Breaking News

ငြိမ်းအေးအိမ် - ၂၀၂၁ နွေဦးရာသီမြင်ကွင်းများ (၁၂၁)

ငြိမ်းအေးအိမ် - ၂၀၂၁ နွေဦးရာသီမြင်ကွင်းများ (၁၂၁) 
(ဖြတ်သန်းနေရသော နေ့ရက်များ)
(မိုးမခ) နို၀◌င်ဘာ ၂၅၊ ၂၀၂၁

၂၁ခုနှစ်ဟာ တော်လှန်ရေးရဲ့ ရက်စွဲများကို သေနတ်သံတွေနဲ့ စည်းချက်သတ်ပြီး၊ စုစည်းပေးထားတဲ့ ခုနှစ်ပါပဲ။ အာဏာသိမ်းခံရပြီး ၁၀လလောက်အတွင်းမှာ မြန်မာပြည်အနှံ့ဟာ မီးပွားမီးတောက်တွေချည်းပဲ။ မမြင်ချင်လည်းမြင်နေရ၊ မကြားချင်လည်း ကြားနေကျ။ အရင်က ၂၄/၇နာရီပတ်လည် ဘယ်သွားသွား အေးအေးချမ်းချမ်း ဥဒဟိုသွားလာလို့ရတဲ့ မြန်မာပြည်ရဲ့ လမ်းမတွေဟာ ခုနေခါမှာ မရတော့ပါဘူး။

ညကပဲ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးရဲ့ မိုင်တိုင်၃၄၀ကျော်မှာ လမ်းခဏပိတ်ထားတဲ့သတင်းဖတ်ရပါတယ်။ ဒီနေ့မနက်မှာတော့ မန်း-မုံရွာလမ်းမကြီးကို လောလောဆယ်အသုံးမပြုဖို့ တော်လှန်ရေးအင်အားစုတွေက စာထုတ်တာမြင်ရပါတယ်။ ခုတော့ ဒီသတင်းကို ဖတ်ရပါတယ်။
မုံရွာ မန္တလေး ခရီးသွား ကားများ ရောက်သည့်နေရာတွင် ရပ်ထားရ
•••

မုံရွာ၊ နိုဝင်ဘာ ၂၄
စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာနေတာကြောင့် မုံရွာမန္တလေး လမ်းပေါ်သွားလာနေတဲ့ကားတွေ ရောက်တဲ့နေရာမှာရပ်ထားဖို့ ဒေသကာကွယ်ရေး အဖွဲ့အသီးသီးက ဒီကနေ့ ထုတ်ပြန်ထားတာပါ။ 

"မိုင်းကွဲမှုတွေ ဖြစ်တယ်ကြားတယ် အခုမြင်းမူအကျော်မှာ ကားရပ်ထားရတယ်၊ စစ်ကောင်စီကင်းပုန်းတွေလည်းတွေ့တယ် ရောက်တဲ့နေရာရပ်ထားဖို့ ကျွန်တော်တို့တာဝန်ယူတယ် ကျန်တာတော့ pdf တွေ ကြည့်သာလုပ်” လို့ မန္တလေးကို အလုပ်ကိစ္စနဲ့သွားတဲ့ ကားပိုင်ရှင်တစ်ဦးက ချင်းတွင်းရီဗျူးကိုပြောပါတယ်။

မြင်းမူPDF ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ မုံရွာ မြေပြင်သတင်းစဉ် အစရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ အကယ်၍ ထိတွေ့မှုတွေဖြစ်ခဲ့ရင် အပြစ်မဲ့ပြည်သူတွေ မထိခိုက်စေဖို့ အခုလိုကြေညာချက်ထုတ်ရတာလို့ ဆိုပါတယ်။ 

မနေ့ကလည်း ရွာသစ်ကြီးနဲ့ နတ်ခရိုင်ကြားမှာ စစ်ကောင်စီခန့် စစ်ကိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်ရဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဌာနဆိုင်ရာ အရာရှိတစ်ဦး မိုင်းထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။ 

မနက်ကလည်း မုံရွာ-အရာတော်လမ်းပေါ်က တုံးတင်ကန်ဆိုတဲ့ရွာနားမှာ စကစ ကားတွေ မော်တော်ဆိုင်ကယ်တွေကို အချိန်ခြားပြီး သုံးကြိမ်တိုက်ခိုက်တယ်။ နေရာကတော့ တစ်နေရာတည်း။ တစ်ခါကွဲတယ်၊ ကွဲတဲ့နေရာကို လာကူသူကို ထပ်ခွဲတယ်။ လာစစ်ဆေးတဲ့သူတွေကိုလည်း နောက်တစ်ကြိမ်ထပ် ခွဲတယ်။ လက်လုပ် လောင်ချာတွေပါသုံးလာတာတွေ့ရတယ်။ အပိုင်စောင့်ပစ်၊ စောင့်ခွဲခံရတယ်ဆိုတော့ ခံရသူတွေမှာ အလဲလဲအကွဲကွဲ။ ဝန်ကြီးချုပ်ယာဉ်တန်းတွေဆိုတာလည်း မသေလို့သာ ကျန်တယ်၊ အသွားခွဲ၊ အပြန်ခွဲဆိုတဲ့သတင်းတွေက ပွထလို့။ မနေ့က စစ်ကိုင်းဝန်ကြီးချုပ်ယာဉ်တန်း၊ တစ်နေ့က ကရင်ဝန်ကြီးချုပ်ယာဉ်တန်း။

ဂန့်ဂေါ-ကလေး ကားလမ်းပေါ်ကို ဖြတ်သွားတဲ့ အရပ်သားတွေပြောတာကတော့ လမ်းတစ်လျှောက် စစ်သားမတွေ့ရပဲ PDF သားတွေပဲ အများအပြားတွေ့ရတယ်တဲ့။

ချင်းတောင်ပေါ်က ပြောလာတဲ့စကားကတော့ မြို့ကြီးတွေထဲမှာပဲ သူတို့ နေပါစေ။ ရွာတွေအားလုံးနီးပါးက ကျွန်တော်တို့ ထိမ်းချုပ်မှုအောက်မှာ၊ ပြည်သူတွေဟာ တော်လှန်ရေးတပ်သားတွေနဲ့ တစ်သားတည်းရှိနေပါတယ်တဲ့။

ကယားမှာတော့ မြို့တွေရွာတွေကို သူတစ်ဝက်ကိုယ်တစ်ဝက် ထိုင်ထားကြပုံပေါ်ပါတယ်။ တိုက်ပွဲ ဓာတ်ပုံတွေ၊ သတင်းတွေတွေ့လိုက်ရင် အိမ်ကြီးအိမ်ကောင်းတွေနားမှာ၊ ကတ္တရာလမ်းမတွေပေါ်မှာချည်းပါပဲ။ ကိုယ်တွေသိထားသလို တောထဲခြေဗလာနဲ့ ချီတက်တိုက်ခိုက်နေတာမျိုးမဟုတ်ပါဘူး။ ကား ဆိုင်ကယ်တဝီဝီနဲ့ တပ်ရွှေ့ပြောင်းနေကြတာလည်း တွေ့ပါရဲ့။

ထူးဆန်းတဲ့သတင်းတစ်ခုကတော့ (တန့်ဆည်ဘက်မှာ စစ်ကြောင့် ထွက်ပြေးနေရတဲ့ရွာတွေရှိတယ်။ ကာပေါင်းကျ၊ ပကာ၊ စင်းသင်း၊ တောင်ကျောင်း၊ လိပ်ခြံ၊ ချောင်းဆုံ စသဖြင့်ပေါ့) စစ်ပြေးရွာသားတွေ မရိပ်နိုင်ပဲ ကျန်ခဲ့တဲ့ မှည့်နေပြီဖြစ်တဲ့ စပါးခင်းတွေကို စကစ ကစစ်သားတွေ ဝင်ရိပ်ပြီး ရိက္ခာယူနေတယ်ဆိုတဲ့သတင်းပဲ။ အခြား တိုက်ဆိုင်စစ်ဆေးစရာ သတင်းအချက်အလက်တွေမရတော့ ယုံရခက်၊ မယုံရခက်ကြီး။ မယုံရတာက စစ်ဖြစ်နေတဲ့ကာလမှာ လယ်ထဲက စပါးရိပ်ပြီး၊ ဆန်ဖြစ်အောင်လုပ်ဖို့ အချိန်ရသလားဆိုတာနဲ့၊ ယုံရတာက စကစ ရှေ့တန်းသမားတွေ ရိက္ခာခက်နေပြီး ရွာတွေက ရသမျှယူစားနေတဲ့ သတင်းတွေကြောင့်ပဲ။

ပြည်သူနဲ့ စစ်သားဆိုတဲ့စကစတွေ ဘက်တစ်ဘက်စီမှာရှိနေကြတာ၊ ပိုပြီး ရန်/ငါ စည်းပြတ်လာတာကတော့ ရက်လကြာလေ၊ ပိုထင်ရှားလာလေပဲ။ နောက်ထူးခြားတဲ့သတင်းတစ်ခုကတော့ Linn Htet Aung acc နဲ့ဖေါ်ပြလာတဲ့သတင်းပါ။ တပ်ရဲ CDMတွေကိုကူညီတဲ့အဖွဲ့ကပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ့အဆိုက ဒီလိုပါ။

ပြည်သူရင်ခွင်ခိုလှုံတဲ့ တပ်ရဲအစီအစဉ်ဟာ NUG နဲ့  EAOS တွေကိုယ်တိုင်ကကို လက်ခံထားတဲ့ဗျုဟာတစ်ခုပါ။ အဲ့ဗျုဟာကို အားလုံးပူးပေါင်းပြီး ဆောင်ရွက်နေကြတာမို့ ကျနော်တို့ပြည်သူတွေအနေနဲ့လည်း သံသယအများကြီးမဖြစ်ဖို့ ပြောချင်ပါတယ်။ ဒီနေ့အချိန်ထိ ပြည်သူ့ရင်ခွင်ခိုလှုံထားသူ ရဲ ၆၀၀၀ ခန့် တပ် ၂၀၀၀ ကျော်ရောက်ရှိလာပါပြီ။ စစ်တပ်ရဲ့ အင်အား ၅ သိန်းပဲထား ၁ ရာခိုင်နှုန်းခန့်ကို တပ်ဘက်က အင်အားကို ပြည်သူ့ဘက်ကို ဆွဲယူထားနိုင်ပါပြီ (၅) သိန်းမှာ တပ်ရဲ အကုန်ပါပါတယ်)

ဒါကြောင့်မို့ ပြည်သူ့ရင်ခွင်အစီအစဉ်ကို ဝိုင်းဝန်းကူညီပေးကြဖို့ အားလုံးကို မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ တပ်တွေရဲတွေ စီဒီအမ်တယ်ဆိုတာ သေချာတဲ့သတင်းပါ။ မယုံစရာမရှိပါဘူး။ အရေအတွက် ဒီလောက်များနေပြီလားဆိုတာကိုတော့ စိစစ်စောင့်ကြည့်ဖို့လိုပါတယ်။ ဘာဖြစ်ဖြစ်၊ ပြည်သူ့ဘက်က အားတက်စရာသတင်းပါပဲ။ ပြည်သူအပေါင်း ကပ်ဘေးကင်းကွာ ကျန်းမာစွာ ရှိကြပါစေ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar