Breaking News

ထိုင်း အစွန်းရောက်မျိုးချစ်တွေနဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေ

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၃၀ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၂၆


ထိုင်း အစွန်းရောက်မျိုးချစ်တွေနဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေ 

ခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင် နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို အလုပ်ပြီးတဲ့နောက် အပြင် မထွက်ကြဖို့ အိမ်တွင်းမှာနေထိုင်ကြပြီး စျေးဝယ်ထွက်တာ၊ စားသောက်ဆိုင်၊ နိုက်ကလပ် စတဲ့နေရာမျိုးတွေ မသွားကြဖို့ သီတင်း ၂ ပတ်ကြာ လှုံ့ဆော်မှုတခုကို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး လုပ်ဆောင်သူ ဆိုတဲ့သူတချို့က နှိုးဆော်ခဲ့ကြပါတယ်။ 

အဆိုပါ လှုပ်ရှားမှုကို ဇန်နဝါရီ ၂၆ ရက်နေ့က စတင်တယ်လို့လည်း သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။ အခုလို လှုံ့ဆော်မှုတွေ မဖြစ်ပွားမီမှာ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အကြား စကားများတာ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု တချို့ ဘန်ကောက်မြို့က မြန်မာအများအပြားနေထိုင်ကြတဲ့ ဆမွတ်ပရာကန်နယ်မြေမှာ ဖြစ်ပျက်ခဲ့သလို နှုတ်ခမ်းမွေးလို့ မြန်မာအများက ခေါ်ကြတဲ့ ထိုင်းအမျိုးသားရေး အစွန်းရောက်သူနဲ့ အဖွဲ့က အယုဒ္ဓယမြို့က ရပ်ကွက်တခုမှာ မြန်မာရွှေ့ပြောင်းလုပ်သားတချို့ကို ရိုက်နှက်မှုတွေ ဖြစ်ပွားပြီးနောက်မှာ ဒီလို လှုံ့ဆော်မှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

အခုလို ထိုင်းနိုင်ငံအမျိုးသားရေး အစွန်းရောက်သူ တချို့ရဲ့ လှုံ့ဆော်မှုတွေ ရှိနေချိန် မြန်မာနိုင်ငံနဲ့ နယ်စပ် မဲဆောက်မြို့မှာ ရဲကို သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးမှု စတဲ့ အဖြစ်အပျက်တွေလည်း ပေါင်းဆုံနေတာကြောင့် ထိုင်းအာဏာပိုင်တွေ ရဲနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတွေရဲ့ စစ်ဆေးမှု၊ ထိုင်းနိုင်ငံ ဥပဒေ စည်းမျဥ်းတွေနဲ့ မကိုက်ညီတဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတဲ့ အဖြစ်အပျက်တွေလည်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ၊ နိုင်ငံရေး အကြပ်အတည်းနဲ့ စစ်ပွဲတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာတာ၊ စစ်မှုထမ်းဥပဒေ အသက်သွင်းမှု စတဲ့အကြောင်းတွေကြောင့် ခုနှစ်ပိုင်းတွေမှာ မြန်မာနိုင်ငံသား အများအပြား ထိုင်းနိုင်ငံကို တရားဝင်နည်းလမ်းရော တရားမဝင်နည်းလမ်းနဲ့ပါ ဝင်ရောက်လာခဲ့ကြပြီး အလုပ်လုပ်၊ နေထိုင်လျှက်ရှိကြတာဖြစ်ပါတယ်။ တဖက်မှာလည်း ထိုင်းနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးလည်ပတ်မှုမှာ လိုအပ်တဲ့ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ မြို့ကြီးတွေမှာ အထွေထွေ အောက်ခြေသိမ်း အလုပ်အကိုင်တွေမှာ မြန်မာနိုင်ငံက လာရောက်တဲ့ အလုပ်သမားတွေက ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံသားတွေနဲ့အတူ လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

လက်တွေ့ ကျတဲ့ ရှုမြင်မှု၊ အပြုသဘောရှုမြင်မှုက ကြည့်ရင် ထိုင်းနိုင်ငံစီးပွားရေး နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အတွက် အလုပ်အကိုင်ဝင်ငွေရရှိမှု စတဲ့ အပြန်အလှန်ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီတည်ရှိနေကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် အစွန်းရောက်မျိုးချစ်တွေ၊ နိုင်ငံရေးအကျိုးအမြတ်အတွက် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မှုခင်းဖြစ်ပွားမှု၊ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းကို လုယူနေတယ်ဆိုတဲ့ ဇတ်ကြောင်းဖေါ် ပြောဆိုမှုတွေနဲ့ စည်းရုံးလှုံ့ဆော်မှုတွေက အခုလို ကာလမှာ ပိုမြင့်မားလာတာလည်း တွေ့ရပါတယ်။ 

ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးပါတီတွေ စည်းရုံးပြောဆိုကြရာမှာ နိုင်ငံရေးပါတီငယ်တခုက ၄င်းတို့ရွေးကောက်ခံရပါက ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး လှုပ်ရှားနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေကို နှိမ်နှင်းသွားမယ် ဆိုတဲ့ မဲဆွယ်ပြောဆိုမှုလည်း ပေါ်ထွက်လာခဲ့ပါတယ်။ 

ရွေးကောက်ပွဲကာလမှာ နိုင်ငံရေးပါတီတွေအနေနဲ့ လူကြိုက်များမယ့် ပြောဆိုချက်တွေပြောဆိုပြီး စည်းရုံးလေ့ရှိတာ သဘာဝဖြစ်ပေမယ့် အခုလို ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်သမားအခွင့်အရေး အတွက် လုပ်ဆောင်ပေးတဲ့ NGO အဖွဲ့တွေကို နှိမ်နှင်းမယ်ဆိုတဲ့ ပြောဆိုမှုမျိုးက ရှားရှားပါးပါး ပေါ်ထွက်လာတဲ့ ပြောဆိုလှုံ့ဆော်မှု ဖြစ်ပါတယ်။ 

ဒီလို ဖြစ်ပျက်နေတဲ့ အနေအထားမှာ ထိုင်းနိုင်ငံရောက် မြန်မာလူမှုအသိုင်းအဝိုင်းကို ဦးဆောင်သူတွေအနေနဲ့ ရေရှည်အကျိုးရှိမယ့် မူဝါဒ၊ လုပ်ဆောင်ချက်၊ ပြောဆိုမှုတွေနဲ့ ချဥ်းကပ်သင့်တာ ဖြစ်ပါတယ်။ 

လူမှုကွန်ရက်မှာ ဖောလိုဝါများသူ၊ ဆယ်လီဘရစ်တီတွေ နဲ့ လူကြိုက်များတဲ့ ပြောဆိုမှုတွေ ထိုင်း နဲ့ မြန်မာအကြား အမျိုးသားရေးဝါဒရပ်တည်ချက်လိုမျိုးနဲ့ ပြောဆိုမှုတွေ၊ လှုံ့ဆော်မှုတွေကို သတိပြုလုပ်ဆောင်သင့်ပါတယ်။ ထိုင်း အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးသမားတချို့ အသုံးချကြတဲ့ အမျိုးသားရေး အစွန်းရောက်တဲ့ လှုံ့ဆော်မှုတွေ၊ အချို့သော ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေကို ထိပ်တိုက်ရင်ဆိုင်တဲ့နည်းထက် ပျော့ပြောင်းတဲ့ သဘောထားရှိတဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်သွယ်ပြီး ရှင်းလင်းပြောဆိုတာမျိုး နဲ့ လုပ်ဆောင်သင့်ပါတယ်။ 

ခုသီတင်း၂ ပတ်ကြာ လုပ်ဆောင်တဲ့ အပြင်မထွက်ရေး လှုပ်ရှားမှုဟာ အကြမ်းမဖက်တဲ့ လှုပ်ရှားမှု၊ မလိုအပ်တဲ့ ဖြစ်ပွားမှုတွေ မဖြစ်အောင် ရှောင်ရှားတဲ့ လှုပ်ရှားမှုလို့ ဆိုထားပေမယ့် တဖက်မှာ စီးပွားရေးအရ သပိတ်မှောက်တဲ့ ရည်ရွယ်ချက်လိုမျိုးနဲ့   လူမှုကွန်ရက်မှာ ပုံဖေါ်ပြောဆိုမှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ လူမှုကွန်ရက်မှာ ရေးသားချက်တွေကို အလိုအလျှောက်ဘာသာပြန်ချက်တွေ လွယ်လွယ်ကူကူ လုပ်ဆောင်လို့ရနေတဲ့ ဒီနေ့ခေတ်လို ကာလမှာ မြန်မာဘာသာနဲ့ ရေးသား မှတ်ချက်ပေးနေကြတဲ့ ပြောဆိုမှုတွေက ထိုင်းလူမှုကွန်ရက် သုံးစွဲသူတွေ မသိနိုင်ဘူးလို့ မှတ်ယူလို့ မရပါဘူး။ 

ဒီလှုပ်ရှားမှုထက် မြန်မာ ရွှေ့ပြောင်းလုပ်သား အရေးလုပ်ဆောင်သူတွေ၊ ထိုင်းနိုင်ငံမှာ နေထိုင်နေကြတဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့က အလုပ်သမားအရေးနဲ့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ အနေနဲ့ ထိုင်း နိုင်ငံရေးသမားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်ပြီး ရှင်းလင်းပြောဆိုမှုတွေ လုပ်ဆောင်သင့်သလို မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဆီကိုလည်း ဒီအခြေအနေတွေနဲ့ ပတ်သက်တဲ့ ရှင်းပြပြောဆိုမှု အကြံပြုမှုတွေ လုပ်ဆောင်သင့်ပါတယ်။ 

မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံရေး အကြပ်အတည်း၊ နိုင်ငံအနှံ့အပြား ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ ယာယီအားဖြင့် ခိုလှုံနေထိုင်နေကြရတာ ဖြစ်ပါတယ်။ တဖက်မှာ ထိုင်းနိုင်ငံစီးပွားရေးအတွက် လိုအပ်တဲ့ လုပ်အားကို မြန်မာရွှေ့ပြောင်းလုပ်သားတွေက ဖြည့်ဆည်းပေးနေလို့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာတွေကို ကျေးဇူးတင်သင့်တယ်ဆိုတဲ့အချက်လည်း မှန်သလို သန်းနဲ့ချီတဲ့ သူတွေကို လက်ခံထားတဲ့ အချက်၊ စစ်ပွဲကြောင့် နယ်စပ်ကျော်ဖြတ် ခိုလှုံတဲ့ ဒုက္ခသည်တွေကို လက်ခံပေးတာ အခြားသော လူသားချင်းစာနာမှု အကူအညီ နားလည်မှုတွေအတွက်လည်း ထိုင်းနိုင်ငံကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ 

အစွန်းရောက်တဲ့ အမျိုးသားရေး အမြင်တွေ၊ လှုံ့ဆော်မှုတွေနဲ့ လူကြိုက်များအောင် လုပ်ဆောင်ပြီး ပြဿနာပြေလည်မှုမရဘဲ ပိုမိုနက်ရှိုင်းစေမယ့် အပြုအမူတွေ၊ လှုံ့ဆော်ပြောဆိုမှုတွေကို သတိပြုဖို့ ဝိုင်းဝန်းထိန်းသိမ်း ကြဖို့ လူမှုအသိုက်အဝိုင်းကို ဦးဆောင်သူတွေ တာဝန်ရှိသူတွေ လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar