အောင်ဝေး - သေနတ်ပစ်လေ့ကျင့်ခန်း
(မိုးမခ) နို၀င်ဘာ ၂၄၊ ၂၀၂၁
ရုပ်သံသတင်းကြေညာသူ
ညီလေးရေ ... ။
ပုဂ္ဂလဓိဋ္ဌာန် မဟုတ်ပါဘူး
ဓမ္မဓိဋ္ဌာန်ပါ။
ငါတို့လွမ်းတာ
ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘူး။
ငါတို့လွမ်းတာ
ဒေါ်အောင်ဆန်းစုကြည်
ပြန်လာမဲ့လမ်း။
ဒေါ်အောင်ဆန်းစုကြည်
လက်ဆင့်ကမ်းမဲ့
အနာဂတ်နိုင်ငံတော်တည်ထောင်ခန်း
ငါတို့လွမ်းတာပါ။
အလွမ်းကြာ
စွမ်းအင်ဖြစ် တဲ့။
အဲဒီစွမ်းအင်နဲ့
နှမ်းကို ရင့်စေ။
အဲဒီစွမ်းအင်နဲ့
ပန်းကို ပွင့်စေ။
အဲဒီစွမ်းအင်နဲ့
လမ်းကို သင့်စေ။
အဲဒီစွမ်းအင်နဲ့
ကမ်းကို တင့်စေ။
အဲဒီစွမ်းအင်နဲ့ပဲ
အလွမ်းကို ဖွင့်ပြီး
GUN ကို ကျင့်စေမယ်။
နုန်းညွန်ပျောင်းနဲ့
ရေဟောင်းကို
ကောင်းစွာကျော်ဖြတ်နိုင်၍သာ
ကြာပန်းဟာ
နေရောင်ထဲ သစ်လန်းရတယ်။
စစ်နဲ့ တော်လှန်ရေးကို
ဖြတ်သန်းလွန်မြောက်ပြီးတဲ့အခါ
ငြိမ်းချမ်းရေးဟာ
တစ်ခေတ်ဆန်းရမယ်။
ညီလေးကိုကျော်သက်လင်းရေ ...
ငါတို့ဟာ
တောကြာပန်းကလေးတွေပါကွာ
နွေဦးလာမဲ့လမ်းမှာ
ဗန်းခင်းထားတယ်။
လွမ်းတဲ့အခါ
သေနတ်ပစ်ကျင့်ပါညီလေး။ ။
အောင်ဝေး
(နိုဝင်ဘာ ၂၄၊ ၂၀၂၁)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar