မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂၄ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၅ ရက်
ဒီနေ့ သတင်းတွေကို ဖတ်ကြည့်တဲ့အခါမှာ ပီဒီအက်ဖ်စခန်းတွေဝင်စီးခံရတဲ့သတင်းတွေ၊ ဖမ်းမိတဲ့သူတွေ ပစ်သတ်ခံရတဲ့သတင်း၊ ပီဒီအက်ဖ်တွေက စစ်ကောင်စီတပ်တွေ ရဲတွေရဲ့ စစ်ဆေးရေးဂိတ်တွေကို ဗုံးခွဲတဲ့သတင်း၊ လျှပ်စစ်ရုံးတွေကို ဗုံးခွဲတဲ့သတင်း၊ လှိုင်သာယာနဲ့ ရန်ကုန်မြို့ရဲ့ အချို့သောမြို့နယ်တွေမှာ လမ်းနယ်မြေ စည်ပင်နယ်မြေကို ကျူးကျော်ဆောက်လုပ်ထားတဲ စျေးဆိုင် အိမ်တွေကို ဖျက်သိမ်းခိုင်းနေတဲ့သတင်း၊ ထိုင်းမြန်မာနယ်စပ်မှာ ထိုင်းဘက်ကိုခိုးဝင်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို နေ့စဥ်ဖမ်းဆီးမိတဲ့သတင်း၊ အန်အယ်လ်ဒီအစိုးရအဖွဲ့ဝင်ဟောင်း ထိန်းသိမ်းထားသူတွေကို အမှုစွဲတင်တဲ့သတင်းတွေ တွေ့ရပါတယ်။
စစ်ကိုင်းတိုင်း မုံရွာ၊ အရာတော်ဘက်မှာတော့ ပီဒီအက်ဖ်စခန်းတွေကို ဝင်စီးခံရပြီး ပစ္စည်းတွေ မီးရှို့ဖျက်ဆီးခံရသလို ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ကာ စစ်ဆေး ဖျက်ဆီး ဖမ်းဆီးတာတွေ လုပ်နေတဲ့သတင်းတွေ ဒီနေ့သတင်းတွေထဲ ဖတ်ရှုရပါတယ်။ ပီဒီအက်ဖ်တွေအနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ ကားတန်းတွေကို လမ်းမှာမိုင်းခွဲတိုက်ခိုက်မှုတွေ၊ စစ်ဆေးရေးဂိတ်တွေကိုပစ်ခတ်တာ ဗုံးနဲ့ပစ်တာ၊ ဒလန်ဆိုသူတွေကို လုပ်ကြံသတ်ဖြတ်တာတွေ အဓိကလုပ်ဆောင်ကြပြီး စစ်ကိုင်းတိုင်းမှာ ချင်းတွင်းမြစ်ကြောင်း တပ်နဲ့ တပ်ရိက္ခာပို့ဆောင်တယ်လို့ ယူဆရတဲ့ စက်လှေတွေကို ပစ်ခတ်တာတွေ၊ စစ်ကိုင်းမုံရွာကားလမ်းလိုမျိုးက စစ်ယာဥ်တန်းကို ချောင်းမြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်လျှက်ရှိတာ သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။
စစ်ကောင်စီတပ်တွေက ပီဒီအက်ဖ်တွေရဲ့စခန်းတွေကို ရှာဖွေစီးနင်းတာ ကျေးရွာတွေဝင်ပြီး ပီဒီအက်ဖ် (သို့မဟုတ်) ပီဒီအက်ဖ်အားပေးသူတွေလို့ သံသယရှိသူတွေကို ဖမ်းဆီးနှိပ်စက်တာ သတ်ဖြတ်တာတွေ လုပ်ဆောင်နေကြတာပါ။
ပီဒီအက်ဖ်တွေ အနေနဲ့ အခုလို အခြေအနေကနေ နောက်တဆင့်အသာစီးရအောင်လုပ်ဖို့ ဘယ်လို အခက်အခဲတွေ ရှိနေသလဲ ဘာတွေလိုအပ်သလဲဆိုတာတွေကို ဦးဆောင်အဖွဲ့တွေ အနေနဲ့ သုံးသပ် အဖြေရှာဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ယူဆမိပါတယ်။ ဒီအခြေအနေနဲ့ မိမိတို့ဘက်က ရေရှည်သွားနိုင်မလား စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မြေလှန်စနစ်ကျင့်သုံးနေတာကြောင့် ရပ်ရွာလူထုအနေနဲ့ ဘယ်လောက်ကြံ့ကြံ့ခံ နိုင်မလဲ ရိက္ခာအရ ရှိတဲ့အသက်မွေးဝမ်းကျောင်း အရင်းအနှီးတွေ ဆုံးရှုံးသွားကြတာ၊ တရားဥပဒေစိုးမိုးမှု ပျက်ပြားပြီး တယောက်နဲ့တယောက်မယုံကြည်ရတဲ့အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေ စတာတွေကို ထည့်သွင်းစဥ်းစားပြီး ရှေ့လမ်းစဥ် မဟာဗျူဟာ နည်းဗျူဟာတွေကို ပြန်သုံးသပ်ဖို့ လိုအပ်မယ်ထင်ပါတယ်။
ရန်ကုန် မန္တလေးလိုမြို့တွေမှာတော့ လုပ်ကြံသတ်ဖြတ်မှုနဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်တာ သတင်းတွေထဲ တွေ့ရပါတယ်။ ယနေ့မှာပဲ ရန်ကုန် သန်လျင်မှာ မြဝတီဘဏ်မှာ စောင့်ကြပ်နေတဲ့ စစ်ကောင်စီတပ်တွေကို ဗုံးခွဲတာတွေ တောင်ဒဂုံမြို့နယ်မှာ ဒလန်လို့ဆိုသူတွေကို လုပ်ကြံသတ်ဖြတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေထဲ ပါရှိပါတယ်။
အခုလို အခြေအနေတွေ မတည်မငြိမ်ဖြစ်နေချိန် ဗုံးကွဲမှု လုပ်ကြံသတ်ဖြတ်မှု ပစ်ခတ်မှုတွေ ဖြစ်ပွားနေစဥ်မှာ မြို့ကြီးတွေမှာ ကျူးကျော်လို့ခေါ်တဲ့ လမ်းဘေးတွေ လမ်းဧရိယာတွေအပေါ် အဖီချဆောက်ထားပြီး စျေးဆိုင်၊ စားသောက်ဆိုင်နဲ့ လူနေအိမ်လိုမျိုး ဆောက်လုပ်ထားတာတွေကို ပြီးခဲ့တဲ့ လကတည်းက စတင်ဖျက်သိမ်းဖို့ လုပ်ဆောင်လာနေပါတယ်။
အခုလို အခြေအနေမတည်မငြိမ်ဖြစ်နေစဥ်မှာ ကိုယ့်ဘက်မပါသူတွေကို အခြေမကျအောင်လုပ်တဲ့ နည်းဗျူဟာက အသစ်တော့မဟုတ်ပါဘူး။ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးစဥ်ကလည်း ရန်ကုန်မြို့က ကျူးကျော်ရပ်ကွက် အများအပြားနေအိမ်အများအပြားကို မြို့ပြင်နှင်ထုတ်ခဲ့တာတွေ ရှိခဲ့တာဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရဆိုတဲ့ကာလမှာလည်း အလားတူ မြို့ပေါ်က လူနေရပ်ကွက်တွေဖျက်ပြီး မြို့လယ်ကနေ မြို့စွန်တွေဆီပို့ မြို့သစ်တည်တာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ ကိုယ့်ထောက်ခံသူမဟုတ်တဲ့ လူထုကို အခြေတကျမဖြစ်အောင်လုပ်လို့ရတဲ့ စည်ပင်ဥပဒေဆိုတာမျိုးနဲ့ ဖယ်ရှားတာမျိုးလုပ်ခဲ့ပြီး ဒီနည်းဗျူဟာကို စစ်အာဏာသိမ်းပြီးကာလတွေမှာ ကျင့်သုံးလေ့ရှိတာတွေ့ရမှာ ဖြစ်ပါတယ်။
နောက်သတင်းအကြောင်းအရာတခုကတော့ မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ တရားဝင်နည်းနဲ့ သွားဖို့ခက်ခဲနေတာကြောင့် တရားမဝင်နည်းဖြစ်တဲ့ နယ်စပ်ကနေ လူမှောင်ခိုသယ်သူတွေကို အားကိုးပြီး ဒါမှမဟုတ် မိမိတို့ဘာသာ ခိုးဝင်ကြတဲ့သတင်း၊ ထိုင်းရဲတွေ နယ်ခြားစောင့်တပ်တွေရဲ့ ဖမ်းဆီးခံရတဲ့ သတင်းတွေက ပိုစိပ်လာပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်တာ၊ ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှု ၂ ခုပေါင်းရိုက်ခတ်မှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ဆိုးရွားစွာကျဆင်းနေတာကြောင့် အိမ်နီးချင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ အဖမ်းအဆီးခံရတဲ့ အန္တရာယ်ကြား လူမှောင်ခိုကူးသူတွေကို ပေးရတဲ့ သိန်းနဲ့ချီတဲ့ ပိုက်ဆံကို ရင်းပြီး စွန့်စားသွားရောက်နေကြတာ ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုအခြေအနေဟာ အရေးကြီးတဲ့အခြေအနေမျိုးဆိုတာ ခန့်မှန်းမိနိုင်ပါပါတယ်။ တဖက်မှာလည်း နိုင်ငံရေး စစ်ရေး ပဋိပက္ခတွေ ဖြစ်နေတဲ့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းမရှိတဲ့အပြင် အသက်အန္တရာယ်ပါ စိုးရိမ်လာရတာတွေကြောင့် အိမ်နီးချင်းနိုင်ငံမှာ အလုပ်ရှာဖို့ စွန့်စားသွားရောက်ကြတာ လို့သုံးသပ်ရပါတယ်။
ကိုဗစ် ကန့်သတ်မှုတွေကို ဖြေလျော့ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ပြန်ဦးမော့လာအောင် ကြိုးစားနေတဲ့ ထိုင်းနိုင်ငံအဖို့ အလုပ်သမား လိုအပ်ချက်တွေ ရှိနေတာအမှန်ဖြစ်ပေမယ့်လည်း နယ်စပ်က အထောက်အထားမပါပဲ ခိုးဝင်လာမှုတွေကို ကိုဗစ်ကူးစက်မှု ရှုထောင့်နဲ့ ဥပဒေစိုးမိုးမှုရှုထောင့်အရ ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ ရှုမြင်မှာလည်း ဖြစ်ပါတယ်။
နောက်ဆုံး သတင်းအကြောင်းအရာတခုကတော့ ထိန်းသိမ်းခံထားရတဲ့ အန်အယ်လ်ဒီအစိုးရအဖွဲ့ဝင်ဟောင်းတွေကို အမှုဖွင့်အရေးယူတာ လက်ရှိ အမှုစွဲဆို ရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ်တွေကို အမှုထပ်တိုးတာတွေ သတင်းတွေထဲ ဖတ်ရှုရပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ်ကို အမှု ၂ မှုထပ်တိုးဖွင့်ခဲ့ပြီး ထိန်းသိမ်းထားတာ ၉ လခန့်ကြာပြီးနောက်မှာမှ အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ခံရတဲ့သူက ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
အခုလို အာဏာသိမ်းလို့ ထိန်းသိမ်းထားသူတွေကို အမှုဖွင့်တာတွေဟာ အာဏာသိမ်းတာကို ဆင်ခြေပေးဖို့ အကြောင်းပြချက်ရှာဖွေတာတွေဆိုတာ အများကနားလည်ထားပြီးဖြစ်ပြီး အခုလို အမှုဖွင့်တာတွေက အချိန်မရွေး ရုပ်သိမ်း လျော်ပစ်လို့ရတဲ့ သဘောလည်း ဖြစ်တယ်ဆိုတာ နားလည်ထားကြပြီးဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar