါသေးတယ်တဲ့။ အများကြီးတော့ မဟုတ်ဘူးပေါ့ တဲ့။ သူ့ခန္ဓာကိုယ်က အားကောင်းမောင်းသန် ရှိသေးတယ်။ တောင့်တောင့်တင်းတင်းရှိသေးတယ်။ အလားအလာကောင်းနိုင်ပါသေးတယ်တဲ့။
ဒီလိုနဲ့ ဗလာဒီမာပရာဗစ်ရဲ့ မိသားစုတခုလုံးကို မော်စကိုမြို့ကို လာဖို့ အကြောင်းကြားလိုက်တယ်။ သူ့ညီမ နှစ်ယောက်က ဘဲလာရုစ်က လာကြတယ်။ သူ့ညီက
လီနင်ဂရက်က လာတယ်။ သူက အဲဒီမှာ စစ်မှုထမ်း နေတာ။ ညီမအငယ် နာတာရှာက ဆယ့်လေးနှစ်ပဲ ရှိသေးတယ်။ တငိုတည်း ငိုနေတယ်။ ကြောက်လည်း သိပ်ကြောက်နေတယ်။ဒါပေမဲ့ သူ့ရိုးတွင်းချဉ်ဆီကသူ့အစ်ကိုရဲ့ရိုးတွင်းချဉ်ဆီနဲ့အကိုက်ညီဆုံးဖြစ်နေလေရဲ့ ( ရုတ်တရက် အသံတိတ်သွားသည်) ။
တကယ်တော့ ဒီအကြောင်းကို အခု အချိန်ကျမှသာ ကျွန်မပြောပြနိုင်တာပါ။ အရင်ကဆိုရင် ဒီအကြောင်းကို ပြောလို့ မထွက်ဘူး။ ဒီအကြောင်းကို ဆယ်နှစ်ကြာ မြိုသိပ်ထားခဲ့တယ်။ ဆယ်နှစ် - - - ( အသံတိတ်သွားသည် )
သူ့ကိုယ်ထဲသွင်းပေးမယ့် ရိုးတွင်းချဉ်ဆီဟာ သူ့ညီမအငယ်ရဲ့ ရိုးတွင်းချဉ်ဆီဖြစ်တယ် ဆိုတာကို သိလိုက်တာနဲ့ ဗလာဒီမာပရာဗစ်က ခါးခါးသည်း ငြင်းပါ
တော့တယ်။
“ မလုပ်ပါနဲ့ - ကျွန်တော် သေချင်သေပါစေ - ညီမလေးကိုတော့ မထိပါနဲ့ - ညီမလေးက ကလေးပဲ ရှိပါသေးတယ်"
ဒီလိုနဲ့ နောက်ဆုံးတော့ ရိုးတွင်းချဉ်ဆီကို အသက် ၂၈ နှစ် ရှိပြီဖြစ်တဲ့ သူ့ညီမအကြီး လျုဒါဆီက ယူပါတယ်။ လျုဒါက သူနာပြုဆရာမ ဆိုတော့ ရိုးတွင်းချဉ်ဆီကို ထုတ်ပေးရရင် ဘာဖြစ်သွားနိုင်တယ်ဆိုတာကို သိနေတယ်။ ဒါပေမဲ့ သူက “ ကျွန်မအစ်ကို အသက်ရှင်နိုင်သလောက် ရှင်စေချင်တယ် ” လို့ပဲ ပြောရှာပါတယ်။
ရိုးတွင်းချဉ်ဆီ လဲပေးတာကို ကျွန်မ ကြည့်ခဲ့တယ်။ ခွဲစိတ်ခန်းမှာက မှန်ပြတင်းပေါက်အကြီးကြီးတခု ရှိတယ်လေ။ သူတို့မောင်နှမနှစ်ယောက်ဟာ စာပွဲခုံပေါ်မှာ ဘေးချင်း ယှဉ်ပြီး လဲလျောင်းနေရတယ်။ရိုးတွင်းချဉ်ဆီ လဲတာ နှစ်နာရီ ကြာပါတယ်။
ပြီးလည်းပြီးရော လျုဒါအခြေအနေက သူ့အစ်ကိုထက် အများကြီး ပိုဆိုးသွားတယ်။
သူ့ရင်ပတ်မှာ အပေါက်ရာတွေ ၁၈ ခုတောင် ရသွားတယ်။ သတိပြန်လည်လာအောင် မနည်းကြိုးစားရတယ်။ အခုဆိုရင် လျုဒါရဲ့ပုံပန်းက အတော်ကြီးပျက်စီးသွားပြီ။ သန်သန်မာမာ လှလှပပမိန်းမပျိုလေးတယောက်ဟာ အခုတော့ မသန်စွမ်းသူအဖြစ် မှတ်ပုံတင်လိုက်ရပြီ။ အိမ်ထောင်လည်း မပြုတော့ဘူး။
ဒီလိုနဲ့ ကျွန်မဟာ အဆောင်တခုကနေတခုကို ပြေးလွှားကူးလူးနေခဲ့ရတယ်။ ကျွန်မယောက်ျားရဲ့ အိပ်ရာကနေ လျုဒါရှိရာကို သွားလိုက်ပြန်လိုက် လုပ်နေခဲ့ရတယ်။
အဲဒီအချိန်မှာ ကျွန်မအမျိုးသားက သာမန်အဆောင်မှာ မရှိတော့ပါဘူး။ အောက်ဆီဂျင်ကောင်းကောင်းရအောင် လေဖိအားပေးထားတဲ့ အလုံခန်းထဲကို ရောက်နေပါပြီ။ ဖောက်မြင်ရတဲ့ ပလတ်စတစ်ခန်းစည်းအကြည်တွေနဲ့ အလုံခန်းကို ကာထားတယ်။ ဘယ်သူ့ကိုမှ ပလတ်စတစ် ခန်းစည်းကို ကျော်ပြီး ဝင်ခွင့်မပေးတော့ဘူး။
ပလတ်စတစ်ခန်းစည်းတွေနောက်ကို ဝင်စရာ မလိုဘဲ ဆေးထိုးဆေးသွင်းလုပ်နိုင်အောင်၊ ပြွန်တွေ တပ်လို့ဖြုတ်လို့ရအောင် အထူးကရိယာပစ္စည်းတွေ ဆင်ထားတယ်။ အလုံခန်းကို သော့တွေနဲ့ခတ်ထားပြီး ကပ်ခွါတွေနဲ့ ပိတ်ထားတယ်။
ဒါပေမဲ့ အဲဒီ အလုံခန်းကို ဘယ်လို ဖွင့်ရမလဲ ဆိုတာ ကျွန်မ သိထားတယ်။ ပလတ်စတစ်ခန်းစည်းတွေကို ဘေးကို အသာဖယ်ပြီး သူ့ကို ကြည့်ဖို့ ခိုးဝင်တယ်။ နောက်ဆုံးတော့ သူတို့က သူ့အိပ်ရာဘေးမှာ ကျွန်မအတွက် ထိုင်ခုံသေးသေးတလုံး ချပေးပါတယ်။ သူ့အခြေအနေက သိပ်ဆိုးရွားနေပြီ ဆိုတော့ သူ့ဘေးက ကျွန်မမခွါနိုင်တော့ဘူး။
သူကလည်း ကျွန်မနာမည်ကိုပဲတဖွဖွခေါ်နေတယ်။
"လူစီယာ၊ မင်းဘယ်မှာလဲ မောင့်လူစီယာရေ”လို့ မနားတမ်း ခေါ်နေတယ်။
ကျန်တဲ့သူတွေရဲ့ အလုံခန်းတွေကိုတော့ စစ်သားတွေက စောင့်ကြည့်ပေးနေရပါတယ်။ ဆေးရုံအကူလုပ်သား တွေက အလုပ်လုပ်ဖို့ ငြင်းနေကြပြီလေ။ အထဲဝင်ပြီး လုပ်ရမယ်ဆိုရင် အကာ အကွယ်ပေးတဲ့ အထူးအဝတ်အစားတွေ ပေးရမယ်လို့ တောင်းဆိုနေကြပြီ။
ဒါကြောင့် စစ်သားတွေကပဲ မိလ္လာအိုးတွေကို ဝင်ယူပေးရတယ်။ ကြမ်းတွေကို ဆေးကြောသန့်ရှင်းပေးရတယ်။ အိပ်ရာခင်းတွေကို လဲပေးရတယ်။ လူနာ ပြုစုတဲ့အလုပ်တွကို အားလုံးလုပ်ပေးရတယ်။ ဒီစစ်သားတွေ ဘယ်က လာကြတာလဲ။ ကျွန်မတော့ မေးမကြည့်မိခဲ့ဘူး။
ကျွန်မမျက်လုံးထဲမှာ ကျွန်မယောက်ျားတယောက်တည်းကိုပဲ မြင်နေတယ်။ သူက လွဲပြီး ဘယ်သူ့ကိုမှ မမြင်တော့ဘူး။
နေ့တိုင်း ကျွန်မကြားနေရတာက “ ဒီတယောက်တော့ သေသွားပြီ၊ ဟို တယောက်တော့ သေသွားပြီ ” ဆိုတဲ့ စကားတွေပဲ။
" တစ်ချုရာ သေသွားပြီ။ တီတန်နော့က် သေသွားပြီ“
" သေသွားပြီ" ဆိုတဲ့ စကားလုံးဟာ ကျွန်မဦးခေါင်းကိုထုနှက်နေတဲ့ တူတချောင်းလိုပဲ။
အဲဒီအချိန်မှာ သူကတော့ ဝမ်းတွေ သွားနေတယ်။ တနေ့ကို အကြိမ် ၂၅ ကြိမ် ၊အကြိမ်သုံးဆယ်လောက် ဝမ်းသွားပါတယ်။ ဝမ်းတွေက သွေးတွေနဲ့။ စေးကပ်ပျစ်ချွဲလို့။
သူ့လက်မောင်းနဲ့ ခြေထောက်တွေမှာလည်း အရေပြားတွေ ကွဲအက်လာနေတယ်။ တကိုယ်လုံးအနှံ့အရည်ကြည်ဖုတွေ ပေါက်လာတယ်။ သူ့ခေါင်းကို စောင်းလိုက်တာနဲ့ ခေါင်းအုံးပေါ်မှာ ဆံပင်တွေ အထွေးလိုက် ကျွတ်ကျကျန်ရစ်တယ်။
ဒါပေမဲ့ သူက ကျွန်မရဲ့ အချစ်။ ကျွန်မရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာ။ ဒါကို ပြက်လုံးထုတ်ဖို့တောင် ကျွန်မကြိုးစားခဲ့သေးတယ်။
"ဆံပင်တွေ ကျွတ်သွားတော့ လူသက်သာတာပေါ့။ ခေါင်းဘီးသယ်စရာ မလိုတော့ဘူးပေါ့နော်"
မကြာပါဘူး။ သူတို့ အားလုံးကို ကတုံးရိတ်ပေးပါတော့တယ်။ သူ့ဆံပင်တွေကိုတော့ ကျွန်မကိုယ်တိုင် ရိတ်ပေးတယ်။ သူနဲ့ပတ်သက်တာမှန်သမျှ ကျွန်မ ကိုယ်တိုင်ပဲ လုပ်ပေးချင်တယ်။ ကျွန်မကိုယ်တိုင် စီမံနိုင်ခဲ့မယ်ဆိုရင်တော့ သူနဲ့အတူ ၂၄ နာရီလုံးလုံး ရှိနေခဲ့မှာပဲ။ သူနဲ့ ဝေးဝေးနေရတဲ့ မိနစ်တိုင်းမှာ ကျွန်မ ဝမ်းနည်းနေခဲ့ရပါတယ်။ မိနစ်တိုင်းပါ - - ( မျက်နှာကို လက်ဝါးနှစ်ဘက်ဖြင့် အုပ်လိုက်ပြီး အသံတိတ်သွားသည် )
ကျွန်မအစ်ကို ရောက်လာပါတယ်။ သူက ကျွန်မအတွက် စိုးရိမ်ထိတ်လန့်နေတယ်။
“ ငါ နင့်ကို နင့်ယောက်ျား အခန်းထဲဝင်ဖို့ ခွင့်မပေးတော့ဘူး"လို့လည်း ပြောတယ်။
"မင်းက သူ့ကို တားနိုင်မယ် ထင်လို့လား၊ တံခါးပိတ်ထားရင်လည်း သူက ပြတင်းပေါက်ကနေ ကျော်တက်မှာပဲ၊ မီးသတ်ပေါက်ကနေ ရအောင် တက်မှာပဲ ” လို့ အဖေက ပြောလိုက်တယ်။
ကျွန်မက ကျွန်မအမျိုးသားကို ထားခဲ့ပြီးမှ အစ်ကိုနဲ့တွေ့တာပါ။ အခန်းကို ပြန်လာတော့ စာပွဲပေါ်မှာ လိမ္မော် သီးတလုံးကို တွေ့ရတယ်။ တော်တော်ကြီးတဲ့ လိမ္မော်သီးပါ။ အရောင်က ပန်းရောင်။ သူက ပြုံးပြီး ပြောတယ်။
“ ကိုယ်စားဖို့ တယောက်က ပေးလိုက်တာ။ မင်းယူသွား” တဲ့။
လိမ္မော်သီးကို ကျွန်မစားလို့ မရဘူး ဆိုတဲ့ အကြောင်း သူနာပြုဆရာမက ခန်းစည်းအပြင်ဘက်ကနေ အမူအရာနဲ့ပြပါတယ်။ ကျွန်မယောက်ျားနားမှာ ချထားလိုက်တာနဲ့ အဲဒီအသီးကို စားဖို့ မဆိုထားနဲ့၊ ထိလို့တောင် မရတော့ဘူး တဲ့။
" စားပါ ” လို့ပဲ သူကပြောတယ်။
" မင်းက လိမ္မော်သီးကြိုက်တယ်လေ” တဲ့။
ကျွန်မက လိမ္မော်သီးကို ယူလိုက်တယ်။ ချက်ချင်းပဲ သူက မျက်စေ့ပြန်မှိတ်ပြီး ငိုက်မျည်းနေတယ်။ သူတို့ကို အိပ်ဆေးအမြဲ ထိုးပေးထားတယ်လေ။
သူနာပြုဆရာက ကျွန်မကို ထိတ်လန့်တကြား ကြည့်နေတယ်။ ကျွန်မကကော မလန့်ဘူးလား။ သေရတော့မယ့်အကြောင်းကို သူ မတွေးမိအောင် ဘာပဲ လုပ်ပေးရ လုပ်ပေးရ - ကျွန်မကတော့ လုပ်ပေးဖို့ အသင့်ပဲ။ သူ့ရောဂါဝေဒနာကို မတွေးမိအောင်၊ ကျွန်မက သူ့ကို ကြောက်နေတယ်ဆိုတာမျိုး မတွေးမိအောင် ဘာဖြစ်ဖြစ် လုပ်ဖို့ အသင့်ပဲ။
တယောက်က ကျွန်မကို အတင်းနားချတယ်။
"ဒါဟာ နင့်ယောက်ျား မဟုတ်တော့ဘူးဆိုတာ မမေ့ပါနဲ့။ ဒါက နင်ချစ်တဲ့သူ မဟုတ်တော့ဘူး။ ရေဒီယိုဓာတ်ရောင်ခြည်ဒဏ်ကို ဆိုးဆိုးရွားရွားခံနေရတဲ့ ၊
ဓာတ်ရောင်ခြည်တွေ ထုတ်လွှင့်နေတဲ့ အရာဝတ္ထုတခု ဖြစ်သွားပြီ။ နင့်အနေနဲ့ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုး မဖြစ်ပါစေနဲ့။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်စမ်းပါ” တဲ့။
ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မက အရူးလုံးလုံး ဖြစ်နေပြီ။
"ကျွန်မ သူ့ကို ချစ်တယ်၊ ကျွန်မ သူ့ကို ချစ်တယ်"
သူအိပ်ပျော်နေတဲ့ အချိန်တိုင်းမှာ ကျွန်မဟာ ဒီစကားကိုပဲ ပါးစပ်က တိုးတိုးလေးရွတ်နေမိတယ်။ ဆေးရုံဝန်းထဲမှာ လမ်းလျှောက်သွားနေတဲ့အချိန်မှာလည်း ဒီစကားကိုပဲ ရွတ်နေမိတယ်။ မိလ္လာအိုးကို သယ်နေတဲ့ အချိန်မျိုးမှာလည်း ဒီစကားကိုပဲ ရွတ်နေမိတယ်။ သူကလည်း ကျွန်မရဲ့ လက်ကို ကိုင်ထားရမှ အိပ်ပျော်တယ်။ အိပ်ပျော်သွားချိန်မှာလည်း ကျွန်မလက်ကို ကိုင်ထားရက်ပဲ။ တညလုံး မလွှတ်ဘဲ ကိုင်ထားတယ်။
( ဆက်ရန် )
{၂၀၁၅ ခုနှစ်၏ စာပေဆိုင်ရာနိုဘယ်ဆုရ ဘဲလာရုစ်လူမျိုး စာရေးဆရာမကြီး စဗက်လာနာ ( Svetlana Alexandrovna Alexievich)ရေးသားသည့် " Chenobyl Prayer " စာအုပ်၏ အခန်းတစ်ခန်း “ A Lone Human Voice" ကို ပြန်ဆိုထားခြင်းဖြစ်ပါသည်။ ရုရှားဘာသာဖြင့် ရေးထားသော မူရင်းစာအုပ်ကို ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေသည်။ အင်္ဂလိပ်ဘာသာပြန် ပထမမူ (Voices from Chernobyl ) ကို ၂၀၀၅ ခုနှစ်တွင် ထုတ်ဝေသည်။ အင်္ဂလိပ်ဘာသာပြန် ဒုတိယမူ (Chernobyl Prayer) ကို ၂၀၁၇ တွင် ထုတ်ဝေသည် }
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar