ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ငိုနေတဲ့မြင်း
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ငိုနေတဲ့မြင်း
မိုးမခ ၊ ဇန်နဝါရီ ၃၁ ၊ ၂၀၂၆
တရုတ်မြင်းနှစ် လက်ဆောင်ရုပ် အချုပ်မှားလို့ မဲ့ရာက ငိုသွားတာဟာ တကယ်တော့ တရုတ်ပြည်ရဲ့ကံကြမ္မာကို ကိုယ်စားပြုသွားတဲ့ အမှတ်လက္ခဏာဖြစ်သွားပါပြီ။
တဖက်မှာ ကိုဗစ်ပိုးရယ်၊ တဖက်မှာ ကျားဖြန့်ရယ် ကိုင်ထားတဲ့ တရုတ်လက်ဟာ ဘာနဲ့ဆေးဆေး မပြောင်တော့သလို အရက်စက်ဆုံး စစ်အာဏာရှင်တွေဘက်ကို လက်နက်ရောင်း လူသတ်ခိုင်းနေတဲ့ တရုတ်စောင်ခွက်ဟာလည်း ပြောင်လက်ဖို့ မဖြစ်နိုင်တော့ဘူးလေ။
ထရန့် ကျွေးတာ အမြည်းစားပြီးနောက် ရှုံ့မဲ့သွားတဲ့ မျောက်ခွက်ဟာ ဘယ်လောက် ဟန်ဆောင်ပြုံးပြုံး မ ချိပြုံးဘဲ ပြုံးနိုင်တော့တဲ့ အခြေအနေ မဟုတ်လား။ တကယ်တော့ ထရန့် ပလေးတာက ခုမှ စမှာလေ။ ဗင်နီဇွဲလား အမေရိကန်လက် ပါသွားတာဟာ ပါးစပ်ဝက ရေနံထမင်းလုတ် ပုတ်ချခံရတဲ့အဆင့်မကဘဲ လည်ချောင်းထဲက ပြန်အညှစ်ထုတ်ခံရတာပေါ့။ ခု အမေရိကန်က အီရန်ပါဖြုတ်ဖို့လုပ်နေပြီ။ အစိုးရသစ် တက်လာရင် ရေနံတူတူပုန်းတော့မယ်လေ။ ဗင်နီဇွဲလားမှာ စာချုပ်ကြီးတွေတကိုင်ကိုင်နဲ့ အကြွေးနွံအိုင်ထဲနစ် ခြင်းထဲကကြက် ဖြစ်အောင် လုပ်နေတဲ့ စီမံကိန်းတွေ အငွေ့ပျံသွားသလို အီရန်နဲ့ လုပ်ထားသမျှတွေလဲ သဲထဲရေသွန်ဖြစ်သွားမှာပဲ။ အဲဒီကျရင် ရုရှားက ရေနံလည်း အောက်ဈေးနဲ့ရဖို့ ဝေးပြီ ဘေဘီ။ နိုင်မြင်း ထင်လို့ လောင်းထားမိသမျှလည်း မြင်းနှစ်မျက်ခွက်က အချက်ပြလိုက်ပြီဆိုတော့ကား စစ်ဗိုလ်ချုပ်ကြီးတွေကစ တယောက်မကျန် ဖြုတ်ချနေရလို့ ခုဆို ထိုင်ဝမ် အပိုင်ကြံနေတာတောင် ဂလိုင်သံမပေးရဲတော့တဲ့အထိ။ ဘယ်လောက် အခြေအနေမကောင်းလဲဆို မင်းအောင်လှိုင်လို ဆယ်အိမ်ခေါင်းကတောင် ပမာမခန့် လုပ်နေတာသာ ကြည့်ပေါ့။ တရုတ် ကက်ကက်လန် ရန်တွေ့နေတဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုဖမ်း ရေနံလမ်းကြောင်းဖြတ်တောက်လိုက်တာကို တချက်ကလေး ဝိုင်းဟောင်မပေးဘူးလေ။
ဟိုအကောင်လဲ တရုတ်ဂျင်းထည့်ထားတဲ့ နှစ်မဲခြောက်ပြား ရွေးကောက်ပွဲနဲ့ ချောက်ချားနေတာ။ မဲရုံတွေ လှည့်ကြည့်သလိုလိုနဲ့ နိုင်တဲ့ပါတီက အစိုးရဖွဲ့ဖို့လုပ်မှာကို လက်ခံပါတယ်၊ ဘာညာ မြောင်းတွေသွယ် ရေတွေဖောက် ဝန်ကြီးတွေ လျှောက်ခန့်နေတုန်း။ သူ သမ္မတဖြစ်ဖို့က ဘယ်သူကမှ မရွေးတဲ့ အမတ်တွေလက်ထဲ ရောက်သွားပလေ။ ခွေးအုပ်ထဲ ရောက်သွားတဲ့ ယုန်အဖြစ်မျိုးရယ်။ သမ္မတလုပ်မယ်ဆိုရင်လည်း ကာချုပ်က ပြုတ်ပြီ။ နောက်လုပ်မယ့်ကာချုပ်က ဘယ်လောက် ကိုယ်စိတ်ချရတဲ့ကောင်ထားထား ပခုံးပေါ် ဘားရောက်တာနဲ့ အရင်က ဘယ်လောက်ပြားမှောက်နေနေ ငေါက်ခနဲထတော့တာ မဟုတ်လား။ နေဝင်းကို သန်းရွှေက အုပ်သလို သန်းရွှေကို သူက တုပ်ထားတာ သူအသိဆုံး။ အမှန်က တရုတ်ကြီးက ရွေးကောက်ပွဲဆိုပြီး ကူးတို့ခထည့်ပေးလိုက်တာလေ။ ခုဆို တပ်ကလဲ ကာချုပ်အသစ်ကို မျှော်နေပြီ။ သူ့ဘာသာ သမ္မတလုပ်လုပ် မလုပ်လုပ် ကာချုပ်လုပ်မဲ့ကောင်တွေကအသင့်။ ဟိုမှာလဲ ဒုသမ္မတက သုံးယောက် ဆိုတော့ ကာချုပ် မဟုတ်တော့ချိန်မှာ ပထမသမ္မတဖြစ်ဖို့ကလည်း မရေရာ၊ ဖြစ်ရင်လဲ သမ္မတ ကြာကြာဆက်လုပ်ရဖို့ကလည်း မသေချာ။ အကျော်အခွဇယားတွေကရှိပြီးသား။ ကြံ့တွေ ဖွတ်တွေပေမင့် ကျားချောင်းချာင်း ဆင်ကြံကြံကြတာကလား။ ခွေးခံနိုင်ဖို့ မဖြစ်နိုင်ဘူးလေ။ ကမ္ဘာမြေသိပ်လေးနေပြီဆိုတော့ ထမ်းရွက်ပေးမယ့်သူကလဲ မရှိတော့။ ခုက လက်ထဲတပ်ရှိနေတုန်းမို့သာ လွှတ်ထားကြတာ။ ငါးကြီးဆို တပ်ရှိတာတောင် အကိုလှိုင် အကိုလှိုင်ဆိုပြီး စောက်ခွက်ထထပြောင်လို့ ထောင်နဲ့ ခြောက်ထားရတာသာကြည့်။ ကမ္ဘာကြီးက ဂျီနိုဆိုက်တရားခံအဖြစ်တောင်းခံလာရင် ခေါစာပစ်သလို ပစ်ကျွေးကြမှာချည်းဘဲလေ။ သူ လုပ်ထားတဲ့အကျပ်အတည်း သူနဲ့ပဲ ဖြေရှင်းရမှာဘဲ။ သူ ပိတ်ထားတဲ့ထွက်ပေါက် သူ့ကို ဖယ်ရှင်းပြီး လျှောက်ရမှာပဲမဟုတ်လား။
တရုတ်မြင်းနှစ်မှာ မြင်းကန်ခံရမှာကတော့ ရှီကျင့်ဖျင်ရော ကြိုးစင်ရောဘဲ။ တကမ္ဘာလုံးပတ်လူလည်ကျထားတဲ့ One Belt One Road ကလည်း One Scam နဲ့ဆိုတာ အကုန်သိသွားပြီ။ တရုတ်ကျားဖြန့် မနှိပ်စက် မသတ်ဖြတ် လူကုန်မကူးဘူးတဲ့လူမျိုးရယ်လို့ မရှိသလို တရုတ် ငွေမလိမ်ဘူးတဲ့နိုင်ငံရယ်လို့လည်းမရှိတော့။ ခါးပတ်တစင်း စီမံကိန်း ရောက်သမျှ နိုင်ငံတွေရဲ့အစိုးရတွေ လက်နက်ကိုင်တွေလဲ တကယ့်ကမ္ဘာ့ရာဇဝတ်သားတွေဖြစ်၊ နိုင်ငံတွေကျ ကြွေးနွံနစ်၊ ရွံစရာ စက်ဆုပ်စရာဘဝရောက် မူးယစ်နွံတွေပါ ပေါက်လာကြတော့တာကလား။ ခုဆို မင်းအောင်လှိုင်ကို အမေရိကန်လက်အပါမခံနိုင်ရင် တရုတ်က ဖမ်းရုံရှိတော့တာ။ ကျားဖြန့် ထွက်ချက်တိုင်းကလဲ မင်းအောင်လှိုင်ဆီချည်းဘဲလေ။ ဒါတွေက ကာချုပ်ပြုတ်ပြီးတာနဲ့ တန်းစီဖြစ်မယ့်ဟာတွေမို့ ယာယီသမ္မတပါ ပြုတ်သွားနိုင်တာကိုး။ ရှီကျင့်ဖျင်လည်း သူ့ဟာနဲ့သူ တိုင်ပတ်နေပေမဲ့ မအလနဲ့ပတ်သက်ရင်တော့ တိုင်မ်းဖရိန်တွေက လိုင်းချိန်ပြီးသားတွေချည်းဘဲလေ။ မြန်မာပြည်သူနဲ့ ပြန်စေ့စပ်ဖို့ကလည်း ဒီတနည်းပဲရှိ။ သူ့လူတွေအကုန်လုံး အမေရိကန်လက်ထဲ ဂွိတာတော့ ဘယ်ခံနိုင်မလဲ။
ကြင်စိုးကတော့ မပြောနဲ့။ ဖွတ်တက်ချ ခွေးဆွဲခံရမယ့် အခြေအနေမှာကို ရှော့တိုက်ဒုံးနဲ့ ကြင်စိုးဟာ ဖျင် စ အရိုးခံရပြီလေ။ နန်းတွင်းထဲကို အရိုးခံရတာနော်။ ရှင်လောင်းအဝတ်အစားလေးဝတ်ပြီး ပြည်တော်ဝင်ယတြာ gayလိုလိုပုံနဲ့ မင်းတုန်းမင်းကြီးသွားလုပ်တာတဲ့၊ ဒုံးတော်ဝင် ဟက်တက်ပြဲ ကဒါဖီထက်ကဲတော့မလို့။ ခုတောင် နှခမ်းပန်းနားစုတ်သွားလို့ ရေတပ်သင်တန်းဆင်းပွဲတောင် မတက်နိုင်တော့ဘူး။ တက်ချင်လွန်းလို့မှ ပွဲပတ်ရှာနေတဲ့ကောင်မဟုတ်လား။ ရေကြောင်းအရာရှိဆင်းပွဲဆိုတော့ အတင်းနွှဲချင်တာပေါ့။ နှခမ်းက အတော်ဖွာသွားအောင် အာဘွားခံလိုက်ရလို့သာ မတက်နိုင်တာ။ ဒုက္ခိတ ဘယ်နှရာခိုင်နှုန်းဖြစ်လဲတော့ မသိရပေမယ့် စိတ်ထောင်းလို့ ကိုယ်ကြေတဲ့အဆင့်တော့ ရောက်သွားပြီလေ။ ကာချုပ်ရာထူး မှန်းတဲ့ကောင်တွေတောင် စိတ်ခုန် ထိတ်တုန်နေလောက်ပြီ။ စိုးဝင်းကဖြင့် ဝမ်းသာလွန်းလို့ အိပ်တောင်မပျော်နိုင်ဘူးဆိုဘဲ။
AAက အကိုထွန်းလက် ယတြာခေါင်းလောင်း ရောက်သွားကတည်းက ခေါင်း-လောင်းရဖို့ သေချာသွားတာလေ။ ခုတော့ နေ့ရက်တိုင်းမှာ ခေါင်းကို လောင်းကြေးထပ်နေရပေါ့။ ဒီခေါင်းလောင်းဟာ စစ်အစိုးရအဆက်ဆက် မရလိုက်တဲ့ဟာ မဟုတ်လား။ မရအောင် သေချာဝှက်ထားနိုင်တာ မဟုတ်လား။ ရခိုင်မ ရှင်ဘုရင်ကတော် ဖြစ်တာတောင် ထုတ်မပေးခဲ့တာသာကြည့်။ ထိုက်တန်သူလက်ရောက်သွားပြီ ဆိုတော့ မထိုက်တန်သူ အသက်ပျောက်ရုံပေါ့။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar