Breaking News

မောင်မောင်စိုး - မကွေးတိုင်းမှတ်စု

မောင်မောင်စိုး - မကွေးတိုင်းမှတ်စု 
(မိုးမခ) နို၀င်ဘာ ၁၁၊ ၂၀၂၁

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး ခုနစ်ခုအနက် ဒုတိယအကြီးဆုံးဖြစ်ကာ ၄၄,၈၂၀ စတုရန်း ကီလိုမီတာ (၁၇,၃၀၆ စတုရန်းမိုင်) ကျယ်ဝန်းသည်။ မြို့တော်မှာ မကွေးမြို့ဖြစ်သည်။ ပခုက္ကူမြို့သည် တိုင်းဒေသကြီး၏ အကြီးဆုံးနှင့် အစည်ကားဆုံးမြို့ ဖြစ်သည်။ မကွေးတိုင်းအား ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ 
ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းဒေသများသည် မြေပြန့်များဖြစ်ပြီး အနောက်ဘက်ခြမ်းဒေသများသည် ရခိုင်ရိုးမ၏ အရှေ့ဘက် ရေဝေကြောဖြစ်သည်။ မင်းဘူးမြို့သည် လွင်ပြင်ဒေသဖြစ်သည်။ ဧရာဝတီမြစ်သည် တိုင်း၏အလယ်ဗဟိုကိုဖြတ်၍ မြောက်မှတောင်သို့စီးဆင်းသည် 
မကွေးတိုင်းဒေသကြီးတွင် ခရိုင် (၅) ခု ရှိသည်။ 

၁။မကွေးခရိုင်၊ မကွေးမြို့နယ်၊ နတ်မောက်မြို့နယ်၊ မြို့သစ်မြို့နယ်၊ ချောက်မြို့နယ်၊ ရေနံချောင်းမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်
၂။ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်၊ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ်
၃။ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ရေစကြိုမြို့နယ်၊မြိုင်မြို့နယ်၊ ပေါက်မြို့နယ်
၄။ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ထီးလင်းမြို့နယ်၊ ဆောမြို့နယ်
၅။ သရက်ခရိုင်၊ သရက်မြို့နယ်၊အောင်လံမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မင်းတုန်းမြို့နယ်၊ မင်းလှမြို့နယ် (အထက်မင်းလှ)၊ ကံမမြို့နယ် 
မကွေးတိုင်းဒေသကြီးကို ခရိုင် ၅ ခရိုင်နှင့် မြို့နယ်ပေါင်း ၂၅ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး မြို့ပေါင်း ၃၂ မြို့၊ ရပ်ကွက်ပေါင်း ၁၉၉ ခု၊ ကျေးရွာအုပ်စုပေါင်း ၁၅၃၈ အုပ်စု နှင့် ကျေးရွာပေါင်း ၄၇၈၈ ရွာ ပါဝင်သည်။၂၀၁၄ သန်းခေါင်စာရင်းအရ မကွေးတိုင်းဒေသကြီးတွင် လူဦးရေ ၃.၉ သန်း နေထိုင်ကြသည်။ 

မကွေးတိုင်းဒေသကြီး ရေနံချောင်းနှင့် ချောက်မြို့နယ်တို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ ထွက်ရှိသည်။ ချောက်/ရေနံချောင်း/ထောက်ရှာပင်/မင်းဘူး/မန်း/ကျောက်ခွက်လက်ပံတိုရေနံမြေတို့ ထင်ရှားသည်။ ထို့ပြင် ဆီထွက်သီးနှံများလည်း ထွက်ရှိသဖြင့် မကွေးတိုင်းအား မြန်မာပြည်၏ဆီအိုးဟုခေါ်ဆိုလေ့ရှိကြသည်။ 

မကွေးတိုင်းတွင်းရှိ မကွေးခရိုင်နှင့် သရက်ခရိုင်မှ အောင်လံမြို့နယ်တို့သည် ဧရာဝတီမြစ်အရှေ့ဖက်ကမ်းတွင် ရှိကြပြီး ကျန်ခရိုင်နှင့်မြို့နယ်တို့မှာ ဧရာဝတီမြစ်အနောက်ဖက်ခြမ်းတွင်ရှိသည်။ 

မကွေးတိုင်းသည် NLD အနိုင်ရနယ်မြေဖြစ်သည်။ သို့သော်၂၀၂၁ ခုနှစ် နိုင်ငံရေးလှုပ်ရှားမှုတွင် မကွေး၊ မင်းဘူးနယ်တို့သည် အခြားတိုင်းများလောက် အားမကောင်းဟု ဆိုကြသည်။ လက်ရှိ PDF ကျေးလက်အခြေပြုလက်နက်ကိုင် လှုပ်ရှားမှုအား ဂန့်ဂေါခရိုင်ရှိ ဂန့်ဂေါ၊ ထီလင်း၊ ဆော မြို့နယ် ၃ မြို့နယ်လုံးနှင့် ပခုက္ကူခရိုင်အတွင်းရှိ မြိုင်၊ ပေါက်၊ ရေစကြို မြို့နယ် ၃ ခုတွင်တွေ့ရသည်။ ယခုလပိုင်းတွင်းပင် ဂန့်ဂေါခရိုင်မှ အစိုးရဝန်ထမ်းအများစု တာဝန်မှ နှုတ်ထွက်ပြိး အစိုးရလုပ်ငန်းများရပ်ဆိုင်းကုန်သည်ကို တွေ့ရသည်။ထိုနယ်များသည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်ဒေသနှင့် စစ်ကိုင်းတိုင်းရှိ ယင်းမာပင်၊ အလောင်းတော်ကဿပကြိုးဝိုင်း၊ ကလေး ဒေသတို့ရှိ လက်နက်ကိုင်လှုပ်ရှားမှုနယ်မြေများနှင့်ဆက်စပ်နေသည်။ 

မကွေးတိုင်း၏ ကျန်ခရိုင် ၃ ခုတွင် မြို့ပြပြောက်ကျားတိုက်ခိုက်မှုအချို့တွေ့ရသော် လည်း ကျေးလက်အခြေပြုလက်နက်ကိုင်လှုပ်ရှားမှုမတွေ့ရသေးပါ။ သရက်၊မင်းတုံးဒေသသည်၎င်း၊ မင်းဘူး၊ စေတုတ္ထရာဒေသသည်၎င်း ၁၉၄၈ မှ ၁၉၈၀ ခုနှစ်ထိ CPB အနောက်မြောက်တိုင်းမှ ဗိုလ်သက်ထွန်းအဖွဲ့လှုပ်ရှားခဲ့ဘူးသောနယ်မြေဖြစ်သည်။ မြေပြန့်ချင်းရွာများရှိသည်။ ရခိုင်ရိုးမ၏ အရှေ့ဖက်ရေဝေရေလဲဒေသဖြစ်သည်။ သို့သော် ယခု လက်နက်ကိုင်လှုပ်ရှားမှုမတွေ့ရပါ။  ဧရာဝတီမြစ်အရှေ့ဖက်ခြမ်းရှိ မကွေးတိုင်းဒေသများသည် မြေပြန့်များဖြစ်၍ တောတွင်း ပြောက်ကျားလက်နက်ကိုင်လှုပ်ရှားရန် မလွယ်ကူပေ။ ဧရာဝတီအနောက်ခြမ်းဒေသများကား ချင်း/ရခိုင်ရိုးမနှင့်နီးပါက တောင်ကြော လျှိုမြောင်များရှိရာ ပြောက်ကျားလက်နက် ကိုင်များအတွက် မြေအနေ အထားသင့်သည်။ လက်ရှိ မကွေးတိုင်းတွင် ချင်း/စစ်ကိုင်းတိုင်းနှင့် ထိစပ်နေသော ဧရာဝတီအနောက်ခြမ်းတွင်သာ PDF လှုပ်ရှားမှုများကို တွေ့ရသည်။ အနှစ် ၄၀ ကျော် စစ်ပွဲမရှိသော ဒေသများတွင် ပြန်လည်တွေ့ရှိရသော လက်နက်ကိုင်ပုန်ကန်မှုများဖြစ်ပါသည်။ 

မကွေးတိုင်းတွင် စစ်လက်နက်ပစ္စည်းစက်ရုံများရှိ၍ တပ်အတွက်အရေးပါသည်။ 

စစ်နယ်မြေအရ နမခနှင့် လပခ နယ်မြေ‌ဆက်စပ်နေသည်။ နယ်မြေခံတပ်များအပြင် PDF လှုပ်ရှားမှုရှိသော မြို့နယ်များတွင် တပ်မမှ တပ်အချို့ပါ ဝင်ရောက်၍ စစ်ဆင်ရေးပြုလုပ်နေသည်ဟု မြေပြင်သတင်းများအရ သိရပါသည်။ 

စစ်မီးသည့် မြေပြန့် တိုင်းဒေသကြီးများသို့ကူးစက်လာရာ စစ်ကိုင်းတိုင်းပြီးလျင် မကွေးတိုင်းက ဒုတိယလိုက်နေသည်ဟု ဆိုရပါမည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar