Breaking News

နိုင်စိုး - ကိုဗစ်နဲ့ ကိုစစ်ကြားက ရိုးရာကထိန်

နိုင်စိုး - ကိုဗစ်နဲ့ ကိုစစ်ကြားက ရိုးရာကထိန်
(မိုးမခ) နို၀င်ဘာ ၂၅၊ ၂၀၂၁

မြန်မာနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓဘာသာတွေရဲ့ဓလေ့အရ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ကနေ တန်းဆောင်မုန်းလပြည့်နေ့အထိ ကထိန်ရာသီလို့ မြတ်စွာဘုရားသတ်မှတ်ထားခဲ့သည့်အလျောက် သံဃာတော်တွေကို သင်္ကန်အပါအဝင် ပစ္စည်းလေးပါးလှူဒါန်းကြတာဟာ မြန်မာနိုင်ငံသားတွေရဲ့ ချစ်ခင်လေးစားဂုဏ်ယူစရာကောင်းတဲ့ အကျင့်စရိုက်တခုပါပဲ။

ကထိန်ဆိုတော့ ပစ္စည်းလေးပါးအတွက် ကုန်ကျစရိတ်တွေကို တတ်နိုင်တဲ့သူတွေကတော့ ကိုယ်နည်းကိုယ့်ဟန်နဲ့ကို တာဝန်ယူကြပေမဲ့ တဦးတယောက်တည်း မတတ်နိုင်သူတွေကတော့ စုပေါင်းကထိန် (ဘုံကထိန်) ခင်းကြတာပေါ့။ စုပေါင်းကထိန်ခင်းနိုင်အောင် အလှူခံထွက်ကြရာမယ် ကလေး လူကြီးတွေပါဝင်ကြတဲ့ အလှူခံတွေဟာ ရပ်ကွက်ထဲမှာ၊ ရပ်ရွာတွေမှာ တလှိုင်လှိုင် တမြိုင်မြိုင် ကြိုးစားအလှူခံသွားနေရတာ တွေ့ခဲ့ရတာ အစဉ်အလာတခုဖြစ်ခဲ့ပေမဲ့ ဒီနှစ်မှတော့ နည်းသွားတယ် ပြောရမလား၊ ရှားလာတယ် ပြောရမလားပဲ။

အလှူခံအဖွဲ့တွေမှာလည်း ကျွဲနှစ်ကောင်အကဟာ ပြည်သူတွေ စိတ်ဝင်စားတဲ့အကဖြစ်ပြီး ကျွဲနှစ်ကောင်အကနဲ့ အလှူခံအဖွဲ့ဟာ တခြားအလှူခံအဖွဲ့တွေထက် အလှူငွေပိုရကြတယ်။ ဒါပေမဲ့ အခုခေတ်တွေမှာတော့ ကျွဲနှစ်ကောင်အကဟာ ပျောက်ကွယ်သွားပြီးလို့တောင် ပြောရမလိုပါပဲ။ ဒီနှစ်ကထိန်အလှူခံအဖွဲ့တွေမှာ ကျွဲနှစ်ကောင်အကပျောက်ကွယ်ခဲ့ပြီး နောက်နှစ်တွေမှာ ပြန်ပေါ်လာဖို့ ဆုတောင်းနေရရုံပဲပေါ့။

ဗုဒ္ဓဘာသာ သာသနာပြန့်ပွားနိုင်အောင် ဝါတွင်းကာလမှာ သီတင်းသုံးနေကြရတဲ့ (ဝါဝင်နေကြတဲ့) ဆရာတော်၊ သံဃာတော်တွေရဲ့ လိုအပ်နေတဲ့ပစ္စည်းလေးပါးကို ဒကာ၊ ဒါယိကာမတွေက ကူညီပံ့ပိုးတဲ့ ကထိန်သင်္ကန်းနဲ့ ပစ္စည်းလေးပါးကို ဆက်ကပ်လှူဒါန်းကြတယ်လို့ စာပေတွေမှာ ဖတ်ဖူး၊ မှတ်ဖူးပါတယ်။

မြတ်စွာဘုရားကလည်း သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ်၊ ဆွမ်းမှာ ပိဏ္ဍပါတ် (သပိတ်နဲ့ ဆွမ်းခံပြီး ဘုဉ်းပေးရတဲ့ဆွမ်း) ဆိုတဲ့ သြဝါဒအတိုင်း ဆရာတော် သံဃာတော်တွေကလည်း အလေးထား လိုက်နာကျင့်ကြံနေကြပေမဲ့ ကထိန်သင်္ကန်း မရ၊ ဘုန်းကြီးကျောင်းဆိုပေမဲ့ သိမ်မရှိ၊ ဒကာတွေ ပို့တဲ့ဆွမ်းကို စားနေရတဲ့ ရှိနေရတာကြောင့် ခေတ်နဲ့စနစ်တွေက တဖြည်းဖြည်း ပြောင်းလဲလာနေပါပြီ။

ဒီနေရာမှာ ကထိန်သင်္ကန်းရတဲ့ သံဃာနဲ့ မရတဲ့ သံဃာတွေရဲ့အကြောင်းကို ကြုံလို့ပြောပြချင်တယ်။ သင်္ကန်းဆိုတာ သံဃာတွေအတွက် အရေးကြီးတယ်ဆိုတာကို အမည်မဖော်လိုတဲ့ ဆရာတော်တပါးက အခုလို ရှင်းပြတယ်။ (သင်္ကန်းမရတဲ့ သံဃာဟာ ကျောင်းပြင်ကြွမယ်ဆိုရင် ကျောင်းမှာရှိတဲ့ သံဃာတပါးပါးကို အသိပေးပြီးမှ ကြွရတယ်။ ဆွမ်းစားပင့်တဲ့အခါမှာလည်း လေးလေးစားစားပင့်ဖိတ်မှ ကြွရတယ်။ နှစ်ထပ်သင်္ကန်းကို ပခုံးပေါ်တင်ပြီးမှ ကြွရတယ်။ ရှိနေတဲ့သင်္ကန်းကို အဓိဋ္ဌာန်ပြုထားရတယ်။)

မြန်မာနိုင်ငံမှာတော့ ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့အလျောက် ရှေးရိုးရာမပျက် ကထိန်သင်္ကန်းကပ်ခဲ့ကြပေမဲ့ ခရစ်သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်မှာတော့ တရုတ်နိုင်ငံက ဝင်ရောက်လာတဲ့ ကိုဗစ်-၁၉ ရောဂါပိုးတွေကြောင့် ကထိန်ဆိုတာ မရှိသလောက်ကိုဖြစ်သွားတဲ့အခြေအနေ ကြုံခဲ့ရပါတယ်။

အခုလိုရောဂါပိုးတွေကြောင့် မြန်မာနိုင်ငံတင်မဟုတ်ဘဲ ကမ္ဘာတလွှားမှာ ကပ်ဆိုးကြီးဆိုက်ခဲ့ကြရတာပါ။ ကမ္ဘာတလွှားမှာ အခုလို ရောဂါကပ်ဆိုးဆိုက်နေချိန် မြန်မာနိုင်ငံမှာတော့ ကပ်ဆိုးနှစ်ခု ဆိုက်ရတဲ့အချိန်ကို မမျှော် လင့်ဘဲ ရောက်ခဲ့ရတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သတင်းဆိုးကြီး စတင်ပေါ်ထွက်လာတာကတော့ မြန်မာနိုင်ငံကို လုံခြုံရေးအရ နိုင်ငံတော်ရဲ့အာဏာအရပ်ရပ်ကို တပ်မတော်က ခေတ္တတာဝန်ယူလိုက်သည်ဆိုတဲ့ အမင်္ဂလာသတင်းကို ကြားလိုက်ရတယ်။

ဒီ မင်္ဂလာသတင်းက အခုမှ ကြားဖူးတာတော့ မဟုတ်ပါဘူး။ ၁၉၆၂ ခုနှစ်က တကြိမ်၊ ၁၉၈၈ ခုနှစ်က တကြိမ် အခုတကြိမ်ဆို ၃ ကြိမ်ရှိပြီ ဆိုပါတော့။ တိုင်ပြည်ကြီးချောက်ထဲကျတော့မဲ့ လက်တလုံးအလိုမှာ ကျွန်တော်တို့ တပ်မတော်က ကယ်တင်လိုက်ရတယ်ဆိုတဲ့စကားလုံးနဲ့ပေါ့။ ဒီစကားလုံးကို မြန်မာနိုင်ငံပြည်သူတွေအတွက်ကတော့ ခပ်စိမ်းစိမ်း မဟုတ်တော့ပါဘူး။

အခုလို ရောဂါတွေလည်းဖြစ်၊ လူမဆန်တဲ့လူတွေ မင်းလုပ်အုပ်ချုပ်လေတော့ နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာအဖြစ် ပြဋ္ဌာန်းအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ အလှူတွေကိုတောင် ခိုးကြောင်ခိုးဝှက် လှူဒါန်းခဲ့ကြရတာ ကိုဗစ်ကာလ ၂၀၂၀ ပြည့်နှစ်နဲ့ ကိုစစ်ကာလ ၂၀၂၁ ခုနှစ်ထိ ရှိပြီပေါ့။ နောက် ဘယ်လောက်ကြာဦးမလဲတော့ မသိပေ။

ကထိန်ရဲ့ ဓလေ့မှာ သင်္ကန်း၊ သပိတ်၊ ထီး၊ ဖိနပ်အပါအဝင် ဆရာတော် သံဃာတော်တွေနဲ့ လိုအပ်တဲ့ အသုံး အဆောင်ပစ္စည်းတွေ ဆရာတော် သံဃာတော်တွေ လိုအပ်တဲ့နေရာမှာ သုံးလို့ရအောင် ဝတ္ထုငွေ (အလှူငွေ) တွေ ကို လှူဒါန်းကြတဲ့ထုံးစံဆိုတာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ သိထားပြီးသားပါ။ တိုးတက်လာတဲ့ခေတ်မှာတော့ ဆရာတော် သံဃာတော်တွေ သွားရေးလာရေး အဆင်ပြေအောင် ကားတွေအထိ လှူဒါန်းလာခဲ့ကြပါတယ်။

မြန်မာတို့ရဲ့ ကထိန်ဓလေ့ဟာ ရှေးခေတ်အဆက်ဆက်က စည်ကားသိုက်မြိုက်ခဲ့ပေမဲ့ ကိုဗစ်ရောဂါပိုးနဲ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ၂၀၂၀ ပြည့်နှစ်ကစပြီး ဒီနေ့အထိ ပျော်ပွဲရွင်ပွဲတွေပျောက်၊ ကထိန်ဆိုတာတောင် အကျဉ်းချုံးပြီး လှူဒါန်းရတဲ့အခြေအနေကို ရောက်ခဲ့နေကြရပြီလေ။

ဗုဒ္ဓဘာသာ တည်တံ့တိုးတက်ပြန့်ပွားအောင် ကြိုးစားနေကြတဲ့ ဆရာတော် သံဃာတော်ဟာလည်း သီတင်းဝါလကျွတ်တဲ့ကာလ (ဝါဆိုလပြည့်နေ့ကနေ သီတင်းကျွတ်လပြည့်နေ့နောက်) သီတင်းကျွတ် လပြည့်နေ့ကနေ တန်ဆောင်းမုန်းလပြည့်နေအထိ ကထိန်ကာလလို့ မြန်မာတို့ရဲ့ ၁၂ ရာသီပွဲတော် အလင်္ကာထဲမှာလည်းပါသလို ကထိန်ပွဲတော်တွေကို ကျင်းပစမြဲပါပဲ။

ကထိန်ဆိုတဲ့ အာသီသကိုရမှသာ သိက္ခာရှိတဲ့ဆရာတော် သံဃာတော်တွေအဖြစ် အများကြားမှာ ရပ်တည်နိုင်ကြပေမဲ့ အခုဆို ကထိန်သင်္ကန်းမရတဲ့ ဘုန်းတော်ကြီးကျောင်းတွေ ရှိလာနေတာကတော့ ဗုဒ္ဓဘာသာနိုင်ငံ တနိုင်ငံအတွက် ရှက်ဖွယ်ပါပဲ။

“ဘုန်းကြီးက ဒီကျောင်းမှာ ကျောင်းထိုင်တာ ၁၀ ဝါရှိပြီ ဒကာ။ နှစ်တိုင်းတော့ ကထိန်သင်္ကန်း ရတယ်။ ရွာက ကင်္ထန်ခင်းသလို မြို့ကလည်း ကထိန်လာခင်းကြတယ်။ အခုဆို ဦးဇင်းကျောင်းမှာ ကထိန်မခင်းတာ (ကထိန်သင်္ကန်း မရတာ) နှစ်နှစ်ရှိပြီ။ ရွာကလည်း စီးပွားရေး အဆင်ပြေကြဘူး။ ဆွမ်းတောင် ပို့တရက် မပို့တရက်ပါပဲ။ ပြောချင်တာက စီးပွားရေးအဆင်ပြေတာက အာဏာရှင်ကြောင့်၊ လူစုလူဝေးမလုပ်နိုင်တာက ရောဂါပိုးကြောင့်လို့ ပြောရမှာပဲဒကာ” လို့ ရခိုင်ပြည်နယ် ဂွမြို့နယ် ကျေးရွာတရွာက ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။

ဆရာတော် ဆက်မိန့်တာက “အရင်နှစ်တွေကဆိုရင် ရွာသူရွာသားတွေက သူ့အလုပ်အကိုင်တွေနဲ့ အဆင်ပြေကြ ဆွမ်းပုံမှန်ပို့နိုင်တယ်။ အခုတော့ အလုပ်ကရှား၊ ကုန်ဈေးနှုန်းကကြီး ရွာမှာလည်း အဆင်မပြေတာကို ဘုန်ကြီးကိုယ်တိုင် မြင်တွေ့ကြားနေရတော့ အပြစ်မပြောလိုတော့ပါဘူး။ ဆွမ်းတောင် ပုံမှန်မပို့နိုင်တော့ ကထိန် ခင်းဖို့ဆိုတာ ဝေးသွားပြီပေါ့ ဒကာ”

“အရင်တုန်းက ကထိန်ခင်းမယ်ဆိုရင် အလှူငွေကလည်း အဆင်ပြေတယ်။ စီတန်းလှည့်လည်ပြီးတော့ ကိုယ် ကထိန်လှူမဲ့ကျောင်းကို ပဒေသာပင်တွေပို့ရတာ ပျော်စရာ၊ ဂုဏ်ယူစရာ၊ ဝမ်းသာကြည်နူးစရာတွေပါပဲ။ အခုကတော့ကွာ ရောဂါပိုးကို ကြောက်ရတာတခု၊ အာဏာရှင်တွေက တားမြစ်ထားတဲ့ ဥပဒေတွေကို ကြောက်ရတာတခုနဲ့ ကိုယ်တို့လှူမယ့်ကျောင်းကို ငွေပဲ သွားလှူလိုက်ရတယ်” လို့ မြန်အောင်မြို့က ရပ်မိ ရပ်ဖတယောက်က အရင်နဲ့ အခုအခြေအနေကို ပြောပြပါတယ်။

တကယ်တမ်း ပြန်ပြောင်းတွေးကြည်ရင် ကိုဗစ်-၁၉ ရောဂါပိုးနဲ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားတဲ့နိုင်ငံမှာ အခုလို ဘာသာရေးဘက်မှာ ဆုတ်ယုတ်တာဟာ စိတ်မကောင်းစရာတခုပါပဲဗျာ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar