မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၁၀ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၁
• လုပ်ကြံရန်စာရင်းနဲ့ ဒလန်ရှင်းလင်းရေးပြဿနာ
မကြာခင်က မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံသံရုံးအချို့က NUG အစိုးရကို လုပ်ကြံရန် ပစ်မှတ်ထားသူစာရင်း NUG ဘက်မှာ ပြုစုထားရှိတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ လှမ်းမေးကြရာမှာ ပြန်လည်ဖြေရှင်းတဲ့ ထုတ်ပြန်စာကို ဒေါက်တာဆာဆာလက်မှတ်နဲ့ နိုဝင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒီလို ထုတ်ပြန်ခဲ့တဲ့နောက်မှာ ဗွီအိုအေ သတင်းဌာနက NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အဆိုပါကိစ္စနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းတဲ့ သတင်းကို ဖေါ်ပြခဲ့ပါတယ်။ လတ်တလော လုပ်ကြံလာတဲ့ပစ်မှတ်တွေမှာ ဒလန်ဆိုတဲ့ ခေါင်းစဥ်နဲ့အပြင် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေ ၊ စည်းရုံးရေးမှူးတွေပါ ပါဝင်တဲ့ အရပ်သားပစ်မှတ်တွေ ပိုများပြားလာ နေ့စဥ်ခပ်စိပ်စိပ်တွေ့လာရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က မိုင်တဲလ်က ဘဏ္ဍာရေးမှူး လုပ်ကြံသတ်ဖြတ်ခံရတာ၊ နောက်တရက်မှာ ကျောင်းဆရာမတယောက် လုပ်ကြံသတ်ဖြတ်ခံရတာ၊ ဆက်ပြီး လှိုင်သာယာ စက်မှုဇုန်က အလုပ်သမားခေါင်းတယောက် လုပ်ကြံသတ်ဖြတ်ခံရတာတွေက နေ့စဥ်ရက်ဆက်ဆိုသလို တွေ့လာရတာကြောင့် အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးလို့ သံသယရှိသူတွေ အပြင်နောက်နယ်ပယ်တွေပါ ပါဝင်လာတာကြောင့် အခုလို လုပ်ကြံရန် စာရင်းရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
သို့မဟုတ်ပဲ ဒီလိုသတင်းကိုပျံ့နှံ့စေပြီး NUG ကို သိက္ခာကျအောင် လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ အနောက်ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေး ထိခိုက်အောင် ဝါဒဖြန့်ချိရေး လုပ်ကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ပီဒီအက်ဖ်တွေ နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်တာတွေ အပြင်၊ ပြည်တွင်းမှာ နေ့စဥ်လိုလို လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာ အခုလပိုင်း အခု သီတင်းပတ်ပိုင်းမှာ ပိုပြီးများပြားလာ စိပ်လာတာတွေ့ရပါတယ်။ လုပ်ကြံသတ်ဖြတ်မှုတွေရဲ့အများစုက လက်သည်မပေါ်ကြတာများပါတယ်။
တချို့သော လုပ်ကြံသတ်ဖြတ်မှုတွေကို ပီဒီအက်ဖ်ပေ့ချ်တွေက သူတို့လုပ်တာ ဖြစ်တယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ ရှိကြပေမယ့် ဘယ်အဖွဲ့က လုပ်တယ်လို့ ထုတ်ဖေါ်ခြင်း မရှိတာလည်း အများအပြားရှိပါတယ်။ စစ်ကောင်စီဘက်က အခါအားလျော်စွာ ဖမ်းမိသူတွေကို ပီဒီအက်ဖ်၊ ဘယ်လုပ်ကြံမှုတွေကို လုပ်ဆောင်ခဲ့တယ် လို့ ထုတ်ပြန်ပေမယ့်လည်း အဆိုပါထုတ်ပြန်ချက်တွေကိုလည်း မှန်ကန်တဲ့အချက်အလက်ရယ်လို့ ယုံကြည်လို့မရနိုင်တာပါ။
လက်နက်ကိုင် တပ်ဖွဲ့အနေနဲ့ ဖွဲ့စည်းပြီး စစ်ကောင်စီ လက်နက်ကိုင်တပ်တွေကို တိုက်ခိုက်တာ ဒေသတွေ လွတ်မြောက်အောင် ကြိုးစားဖို့ ပန်းတိုင်ထားပြီး လုပ်ဆောင်တာကို နိုင်ငံရေးလှုပ်ရှားမှုအနေနဲ့ ထောက်ခံသော်လည်း လုပ်ကြံသတ်ဖြတ်မှုတွေ သက်သက်နဲ့ နိုင်ငံရေးအရ ရည်မှန်းချက် အောင်မြင်ဖို့ မဖြစ်နိုင်တာကို နိုင်ငံရေးအရ ဦးဆောင်မှုအခန်းကဏ္ဍမှာရှိတဲ့ NUG က ရှင်းရှင်းလင်းလင်း သိရှိထားသင့်တယ်လို့ ထင်ပါတယ်။ လုပ်ကြံသတ်ဖြတ်မှုတွေမှာ အခြေခံစွပ်စွဲချက်ဖြစ်တဲ့ သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်က ဘယ်လိုစုံစမ်းထောက်လှမ်းကြလဲ ဘယ်လိုစိစစ်အတည်ပြုကြသလဲဆိုတာလည်း မေးစရာ ရှိပါတယ်။
နောက်တချက်ကတော့ တရားမျှတမှု မေးခွန်းဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူး အလုပ်တာဝန်ဝင်လုပ်တာနဲ့ ရပ်ကွက်မှာ ရာအိမ်မှူး ဖြစ်တာနဲ့ သေဒဏ်ထိုက်သင့်တယ်ဆိုတာမျိုးကိုလည်း နိုင်ငံတကာ စံနှုန်းတွေအရ လက်ခံဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။
တော်လှန်ရေး ကာလ၊ သူသေကိုယ်သေ တိုက်ခိုက်နေကြတဲ့ ကာလမို့ စိစစ်ဖို့ စနစ်မရှိဘူး၊ သို့မဟုတ် အချိန်မရှိ၊ ယန္တရားမရှိဘူးဆိုခဲ့ရင်လည်း သတင်းပေးတိုင်တန်းရုံနဲ့ နောက်ကွယ်မှာ သေဒဏ်စီရင်ပြီး လုပ်ကြံသတ်ဖြတ်တာဟာ တချိန်ချိန်မှာ တရားမျှတမှု မရှိဘူးဆိုတဲ့ မှတ်တမ်းတင်ခံရ နိုင်ပါတယ်။ လူထုက လုပ်ကြံသတ်ဖြတ်မှုတွေ နယ်ပယ်ကျယ်ပြန့်လာရင် ကြောက်လန့်လာပြီး ဘယ်လိုကိစ္စတွေကိုမှ ဝေဖန်ပြောဆိုရဲတော့မှာမဟုတ်တဲ့ အရေးလည်း ရှိပါတယ်။ ပီဒီအက်ဖ်တွေက အစိုးရမဟုတ်ပေမယ့် လုပ်ဆောင်မှုတွေ အတွက်တော့ တာဝန်ခံမှု အတိုင်းအတာတခုတော့ရှိရမှာ ဖြစ်ပါတယ်။
ချုပ်ပြောရရင်တော့ NUG အနေနဲ့ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ ဒလန်ရှင်းလင်းရေး၊ အခုနောက်ပိုင်း စစ်ကောင်စီ ဒေါက်တိုင်ရှင်းလင်းရေးဆိုတာတွေ အထိကျယ်ပြန့်လာနေတဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အမြင်၊ မူဝါဒ၊ ပါဝင်မှု ရှိ/ မရှိ စတဲ့ မေးခွန်းတွေ ရှင်းလင်းပြောကြားထားဖို့ အရေးတကြီး လိုအပ်နေပြီလို့ ထင်ပါတယ်။
အန်အယ်လ်ဒီပါတီနဲ့ အတိုက်အခံဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ အခုလတ်တလော သတ်ဖြတ်ခံရတာကို အကြောင်းပြုလို့ အန်အယ်လ်ဒီက လုပ်ကြံရန် စာရင်းများ ပြုစုထားသလားဆိုတဲ့ သံသယတွေ ထွက်ပေါ်လာတာကို ရှင်းလင်းဖို့လည်း လိုအပ်သလို ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ နဲ့ပတ်သက်တဲ့ သဘောထား လိုအပ်တဲ့ ပြောဆိုမှုတွေ ရှိသင့်တယ်လို့ ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar