မောင်သာမည (မြန်မာပြန်) - သောကခေတ်တွင် ရှင်သန်ခြင်း ( အပိုင်း ၆ )
သောကခေတ်တွင် ရှင်သန်ခြင်း ( အပိုင်း ၆ )
မူရင်း - စဗက်လာနာ
မြန်မာပြန် - မောင်သာမည
(မိုးမခ) နိုဝင်ဘာ ၃ ၊ ၂၀၂၁
ဆေးရုံအတွင်းမှာတော့ ကျွန်မကလည်း သူ့လက်ကို မလွှတ်ဘဲ ကိုင်ထားတတ်တယ်။
တညမှာပေါ့။ အခန်းတခုလုံးက တိတ်ဆိတ်နေတယ်။ အခန်းထဲမှာ ကျွန်မတို့ နှစ်ယောက်တည်းပဲ ရှိတယ်။ သူက ကျွန်မကို အနားကပ်ပြီး ကြည့်တယ်။ နောက် ရုတ်တရက် ပြောလိုက်တယ်။
" ကိုယ်တို့ရဲ့ ရင်သွေးလေးကို ကိုယ်တော့ အရမ်းကြည့်ချင်တာပဲ၊ ဘာနဲ့တူသလဲဆိုတာ သိချင်လိုက်တာ" တဲ့။
" သူ့ကို နာမည်ဘယ်လို ပေးမလဲ "
" မင်းဘာသာပဲ စဉ်းစားပြီး ပေးပါ "
" ကျွန်မ တယောက်တည်း ဘာကြောင့် စဉ်းစားရမှာလဲ မောင်ရယ်၊ ကျွန်မနဲ့ မောင်နဲ့ နှစ်ယောက် အတူတူ စဉ်းစားနိုင်တာပဲ ”
“ ကောင်းပြီလေ ၊ ယောက်ျားလေးဆိုရင် ဗက်စယာလို့ နာမည်ပေး၊ မိန်းကလေးဆိုရင် နာတာရှာလို့ နာမည်ပေး”
“ ဗက်စယာလို့ ဘာကြောင့်ပေးရမှာလဲ ၊ ဘာရည်ရွယ်ချက်နဲ့ ဒီနာမည်ကို မောင်က ပေးချင်တာလဲ၊ ကျွန်မမှာ ဗက်စယာတယောက် ရှိနေပြီလေ၊ မောင်တယောက်လုံး ရှိနေပြီလေ ၊ နောက်ထပ် ဗက်စယာတယောက် မလို အပ်တော့ပါဘူး မောင်ရယ်"
အဲဒီအချိန်အထိ သူ့ကို ဘယ်လောက်အထိချစ်သလဲဆိုတာ ကျွန်မ မသိသေးဘူး။ ဗက်စယာဆိုရင် သူပဲ ဖြစ်ရ မယ်။ သူကလွဲပြီး ဘယ်သူမှ မဖြစ်ရဘူး။ ကျွန်မဟာ ဘာမှ မသိမမြင်သလို ဖြစ်နေခဲ့တယ်။ ဝမ်းထဲက ကလေးက ကျွန်မရဲ့ နံရိုးတွေကို ကန်နေတာကိုတောင် သတိမထားနိုင်ခဲ့ဘူး။ တကယ်တော့ အဲဒီအချိန်မှာ ကျွန်မကိုယ် ဝန်က ခြောက်လ ရှိနေပါပြီ။ ကလေးက ကျွန်မရဲ့ဗိုက်ထဲမှာ အကာအကွယ် ရနေတယ်၊ လုံလုံခြုံခြုံ ရှိနေတယ်လို့ပဲ ထင်နေခဲ့တယ်။
ကျွန်မ ရင်သွေးလေး ပေါ့နော်။
ဖိအားပေးအလုံခန်းထဲမှာ သူနဲ့အတူ တညလုံးရှိနေခဲ့တာကို ဘယ်ဆရာဝန်ကမှ မသိဘူး။
ပက်ပင်းတိုးမိတာမျိုး မရှိခဲ့ဘူးလေ။ သူနာပြုတွေက ကျွန်မကို ခွင့်ပြုခဲ့တယ်။
ပထမတော့ အပြင်ဘက်မှာပဲ နေဖို့ ကျွန်မကို ပြောပါတယ်။
" နင်က သိပ်ငယ်သေးတယ်၊ ဘာဖြစ်လို့ ဒီလိုလုပ်နေရတာလဲ ၊ နင် ဘာဖြစ်နေတာလဲ။
နင့် ယောက်ျားဟာ အခုအချိန်မှာ လူတယောက်မဟုတ်တာ့ဘူးဟဲ့၊ သူက နျူးကလီယားဓာတ်အားပေးစက်ရုံလေး တခု ဖြစ်နေပြီကွဲ့"
" နင်တို့နှစ်ယောက်လုံး အမှုန့်ဖြစ်သွားလိမ့်မယ်" တဲ့။
ဒါပေမဲ့ ကျွန်မကတော့ သူတို့သူနာပြုတွေ သွားတဲ့နောက်ကို ခွေးကလေးတကောင်လို တကောက်ကောက် လိုက်နေခဲ့တယ်။ တံခါးပေါက်နားမှာ နာရီတွေအများကြီးကြာအောင် ရပ်စောင့်နေတယ်။ သူရှိတဲ့အခန်းထဲကို ဝင်ခွင့်ပေးဖို့ အထပ်ထပ်တောင်းပန်တယ်။
နောက်ဆုံးတော့ သူတို့က ပြောတယ်။
" ဖြစ်ချင်ရာဖြစ်၊ ဝင်တော့ဟာ၊ နင်က တကယ့်ငပေါက်မပဲ” တဲ့။
မနက်ခင်း ဆိုရင် ရှစ်နာရီထိုးကာနီးမှာ ဆရာဝန်တွေက လူနာတွေကို လှည့်ကြည့်တတ်တယ်။ အဲဒီလို လှည့်ကြည့်ဖို့လာပြီဆိုရင် သူနာပြုဆရာမတွေက ပလတ်စတစ်ခန်းစည်းအပြင်ကနေ “ မြန်မြန်ထွက်" ဖို့ ကျွန်မကို အချက်ပြတယ်။
ကျွန်မလည်း တည်းခိုဆောင်ကို ပြန်ပြီး တနာရီ အနားယူတယ်။ မနက်ကိုးနာရီကနေ ညကိုးနာရီ အထိ ကျွန်မက သူ့အခန်းထဲမှာ နေခွင့်ရထားတယ်။ ကျွန်မခြေသလုံးတွေက ပြာနှမ်းနှမ်းဖြစ် လာနေပြီ။ ပင်ပန်းလွန်းလို့ ခြေသလုံးတွေ ရောင်ကိုင်းနေပြီ။ ကျွန်မစိတ်ဓာတ်က ကျွန်မခန္ဓာကိုယ်ထက် ပိုပြီးကြံ့ခိုင်တယ်။ အို ကျွန်မရဲ့ ချစ်သူရယ် ... ။
သူနဲ့အတူ ကျွန်မရှိနေချိန်မှာတော့ ဒါကို မလုပ်ကြဘူး။ ကျွန်မ ထွက်သွားတဲ့အချိန်ကျမှ သူတို့လုပ်ကြတာ။ သူ့ကို ဓာတ်ပုံရိုက်တာလေ။
သူ့ကိုယ်မှာ ဘာမှမရှိဘူး၊ ကိုယ်တုံးလုံး။ သူ့အပေါ်မှာ စောင်ပါးလေးတထည်ပဲ လွှမ်းထားတယ်။ နေ့တိုင်း အဲဒီ စောင်ပါးလေးကို ကျွန်မ လဲပေးရတယ်။ ညရောက်ပြီဆိုရင် အဲဒီစောင်တခုလုံး ဟာ သွေးတွေနဲ့ ပေကျံနေပြီ။ ကျွန်မက သူ့ကို ပင့်မ လိုက်တယ်ဆိုရင်ပဲ သူ့အရေပြားတွေကွာပြီး ကျွန်မရဲ့ လက်မှာ အချပ်သေးသေးလေးတွေ ကပ်ပြီးကျန်ခဲ့တယ်။
“ ကျွန်မကို ကူပေးပါလားမောင်ရယ်၊ လက်ပေါ်မှာဖြစ်ဖြစ် တတောင်ဆစ်ပေါ်မှာဖြစ်ဖြစ် ရသလောက် ထောက်ပေးပါလား။ အိပ်ရာခင်းကို ဖြန့်လို့ ရအောင်လေ၊ အိပ်ရာခင်းမှာ တွန့်နေတာ လိပ်နေခေါက်နေတာကို ပျောက် အောင်လုပ်ပေးမယ်လေ”
ကျွန်မက ပြောပြီး သူ့ကို ထောက်ခိုင်းပါတယ်။ အိပ်ရာခင်းရဲ့ တွန့်ရာသေးသေးလေးကတောင် သူ့ကို အနာဖြစ်စေ ပါတယ်။ ကျွန်မရဲ့ လက်သည်းတွေကိုလည်း ခနခနညှပ်ပေးရတယ်။ သူ့ကို ထိမိခိုက်မိမှာ စိုးလို့ပါ။ ဘယ် သူနာပြုဆရာမကမှ သူ့နားကို မကပ်ရဲဘူး။ သူ့ကို မထိရဲဘူး။ တခုခု လုပ်ပေးဖို့ လိုအပ်ရင် ကျွန်မကို ခေါ်တာပဲ။
သူ့ကို ဓာတ်ပုံတွေ ရိုက်တာက သိပ္ပံပညာအတွက် အသုံးချဖို့ပါလို့ ပြောတယ်။ ကျွန်မဖြင့် အဲဒီသူတွေကို အခန်းထဲကနေ ကန်ထုတ်ချင်လိုက်တာ။ အော်ငေါက်ပြီး ထိုးကြိတ်ပစ်ချင်လိုက်တာ။ သူတို့မို့ လုပ်ရက်လေခြင်း။ တကယ်လို့သာ ကျွန်မအနေနဲ့ သူတို့ကို အခန်းထဲ မဝင်နိုင်အောင် လုပ်နိုင်ခဲ့ရင် - တကယ်လို့သာ လုပ်နိုင်ခဲ့မယ် ဆိုရင် ....။
သူ့အခန်းထဲကနေ ကော်ရစ်ဒါဆီကို ထွက်လာတဲ့အခါ ကျွန်မဟာ နံရံနဲ့ တိုက်မိမလို၊ ကုတင်နဲ့တိုက်မိမလို ဖြစ်သွားသေးတယ်။ ဘာကိုမှ ကျွန်မ မမြင်တော့ဘူးလေ။
တာဝန်ကျသူနာပြုဆရာမကို လက်နဲ့တားပြီး “ သူ သေတော့မယ်" လို့ပြောလိုက်ပါတယ်။
" နင်က ဘာကို မျှော်လင့်နေသေးတာလဲ၊ သူ့ရဲ့ ရေဒီယိုဓာတ်ကြွမှုက ယူနစ် ၁၆၀၀ အထိ ရှိနေပြီလေ၊ ယူနစ် ၄၀၀ လောက်ရှိရင်တောင် သေနိုင်တာ" တဲ့။
ဆရာမက တော်တော်စိတ်မကောင်းဖြစ်နေပါတယ်။ ဒါပေမဲ့ ကျွန်မ စိတ်မကောင်းဖြစ်တာနဲ့တော့ မတူဘူးလေ။ သူက ကျွန်မရဲ့ အချစ်လေ ၊ သူက ကျွန်မရဲ့ ချစ်သူလေ။
သူတို့အားလုံး သေဆုံးသွားတဲ့အခါမှာ ဆေးရုံကို အကုန်ပြန်ပြင်လိုက်ပါတယ်။ နံရံတွေကို ခွါချပစ်လိုက်တယ်။ ကြမ်းခင်းတွေကို ခွါချပစ်လိုက်တယ်။ သစ်သားထည်မှန်သမျှကို ဖယ်ရှားပစ်လိုက်တယ်။
နောက်ဆုံးဖြစ်ပျက်ခဲ့တဲ့အထဲက ထူးထူးခြားခြား အစအနလေးတွေလောက်ကိုပဲကျွန်မ မှတ်မိပါတော့တယ်။ အားလုံးက ခပ်ဝါးဝါးပဲ။
သူမဆုံးခင်ညက သူ့ဘေးမှာ ရှိတဲ့ကုလားထိုင်မှာ ကျွန်မ တညလုံး ထိုင်နေခဲ့တယ်။ မနက် ၈ နာရီထိုးတော့ “ဗက်စယာ၊ကျွန်မ အခန်းကို ခနလောက်ပြန်လိုက်ဦးမယ်နော်၊ခနလောက် သွားနားလိုက်ဦးမယ်”လို့ပြောလိုက်တယ်။သူက မျက်လုံးတွေ ဖွင့်ကြည့်တယ်။ နောက် ပြန်မှိတ်သွားတယ်။ သွားပါလို့ ပြောလိုက်တဲ့ အဓိပ္ပါယ်ပါ။
အဆောင်ကိုပြန်ရောက်တာနဲ့ အခန်းကို သန့်ရှင်းပြီး ကြမ်းပြင်ပေါ်မှာ ကျွန်မလှဲချလိုက်တယ်။ အိပ်ရာပေါ်မှာ ကျွန်မလှဲလို့မရပါဘူး ။ ကျွန်မတကိုယ်လုံး ကိုက်ခဲနေလို့ပါ။ အဲဒီအချိန်မှာပဲ ဆေးရုံအကူလုပ်သားတယောက်က အခန်းတံခါးကို ထုတယ်။
“ မြန်မြန် ပြန်လာဟေ့၊ မင်းယောက်ျားက မင်းကိုပဲ တရစပ်ခေါ်နေတယ် ” တဲ့။
အဲဒီနေ့ မနက်မှာ တန်နယာ ကီဘန်နော့က သူနဲ့အတူ လိုက်ဖို့ ကျွန်မကို ပြောထားပါတယ်။ “ သင်းချိုင်းကို လာခဲ့ပါ - မင်းရှိမှ ဖြစ်မှာမို့လို့ပါ ” လို့ ပြောပါတယ်။
အဲဒီမနက်မှာ ဗစ်တာကီဘန်နော့က် နဲ့ ဗိုလိုဒယာပရာဗစ်တို့နှစ်ယောက်ကို မြေမြှုပ်သဂြိုဟ်မယ်လေ။ ဗစ်တာနဲ့ကျွန်မက သူငယ်ချင်းတွေပါ။ သူ့မိဖနဲ့ကျွန်မမိဖတွေကလည်း သူငယ်ချင်းတွေ။
ပေါက်ကွဲမှုမဖြစ်ခင်ရက်က အဆောင်မှာ ကျွန်မတို့ ဓာတ်ပုံအတူရိုက်ကြသေးတယ်။ အဲဒီဓာတ်ပုံထဲမှာ ကျွန်မတို့နှစ်ယောက်ရဲ့ ယောက်ျားတွေက သိပ်ချောတာပဲ။ မျက်နှာတွေက ဝင်းလက်ပြီး ပြုံးလို့။ ကျွန်မတို့အတိတ်ဘဝရဲ့ နောက်ဆုံးရက်ပါပဲ။ ချာနိုဗီးမတိုင်မီ ဘဝပေါ့နော်။ ကျွန်မတို့ သိပ်ပျော်ခဲ့ကြတယ်။
သင်းချိုင်းကနေ ဆေးရုံကို ပြန်ရောက်ရောက်ချင်းပဲ တာဝန်ကျသူနာပြုဆရာမဆီကို အမြန်ဖုန်းဆက်ပါတယ်။
" သူ ဘယ်လို နေသလဲ” လို့ မေးလိုက်တော့ " လွန်ခဲ့တဲ့ ၁၅ မိနစ်ကပဲ ဆုံးသွားပြီ" တဲ့။
အိုး ဖြစ်ရလေခြင်း - တညလုံး သူနဲ့ အတူ နေခဲ့တယ် ။ သူ့နားက ထွက်လာတာ သုံးနာရီ လောက်ပဲ ရှိတယ်။ ကျွန်မဟာ ပြတင်းပေါက်နားမှာ ရပ်ရင်း အော်ဟစ်လိုက်မိတယ်။
“ ဘာကြောင့်လဲ - ဘာကြောင့် ဒီလိုမျိုး ဖြစ်ရတာလဲ"
ကျွန်မဟာ ကောင်းကင်ကြီးကို မော့ကြည့်ပြီး အသံကုန် အော်လိုက်တယ်။ အဆောက်အဦးအောက်ကို ငုံ့ကြည့်ပြီး တော့လည်း အော်ဟစ်လိုက်တယ်။ လူတွေက ကျွန်မအနားကို မကပ်ရဲကြဘူး။ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်တယ်။ အသိတရားလည်း ပြန်ဝင်လာတယ်။
သူ့ကို သွားကြည့်ရမယ် - နောက်ဆုံးအကြိမ် သွားကြည့်ရမယ် - လှေကားထစ်တွေကို တဒုန်းဒုန်း ဆောင့်နင်းပြီး ကျွန်မ ဆင်းချသွားတယ်။ သူကတော့ အလုံခန်းထဲမှာပဲ လဲလျောင်း နေတုန်းပေါ့။ သူ့ကို မသယ်သွားသေးဘူး။ သူ့ရဲ့ နောက်ဆုံးစကားတွေက " လျူစီယာ ရေ - မောင့် လျူစီယာရေ” တဲ့။
“ လျူစီယာက အပြင်ကို ခနထွက်သွားတယ်။ တမိနစ်လောက်ကြာရင် ပြန်လာမှာပါ” လို့ သူနာပြုဆရာမက ချော့ပါတယ်။ သူက သက်ပြင်းတချက်ချပြီး အသက်ကုန်သွားတာတဲ့။
( ဆက်ရန် )
----
၂၀၁၅ ခုနှစ်၏ စာပေဆိုင်ရာနိုဘယ်ဆုရ ဘဲလာရုစ်လူမျိုး စာရေးဆရာမကြီး စဗက်လာနာ ( Svetlana Alexandrovna Alexievich)ရေးသားသည့် " Chenobyl Prayer " စာအုပ်၏ အခန်းတစ်ခန်း “ A Lone Human Voice" ကို ပြန်ဆိုထားခြင်းဖြစ်ပါသည်။ ရုရှားဘာသာဖြင့် ရေးထားသော မူရင်းစာအုပ်ကို ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေသည်။ အင်္ဂလိပ်ဘာသာပြန် ပထမမူ (Voices from Chernobyl ) ကို ၂၀၀၅ ခုနှစ်တွင် ထုတ်ဝေသည်။ အင်္ဂလိပ်ဘာသာပြန် ဒုတိယမူ (Chernobyl Prayer) ကို ၂၀၁၇ တွင် ထုတ်ဝေသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar