စောလူ - အမှတ်တရ
အမှတ်တရ
စောလူ
(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၂၆
ကိုယ့်အတွက် ဆရာအေးထားခဲ့သည်က အမှတ်တရများစွာ။ ၁၉၆၆ က ၁၉၆၉ အထိ တစ်ကြိမ်၊ ၁၉၈၀က ၁၉၈၆ အထိ တစ်ကြိမ်။
ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ တတွဲတွဲ ရှိခဲ့ကြသည်။ တာဝန်ထမ်းဆောင်ရာဌာန ကွာသွားလို့
တတွဲတွဲ မရှိသာကြသည့်ကာလများမှာလည်း စိတ်အနေချင်း ဝေးမသွားခဲ့ကြ။ ကိုယ်လိုရာ
သူဖြည့်၊ သူလိုရာ ကိုယ်ဖြည့် မိတ်ကောင်းဆွေကောင်း။ ပြန်စစ်ကြည့်ရင်တော့ သူဖြည့်ခဲ့သည်က များများ၊ ကိုယ်ဖြည့်ခဲ့သည်က မဆိုစလောက်။
ဒီတော့ အမှတ်တရတွေ များသည်မှာ အဆန်းမဟုတ်။
အမှတ်တရ သောင်းခြောက်ထောင် ပြန်ပြောင်းအောက်မေ့ ပြောဆိုနေလို့ကဖြင့် ပြီးနိုင်မည်မထင်။ ပြီးနိုင်အောင် အမှတ်တရ သုံ:ခုလောက်ဆို တော်မှ။
အမှတ်တရ ၁
ဆရာအေးနှင့် ကိုယ် တူနေသည့်အချက်တစ်ခုက နှုတ်နည်းခြင်း။ စာသင်နေသည့်အခါ အာဝဇ္ဇန်းက ကိုယ်တို့နှုတ်ဖျား ဘယ်က ပေါက်လာ ရောက်လာမှန်းမသိ။ ပေါက်ရောက်လာတတ်သည်။ စာသင်ခန်း ပြင်ပရောက်မှဖြင့် ကိုယ့်စိတ်ကူးနဲ့ ကိုယ် နေမိကြသည်က များသည်။ တစ်ဖက်က နားမထောင်ချင်ဘဲ ပြောနေမိမှာကို ရှောင်ကြဉ်လိုခြင်းသည် အကြောင်း တစ်ကြောင်း ဖြစ်မည်ထင်၏။
နှုတ်နည်းတာချင်းတူသလို နားများများစွင့်ရာမှာလည်း တူ၏။ ကိုယ် သဘောတူသည် မတူသည်၊ ပြောနေပုံက ငြီးငွေ့စရာကောင်းသည် မကောင်းသည် အမှတ်မထား မစဉ်းစားမိ။ ပြောမည့်သူ ရှိလို့ကတော့ အချိန်ပေးနိုင်နေသမျှ စိတ်ဝင်တစား သည်းခံနားဆင်ပေးလိုက်ကြသည်ချည်း။ စိတ်ဝင်တစား ဆိုရာမှာလည်း ယဉ်ကျေးချင်၍ စိတ်ဝင်စား ဟန်ဆောင်သည် မဟုတ်။ တကယ့်ကို စိတ်ဝင်စားခြင်းဖြစ်၏။ ဆရာအေး ကြုံဖူးသွားရဲ့လားတော့ စကားမစပ်မိ၍ မသိ။ ထိုထိုသူတို့ အလိုကိုလိုက်၍ စိတ်ဝင်တစား နားထောင်ပြီးသည့်အခါ မကြာမကြာ ကိုယ်ကြုံရတတ်သည့် ဝမ်မြောက် ဝမ်းသာ ချီးကျူးစကားက “ဆရာစောက စကားပြော တကယ်ကောင်းတာ” ဟူ၏။ ပြန်တွက်ကြည့်လိုက်တော့ တွေ့နေ ဆုံနေစဉ် တလျှောက်လုံး ပြောသွားသည်က ထိုချီးကျူးစကားဆိုသူများ။ ကိုယ့်နှုတ်မှ ထွက်ဖြစ်သည်က “အင်း” “ဟုတ်” “ဟာ” “ဟုတ်လား” ထက်မပို။
ဆရာအေးစကားနည်းပုံတစ်ခု အမှတ်တရ စွဲထင်ကျန်နေသည်။
အချိန်က ၁၉၈၁ ထဲမှာ ထင်၏။ ဆရာအေးနဲ့ ကိုယ် တောင်ငူဆောင်မှာ ပြန်ဆုံမိကြပြီ။ သူ လက်ထောက် ကထိက ဖြစ်လာပြီ။ ကိုယ်က ရာထူးမတက်သေးရာ ရုံ:ခန်းတစ်ခန်းတည်း ထိုင်ဖြစ်ကြပြီ။ ပြောဖော်ဆိုဖက်။ နေ့လယ်စာ စားဖော် သောက်ဖက်။ တိုင်ပင်မထားကြဘဲ စားသောက်ဆိုင်တန်းတွင် မိမိတို့ ထိုင်ခဲသည်။ ထိုင်ဖြစ်လျှင်လည်း နှစ်ယောက်တည်း ထိုင်ဖြစ်သည်ကများသည်။ သွေးကြီးနေကြ၍ မဟုတ်။ လက်ထောက်ကထိကလေးနှစ်ဦးအတွက် သွေးကြီးစရာ ဘာဆိုဘာမျှ မရှိ။ အများနှင့် ပြောစရာစကား များများမရှိသည်က တစ်ကြောင်း၊ ဆိုင်တန်: စကားဝိုင်းတွင် ကြာရှည် ထိုင်တတ်သည့် အလေ့အကျင့် မရှိသည်က တစ်ကြောင်း။ ထိုအကြောင်းနှစ်ပါးကြောင့် ဖြစ်ပါလိမ့်မည်။
ထိုနှစ်တွင် လန်ဒန်တက္ကသိုလ်က ကိုယ့်မိတ်ဆွေဆိုလည်း ဟုတ်၊ ဆရာဆိုလည်း မမှားသော ဂျွန်အိုကယ်နှင့် ဇနီးတို့ မြန်မာပြည်သို့ ရောက်လာသည်။ ဆရာအိုကယ်က မြန်မာဘာသာ စာပေ ဝမ်းစာဖြည့်ဖို့လာခြင်း ဖြစ်သည်။ သူ့ဇနီးက အဖော်။ သူ့ဇနီးက ကြာကြာမနေ။ တစ်လလောက် မြန်မာနိုင်ငံ့အရသာ မြည်းစမ်းအပြီး ဘိလပ် ပြန်သွားသည်။ ထိုသို့ ပြန်သွားကာမှ ဆရာအိုကယ် မကျန်းမမာ ဖြစ်သည်။ ကန်တော်ကြီးဆေးရုံတွင် အကုအသခံရသည်။ ဆရာအိုကယ် ကို ကိုယ်က တတ်စွမ်းသမျှ ကူညီခွင့်ရသည်။ တော်တော်နှင့် မသက်သာသဖြင့် ဆရာအိုကယ်ကိုယ်တိုင် စိုးရိမ်စိတ် ပေါ်လာပုံရသည်။ သေတမ်းစာရေး၍ လန်ဒန်သို့ ပို့ပေးချင်သည် ဆိုသဖြင့် ကိုယ်က ပို့ပေးလိုက်ရသေးသည်။ သို့သော် ထင်သလောက် ဆိုးမသွားဘဲ ထူထူထောင်ထောင် ဖြစ်လာသည်။ နာလန်ထ ဆရာအိုကယ်ကို ကိုယ်ပင် ဆက်လက် ကူညီသည်။ ကူညီသည်ဆိုရာ၌ ဆရာအိုကယ်လိုအပ်မည့် သင့်တော်မည့် အဟာရများ ဝယ်ပေးခြင်းလည်း ပါသည်။
တစ်နေ့သော် ဆရာအိုကယ်ကို ကြာဆံပြုတ်ဝယ်တိုက်ဖို့ အစီအစဉ် ရှိလာသည်။ ထိုအစီအစဉ်ကို ပြောပြရာ ကိုယ် ကြာဆံပြုတ် သွားဝယ်နေစဉ် စကားပြောဖော်တစ်ယောက် ရှိလျှင် ကောင်းမည်ဖြစ်ကြောင်း ဆရာအိုကယ်က အဆိုပြုသည်။ မြန်မာနိုင်ငံ ရောက်ခိုက် ဘာသာစာပေ မလေ့လာဘဲ နည်းနည်းလေးမျှ အချိန်အလဟဿ မဖြစ်ချင်သော သူ့သဘာဝ သူ့ဆန္ဒဖြစ်သည်။
သူ့ဆန္ဒဖြည့်ဖို့မှာ လွယ်ပါသည်။ သူ့ကို ကြာဆံပြုတ်ဝယ်တိုက်မှာက နေ့လယ်စာအချိန်။ စကားပြောဖော်ကို ထူးရှာနေ စရာမလို။ ကိုယ်နှင့် နေ့လယ်စာစားဖော် ဆရာအေးကို ခေါ်တင်သွားရုံပဲ။ ကိုယ့်ကားကိုယ် မောင်းထွက်လာ။ စကားပြောဖော်အဖြစ် ဆရာအေးကို ဆရာအိုကယ်နဲ့ထားခဲ့။ ပြီးတော့ ကြာဆံပြုတ် သွားဝယ်။ နေ့လယ် ၁ နာရီ ရုံးချိန်မပျက် ကျောင်း ပြန်။ ဆရာအေးဆိုတော့ သူသိချင်တဲ့ မြန်မာစကားအကြောင်း မြန်မာစာအကြောင်းတွေ မေးပါလေ့။ ကောင်းလိုက်တဲ့ အစီအစဉ်။
ထိုအစီအစဉ်အတိုင်း လုပ်လိုက်သည်။ ကားမောင်း သွားသော်လည်း၊ ကြာဆံပြုတ်ရသည့်ဆိုင်က ရွှေတိဂုံ အရှေ့မုခ်မှာမို့ မဝေးလှသော်လည်း နာရီဝက်ကျော်ကျော်လောက်တော့ကြာသည်။
ဆရာအိုကယ်ကို ဝယ်ပေးပြီး တောင်ငူဆောင်သို့ ပြန်ခဲ့ကြသည်။
နောင်တော့ ဆရာအိုကယ်က ပြောသည်။
“ကိုစောကလဲ စကားပြောဖော်လိုချင်ပါတယ်ဆိုမှ ရေခဲတုံးကြီး လာချသွားတာကိုး”တဲ့။ ဘာဖြစ်လိုလဲ မေးတော့ သူက စကားစလွန်းမှ ဆရာအေးက တစ်ခွန်းစ နှစ်ခွန်းစ ဟသတဲ့။
မရင်းနှီးသေးသူများနှင့်ဆုံလျှင် ဆရာအေးနှင့် မိမိတို့မှာ ထိုသို့သောအကျင့်ရှိသူများ ဖြစ်ကြောင်း ပြောပြရသည်။ လောကနီတိ အဆုံးအမတစ်ရပ်ကိုလည်း လက်ဆောင်ပါးလိုက်ရသည်။ ပညာရှိတို့မည်သည် တီးမှ မြည်တတ်သော စည်ကြီးအလား ဟူသော အဆုံးအမ။
အမှတ်တရ ၂
၁၉၈၀ ကျော်ကာလများမှာ ဆရာအေးနှင့်ကိုယ်တို့ မြန်မာစာသင်ရိုးညွှန်းတမ်းအဖွဲ့များတွင် ပါဝင်
ပတ်သက်ခဲ့ရသည်။ ဆရာအေးက တက္ကသိုလ်အဆင့် မြန်မာစာသင်ရိုးအဖွဲ့မှာရော၊ အခြေခံပညာ သင်ရိုးအဖွဲ့မှာရော ပါသည်။ ကိုယ်က အခြေခံပညာ မြန်မာစာသင်ရိုးအဖွဲ့မှာပါသည်။ အခြေခံပညာ မြန်မာစာသင်ရိုးအဖွဲ့တွင် တွဲမိကြပြန်သည် ဆိုပါတော့။
ထိုစဉ်က သင်ကြားရေးပြဿနာတစ်ရပ်မှာ စာရေးသူတစ်ဦးကွယ်လွန်ပြီး အနှစ်၂၀ ကြာမှ သူ့စာကို ကျောင်းစာအုပ်များ တွင် ထည့်သွင်းပို့ချခွင့်ရှိခြင်း ဖြစ်သည်။ သက်ရှိထင်ရှားရှိနေလျှင် ပြဋ္ဌာန်းပိုင်ခွင့်ရှိသူတစ်ဦးက သူ့စာသူပြဋ္ဌာန်းပြီး အကျိုးအမြတ်ခံစားမည်ကို စိုးရိမ်သောကြောင့်လိုလို၊ မူပိုင်ခွင့် အငြင်းပွားဖွယ်ရှိသောကြောင့်လိုလို ဝိုးတိုးဝါးတားအကြောင်းပြချက်များ ကြားရသည်။ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် အာဏာလက်ဝယ်ရှိထားသူက မပြဋ္ဌာန်းနှင့် ဆိုနေမှတော့ မည်သူက ပြဋ္ဌာန်းပါမည်နည်း။
သို့သော် သင်ရိုးညွှန်းတမ်းပြုစုသူများ စိတ်မချမ်းသာကြ။ စိတ်မချမ်းသာသည်မှာ ကိုယ်ကျိုးကိုယ်ကိစ္စကြောင့် လားလားမျှ မဟုတ်။ စာသင်သား လူငယ်များအတွက် ဖြစ်သည်။ ကွယ်လွန်ပြီး အနှစ် ၂၀ ကြာပြီးသူ၏စာကိုမှ လေ့လာခွင့် သင်ခွင့် ပေးခြင်းသည် လူငယ်များ အနှစ် ၂၀ ကျော်ခေတ်နောက်ကျအောင် ဖန်တီးရာရောက်သည်ဟု ယူဆသည်။ အနှစ် ၂၀ ကျော်ဟု “ကျော်”ထည့်၍ ဆိုလိုက်ရခြင်းမှာ ထိုထိုပြဋ္ဌာန်းခံဆရာတို့၏ စာများသည် ကွယ်လွန်ချိန်တွင်ရေးခဲ့သော စာများမဟုတ်။ မကွယ်လွန်မီ အချိန်ကာလ အနည်းငယ် သို့မဟုတ် များစွာကတည်းက ဖန်တီးခဲ့သောစာများ ဖြစ်သော ကြောင့်တည်း။ သင်ရိုးညွှန်းတမ်းပြုစုသူများက စာသင်သားများကို ခေတ်ပေါ် ကာလပေါ် စိတ်ကူးစိတ်သန်း အတွေးအခေါ် တို့နှင့် ရင်းနှီးကျွမ်းဝင်စေချင်လှသည်။ သို့မှ ခေတ်သစ်နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည်ဟု ယုံကြည်သည်။ သို့သော် ကန့်သတ်မိန့် ထုတ်သူများနှင့် အတွေးအယူ ပဋိပက္ခ ဖြစ်နေသည့်ကြားက သင်ရိုးညွှန်းတမ်းပြုစုသူများ၏ စေတနာက နုံ့မသွား။ သင်ရိုးညွှန်းတမ်းအဖွဲ့ဝင်ဆရာဆရာမတို့ စေတနာအပြည့်ထားကြသည်။
စေတနာ ရှေ့ထားသော်လည်း သင်ရိုးညွှန်းတမ်းပြုစုရေး အဖွဲ့ဝင်အချို့သည် ရင်ထဲက အလုံးအကျိတ် အဖုအထစ် ကို အောင့်အည်းမထားနိုင်ကြ။ စာရေးသူ ကွယ်လွန်ပြီး နှစ် ၂၀ ကျော်မှ သူ့စာ ပြဋ္ဌာန်းရမည်ဟူသောမူကို သင်ရိုးညွှန်းတမ်း အဖွဲ့အစည်းအဝေးများ၌ ကန့်ကွက်ဆွေးနွေးကြကုန်၏။ ကဗျာဆရာကြီ:တစ်ဦးဆိုလျှင် စိတ်တိုင်းကျ လုပ်ဆောင်မပေးနိုင်သော သင်ရိုးအဖွဲ့မှ နုတ်ထွက်ခွင့် အကြိမ်ကြိမ်တောင်းသည်အထိ စိတ်မချမ်းမသာဖြစ်ရှာသည်။ ပြဋ္ဌာန်းမူကို မနှစ်မမြို့ ဖြစ်ရှာသည်။
ငယ်ဆရာရင်း ပါမောက္ခက မေတ္တာရပ်ခံထားသဖြင့်သာ အောင့်အည်းသည်းခံနေရှာသည်။ ဆရာအေး ကိုယ်တိုင်သည်လည်း ထိုဆရာတို့နှင့် တစ်သဘောတည်း ဖြစ်ပါ၏။ ကိုယ်ကိုယ်တိုင်လည်း ထိုဆရာတို့နှင့် တစ်ယူတစ်ဆ တည်း ဖြစ်ပါ၏။ သို့သော် ဆရာအေးသည်လည်းကောင်း ကိုယ်တိုင်သည်လည်းကောင်း အစည်းအဝေးခန်:အတွင်း၌ ထုံးစံအတိုင်း နှုတ်ဆိတ်နေကြပါ၏။ လူကြားသူကြား တစ်ခွန်းတပါဒမျှ မဟမိကြ။
ထိုသို့ တေမိဝါဒ လက်ကိုင်ထားလျက် နေသည့်ကြားက တစ်ခါသော် ပြဿနာပေါ်ပြီ။ မြန်မာစာဌာနသို့ ပညာရေး တာဝန်ခံတစ်ဦး ကြွချီလာမည့်အကြောင်း၊ သင်ရိုးညွှန်းတမ်းအဖွဲ့ဝင် ဆရာဆရာများနှင့် တွေ့ဆုံမည့်အကြောင်း၊ မည်သည့် အချိန်၊ မည်သည့်အခန်းတွင် တွေ့ဆုံလိုကြောင်း ပါမောက္ခကတစ်ဆင့် အကြောင်းကြားစကား ရောက်လာသည်။ ဘာအကြောင်းပါလိမ့်။ မိမိတို့ ပြုစုထားသော ပြဋ္ဌာန်းစာများကို သဘောကျသဖြင့် အမောပြေအောင် ဖန်ပြာခွက်နှင့် ကျောက်စက်ရေတိုက်တော့မည် ထင်သူက ထင်သည်။ အနှစ် ၂၀ မူ အဟန့်အတားကြားက ကိုယ်ပြုစုထားသည့် ပြဋ္ဌာန်းစာများကို ကိုယ် တိုင်ကလည်း သဘောအကျကြီးကျနေမိကြပြီကိုး။
မှာကြားထားသည့်အတိုင်း ပညာရေးတာဝန်ခံကြီ: ကြွလာသည်။ နေ့လယ်စာ စားချိန်။ ၁၂ နာရီကျော်စ။ မိန့်ခွန်းခြွေတော့မှ မှန်းထွက်နှင့် နှမ်းထွက်ကွာကြောင်း သိရသည်။ မိန့်ခွန်းပါ အကြောင်းက စာဟောင်းပေဟောင်းနှင့် စာသစ်ပေသစ် တန်ဖိုး နှိုင်းယှဉ်ချက်။ ကွယ်လွန်ပြီး နှစ် ၂၀ ကျော်မှ စာတစ်ပုဒ်ကို ပြဋ္ဌာန်းရေးမူသည် မည်မျှမှန်ကန် ကြောင်း ဩဝါဒပေးလိုသည်မှာ လိုရင်း။ ထိုလိုရင်းအချက်ကို အခိုင်အမာဖြစ်အောင် သာဓကဆောင်ရာတွင် အင်္ဂလိပ်စာသင်ရိုးတွင် ၁၈၄၇ က ပုံနှိပ်ထားသည့် Wuthering Heights ပြဋ္ဌာန်းထားသည်မှာ မည်မျှမှန်ကန်ကြောင်း၊ ရှေးစာတို့သည် တန်ဖိုးရှိကြောင်း၊ ခေတ်စာဆိုသည်မှာ အချိန်ကာလ မှတ်ကျောက် အတိုက်မခံရသေး၍ တန်ဖိုးရှိမရှိ မရေရာသေးကြောင်း စသည်များ ပါသည်။ မြန်မာစာတွင်လည်း အဖိုးတန်ရှေးဟောင်းစာတွေရှိနေသဖြင့် ခေတ်သစ်စာတွေ ပို့ချပေးဖို့ ဆန္ဒစောမနေသင့်ကြောင်းလည်း ပါသည်။ ပညာရေးလုပ်ပိုင်ခွင့် အာဏာ ရှိသူတစ်ဦး၏စကားဆိုတော့ အဆုံးမခံ ဆရာဆရာမ မည်သူမည်ဝါကမျှ စောဒက မတက်။ တက်လျှင်လည်း ဘာမျှ ဖြစ်လာနိုင်မည် မဟုတ်သည့် ကိစ္စ။ တိတ်တိတ်နေခြင်းဖြင့် အန္တရာယ်ရန်စွယ်ကင်း ကျင့်စဉ်ကို လိုက်နာလိုက်ကြသည်။
အများရှေ့တွင် နှုတ်က ထုတ်မဟသော်လည်း အချင်းချင်းကြားမှာတော့ ရင်တွင်းစကားများ တိုးတိုးတိတ်တိတ်ဖလှယ်မိကြပါ၏။ ပဓာနကျသည့်အချက်မှာ ဩဝါဒဆရာ၏ကြောင်းကျိုးမညီညွတ်သော ကြောင်းကျိုးဆက်စပ်ပြချက်။ ရှေးစာများ တန်ဖိုးမရှိဟု သင်ရိုးညွှန်းတမ်းပြုစုသူ တစ်ဦးတလေကမျှ မပြောမဆိုခဲ့။ ရှေးစာများကိုတန်ဖိုးထားကြသူများချည်းဖြစ်သည်။ ပြုစုသူများ၏ရင်ထဲတွင် အကျိတ်အခဲဖြစ်နေကြသည်မှာ ရှေးစာများ ပြဋ္ဌာန်းရ၍ မဟုတ်။ ခေတ်သစ် စာပေသင်ယူခွင့် အပိတ်အဆို့ အဟန့်အတားခံရသောကြောင့်သာ ဖြစ်သည်။ ထိုသို့ပိတ်ဆို့ထားသဖြင့် ခေတ်လူငယ်စာသင် သားများ ဆုံးရှုံ:နစ်နာရသည်ကို တစ်ခွန်းတစ်ပါဒမျှမဟဘဲ မိမိလိုချင်သည့်အချက်ကိုသာ တွန်းတွန်းထိုးထိုး ပြောဆိုသွားသည်ကိုမူ လက်ခံနိုင်စရာမရှိ။
နောက်ပြီး ထူးခြားသည့်အချက်မှာ အခြေခံသင်ရိုးညွှန်းတမ်းပြုစုရေးအဖွဲ့သည် နှစ် ၂၀ အလွန် မူကို ချိုးဖောက် ထားမှု မရှိသည့်အချက်ဖြစ်သည်။ လူငယ်များ မြန်မာစာကို စနစ်တကျတတ်မြောက်ရေးကို ရှေးရှူလျက် မူဘောင်အတွင်းက အတတ်နိုင်ဆုံး အကောင်အထည်ဖော်လျက်သာ ရှိကြသည်။ ဩဝါဒ ထပ်ဆင့်ပေးနေစရာမလိုသည့်အဖွဲ့။ သို့ဖြစ်ပါလျက် အဘယ်သို့သောအကြောင်းကြောင့် တကူးတက ဩဝါဒ လာခြွေနေရပါသနည်း။
စေ့စေ့တွေးလိုက် စိစစ်လိုက်သည့်အခါ အခြေခံသင်ရိုးညွှန်းတမ်းပြုစုရေးအဖွဲ့ကို သတိပေးဖို့ထက် တက္ကသိုလ် အဆင့် မြန်မာစာသင်ရိုးအဖွဲ့ကို သတိပေးလိုခြင်းဖြစ်ကြောင်း ထင်ရှားလာတော့၏။ အကြောင်းကား သက်ရှိထင်ရှား ရှိနေသေးသော ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာအုပ်တစ်အုပ်ကို တက္ကသိုလ်အဆင့် မြန်မာစာ သင်ရိုးညွှန်းတမ်းတွင် ထည့်ရန် ထိုအဖွဲ့က ဆုံ:ဖြတ်ထားသည့်သတင်း ရွှေနားတော်ပေါက်ကြားသွားသောကြောင့်တည်း။ စစ်စစ်ပေါက်ပေါက် ရှာလိုက်လျှင် နှစ် ၂၀ အလွန်မူနှင့် ငြိနေသည်မှာ ထိုအစီအစဉ်သာတည်း။ ဩဝါဒချီးမြှင့်ပွဲနောက်တွင် ထိုအစီအစဉ်ကို လည်း ရုပ်သိမ်းဖယ်ရှားရလေသတည်း။
ဤတွင် တက္ကသိုလ်အဆင့် မြန်မာစာသင်ရိုးအဖွဲ့ထဲက မည်သူမည်ဝါ၏ လှုံ့ဆော်မှုကို အကြောင်းပြု၍ မူနှင့် ဆန့်ကျင်လျက် ထိုစာအုပ်ပြဋ္ဌာန်းဖို့ ဖြစ်လာရလေသနည်း။ ထိုအဖွဲ့တွင်မပါဝင်သော မိမိတို့ တွေးရပါ၏။ အခြားသူများ မတွေးလျှင်ရှိစေ။ မိမိ တွေးရပါ၏။ ထိုသင်ရိုးအဖွဲ့တွင်ပါဝင်သူများတွင် ခေတ်ပေါ်စာပေကို အထူးစိတ်ဝင်တစားရှိသူမှာ ဝတ္ထုရေးသားသူ ဆရာ တက္ကသိုလ်ဘုန်းနိုင်နှင့် မိမိတို့၏ဆရာအေးသာ ဖြစ်သည်။ မော်လမြိုင်ကောလိပ်တွင် ဆရာကြီး၏ ဦးဆောင်မှုနောက်တွင် ကိုယ် တိုင်အမှုထမ်းခဲ့ဖူးသူဖြစ်ရာ ဆရာတက္ကသိုလ်ဘုန်းနိုင်သည် ကိုယ့်စာအုပ်ကိုယ် ပြဋ္ဌာန်း စာအုပ်ဖြစ်ဖို့ ဆွယ်တရား လုပ်လောက်အောင်၊ တိုက်တွန်းစကား ဆိုလောက်အောင် ကိုယ်ကျင့်သိက္ခာနိမ့်ကျသူမဟုတ် သည်ကို မိမိ ကောင်းကောင်း သိသည်။ အကြံပြုခြင်းပြုလျှင် လှုံ့ဆော်မှုပြုခြင်းပြုလျှင် ဆရာကြီး၏စာများကို တလေးတစားရှိလှသော ကိုယ့်အပေါင်းအသင်းကြီး ဆရာအေးမှတပါး တခြားမရှိနိုင်ပြီ။
ထိုကြောင့် မိမိတို့နှစ်ဦးသာ ရှိသည့်အခါ ဆရာအေးကို တီးတိုး မေးဖြစ်ပါ၏။ သူ့အဖြေက ဘဝသံသရာသီချင်း ထဲက လိုပေါ့ဗျာ။ ဖြစ်ချင်တာလဲ မဖြစ်ရပါဆို မဟုတ်လား တဲ့။ ဆင်ဝှေ့ရန်ရှောင် စကားသာ ကြားလိုက်ရ၍ မိမိတွေးသည့်အတိုင်း ဟုတ်မဟုတ် မသိလိုက်ရ။ ကိုယ်ကလည်း အမှုလိုက် စုံ ထောက်မဟုတ်၊ သူကလည်း အမှုသည် တရားခံမဟုတ်။ ထိုအမှုကို ဆက်မလိုက်ဖြစ်ခဲ့။
အမှတ်တရ ၃
ဤအမှတ်တရကား အမှတ်တရတကာ့ အမှတ်တရကြီး၊ ဧရာမ အမှတ်တရကြီ: ဖြစ်သည်ဟု ဆိုရချေအံ့။ ပွဲကား ဆရာအေး၏ ၈၀ ပြည့်မွေးနေ့ပွဲ။ ကျင်းပသည့်နေရာကား တောင်ငူဆောင်။ ဖိတ်ကြားထားသည့် ပရိသတ်ကား အလွှာစုံ၊ နယ်ပယ်စုံက ဆရာအေး၏ စာပေအပေါင်းအသင်းစုံ။ တပည့်တပန်းအစုံ။ ဘယ်လိုက ဘယ်လိုဖြစ်သည်မသိ။ ထိုပွဲမှာ မုဒိတာစကားဆိုရမည့်အထဲ ကိုယ်ကပါနေ၏။
ကိုယ့်နည်းတူ မုဒိတာပွားမည့် ဒေါက်တာအောင်မြင့်ဦးက ပွဲမစခင် ကိုယ့်ကို သတိပေး၏။ ဆယ်မိနစ်ထက် မပိုရဘူးနော် ဆရာ။ တိုရှင်းလိုရင်းသာပြောချင်၊ ကိုယ်ပြုသမျှ နုရမည့် ပရိသတ်ကို မနှိပ်စက်ချင်သည့် ကိုယ့်အတွက် အကြိုက် ဖြစ်သည်။
ကိုယ့်လူ သူ့မွေးနေ့မှာ အပျော်ကြီးပျော်ဖို့က ပဓာန။ အပျော်ကြီးပျော်ဖို့ဆိုလျှင် အရေခွံတွေ ခွာချမှ ဖြစ်မည်။ ဟိတ်တွေ ဟန်တွေ ပုံစံတွေ ရှင်းထုတ်ထားမှ ဖြစ်မည်။ အခုလို မွေးနေ့မှာ စကားပြောခွင့်ရတာ ဝမ်းလဲသာပါတယ်၊ ဂုဏ်လဲယူပါတယ် ဘာညာသာရကာ မလိုတာတွေ နိဒါန်းပျိုးမနေမှ ဖြစ်မည်။ ကိုယ်ကြုံဖူးတဲ့ မွေးနေ့ပွဲတချို့မှာလို ပရိသတ်နဲ့ အပြန်အလှန် ချိတ်ဆက်၊ ပရိသတ်နှင့်ပေါင်း၍ မုဒိတာစကားဆိုရင်း မွေးနေ့ရှင်ကို ပျော်တော်ဆက်ရလျှင် ကောင်းမည်။ ဤကား စိတ်ကူး။
ထိုကြောင့် စင်ပေါ်ရောက်သည်နှင့် ပျော်ကြရဲ့လား ပရိသတ်ကြီး။ ပရိသတ်ကို လှုပ်နှိုးကြည့်လိုက် သည်။ အားရစရာ ကောင်းလေစွ။ ပရိသတ်ဆီမှ အသက်အသံ မကြားရ။ ပရိသတ် ရှိသည်ဟု မထင်ရ။အခန်းတွင်းကို မျက်စိ ဝေ့ဝဲကြည့် လိုက်သည်။ ပရိသတ် မရှိမဟုတ်။ ရှိသမှ ခန်းလုံးပြည့်။
သိပြီ။ သိလိုက်ပြီ။
ဟိုးရှေးရှေးကာလ နိုင်ငံတော်အခမ်းအနားများက မြင်ကွင်းတစ်ခုကို လှမ်းမြင်ယောင်လိုက်သည်။ ဆိုင်ရာ ပုဂ္ဂိုလ်က စင်ထက်မှ မိန့်ခွန်းခြွေလျက်။ စီစီညီညီ ချထားသော ကုလားထိုင်ပေါ်တွင် ကျောက်ရုပ်ကြီးများသည် ငုတ်တုတ် ငြိမ်သက်လျက်။ သို့သော် အခါအားလျော်စွာ လက်ခုပ်လက်ဝါး ထထတီးတတ်သေးရာ သက်မဲ့ပရိသတ်ဟု ခေါ်ရမှာလည်း ခက်ခက်။
သိပြီ။ ကိုယ် ပွဲမှား ရောက်နေသည်ကိုသိလိုက်ပြီ။ အပြင်လောကက အမူအကျင့်တို့သည် တက္ကသိုလ်လောကထဲသို့ ထိုးဖောက်ရောက်နေပြီ။ လူကြီးတစ်ဦး စင်ပေါ်ကစကားပြောနေတုန်း ရယ်လိုက်လျှင်၊ ချောင်းကလေး ဟန့်လိုက်မိ လျှင် မယဉ်ကျေးရာရောက်သည့် ယဉ်ကျေးမှုကြီး ထွန်းကားနေပြီ။
သိလိုက်ပေမင့် မောင်ဗျတ္တ အားမလျှော့။
ပရိသတ် ဖွဖွမျှ ပြုံးစရာ၊ ဟဟမျှ ရယ်စရာ အလုံ:ကလေးများဖြင့် ကလိထိုးကြည့်သေးသည်။ ပွဲမစခင် ပြသွားသည့် ဆရာအေး၏ဓာတ်ပုံများတွင် ဆရာအေးလက်ပျဉ်းမကျသေးသည်ကို ထောက်ပြ၍ အလောင်းစည်သူ မင်းကြီးထက် ဆရာအေး ခွန်အားဗလကြီးပုံကို ပြော၍လည်း ကလိ၏။ ဆရာအေး၏ ပညာဗလ ထင်ရှားလာအောင် မိမိ၏ ပညာခွန်အား နုံ့နဲ့ပုံ၊ ဆယ်တန်းစာမေးပွဲ ပထမအကြိမ်ဖြေဆိုရာတွင် မြန်မာစာဘာသာရပ်၌ အမှတ် ၃၀ ပင် မပြည့်ဘဲ တလိမ့်ခေါက်ကွေး အရေးမလှခဲ့ပုံ သာဓကများကို ဖွင့်ဟဝန်ခံလျက်လည်း ကလိ၏။ ကလိရင်းသာ ပျံတော်မူရမည် ရယ်သံ ကလေး သဲ့သဲ့မျှ ထွက်လာပုံမရ၍ မောင်ဗျတ္တ လက်လျှော့ကာ စင်ပေါ်က ဆင်းခဲ့ရသည်။
စိတ်မကောင်း။ ကိုယ့်ကလိလုံး ပြက်လုံး ပရိသတ်ကြားတိုးမဝင်သာသလိုဖြစ်၍ စိတ်မကောင်းဖြစ် သည်မဟုတ်။ ကိုယ့်သူငယ်ချင်းအတွက် ကြုံတောင့်ကြုံခဲ လက်ဆောင်ပါးဖို့မှန်းထားသည့် အပျော်စက္ကန့် အပျော်မိနစ်ကလေးများ ထင်တိုင်းမပေါက် ကြံတိုင်းမမြောက် လေတွင်ကျေ ပျောက်သွားသဖြင့် စိတ်မကောင်းခြင်းဖြစ်၏။ ထိုအကြောင်းကို ဆရာအေးရယ်၊ တူးတူးရယ်၊ ကိုယ်ရယ် သုံးယောက်သား ဆုံသည့်အခါ ပြန်ပြောဖြစ်ကြ၏။ နေရာမှားသွားတာပေါ့ဗျာ ဟု ဆရာအေးက စိတ်ဖြေစကားဆို၏။
သို့သော် သူ့ပွဲကိုဖျက်ရာရောက်သွားလေသလားဟူသော အတွေးက ကိုယ့်မှာ စွဲကျန်ရစ်နေသည်။ ထိုကြောင့် ထိုအဖြစ်ကို ပြန်ပြောင်းအောက်မေ့လျက် ၈၅ နှစ်ပြည့်မွေးနေ့ပေးဖို့ စာတိုလေး တစ်စောင် ရေးဖြစ်သည်။ ပို့ကား မပို့ဖြစ်လိုက်။
မပို့ဖြစ်သည်မှာ အကြောင်းရှိသည်။ ထိုစာတွင် မောင်ဝဏ္ဏရေးသည့် စာတစ်ပုဒ်ကို ကိုးကားထားမိသောကြောင့် ဖြစ်၏။ ညကြီးမင်းကြီး တောရွာဘုန်းကြီးကျောင်းတွင် စာပေဟောပြောပွဲလုပ်ရသည့်အခါ တောပရိသတ်က စာရေးဆရာ တို့၏ စကားအထာကို မပေါက်ကြ။ ရယ်စရာပါလည်း မရယ်တတ်၊ ဝမ်းနည်းစရာပါလည်း ကြေကွဲဟန် မပြတတ်။ ဘုန်းကြီး အချက်ပေးမှ ရယ်ရ၊ ကြေကွဲပြရမှန်း သိကြပုံကို မောင်ဝဏ္ဏက ဖွဲ့ထား၏။ ထိုဇာတ်လမ်းကို ချစ်ဦးညိုအစမူသော စာရေးဆရာများက ဟောပြောပွဲများတွင် ထည့်ဟောကြပြီးဖြစ်ရာ သိသူများမည်ထင်၍ ဤတွင် အကျယ်မဆိုလိုက်တော့ပြီ။
ဆရာအေးအတွက် မွေးနေ့လက်ဆောင်စာတွင် ထိုဇာတ်လမ်းကို ဖော်ပြထားရာ အများဖတ်မိကြ လျှင် “ကိုယ့်အပြစ် သူ့ဖို့” ရာ ရောက်မည် ဧကန်ဖြစ်၏။ ကိုယ်အရိပ်သုံးပါး နားမလည်သည်ကိုတော့ မမြင်၊ ဆရာအေး မွေးနေ့ပွဲလာ အပြစ်မဲ့ ပရိသတ်ကို အပြစ်တင်တာမျိုး မဖြစ်စေချင်။
သူ့နောက်ဆုံးမွေးနေ့က ဖုန်းပေါ်တွင် စကားပြောသည့်အခါ၌ကား မွေးနေ့ရှင် ထိုက်ထိုက်တန်တန် ပျော်အောင် ရွှင်အောင် မလုပ်မဆောင်နိုင်လိုက်သည့်အတွက် ဆရာအေးကို တောင်းပန်စကား ထပ်ဆင့်ဆိုဖြစ်လိုက်ပါသေး၏။
အောက်မေ့လျက်
စောလူ
၂၀၂၅ စက်တင်ဘာ ၂၀
* မောင်ခင်မင် (ဓနုဖြူ) အမှတ်တရ(ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်) စာအုပ်မှ ...
-Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
