လင်းလက်နွေဦး - ပေါင်မပြည့်စိတ်ဓာတ်
(မိုးမခ) နို၀င်ဘာ ၂၆၊ ၂၀၂၁
နေ့လည်ခင်း ပျင်းပျင်းရှိတာနဲ့ ကုလားကား ဗမာစာတန်းထိုးတစ်ကား ကြည့်မိတယ်။ ဇာတ်ကားနာမည်ကတော့ ဘာသာပြန်မထားလို့ မသိဘူး၊ ဇာတ်ကားကတော့ ထုံးစံအတိုင်း ဗလတောင့်တောင့် မင်းသားက အကုန် ‘သမ’ ပစ်တဲ့ကားပါပဲ။ ဒီကောင်တွေခေါ်ပြီး ပီဒီအက်ဖ်လုပ်ခိုင်းရမှာ။ ကိုယ့်လူတွေလည်း ဗလလည်းရှိ ‘ဇ’ လည်း ရှိပါတယ်နော။ အဲ ‘ဇ’ ဆိုလို့၊ ဖေ့ဘုတ်အသိတစ်ယောက်က စက္ကန်းဖုန်း အရောင်းပို့စ်လေး ဒီလိုတင်ထားတယ်ဗျ ‘ကော်ရီး မပြင်နိုင်တာဆိုလို့ ‘ဗီဇ’ ပဲရှိတယ်’ တဲ့။ ဟုတ်သားနော်။ အဲဒီဗီဇဆိုးတွေက ‘ခွေးမြီးကောက်’ တွေပဲ။ ဘယ်လောက် ဖုံး ဖုံးပါလေ၊ အိမ်သာတွေ့တာနဲ့ ပြေးဝင်သွားကြတာ မဟုတ်လား။
ကြော်ငြာဝင်လို့ စိတ်မဆိုးပါနဲ့။ မင်းသားက မိဘမဲ့၊ လမ်းဘေးကနေ ဂုရုကြီးတစ်ကောင်က မွေးစားထားတာ။ ဂုရုကြီးက ရေပေးဝေရေး ကိုလိုနီ၊ တစ်မြို့လုံးရဲ့ အာဏာရှင်။ ဒီက ဂုရုကြီးကတော့ ဘုန်းရှင် ကံရှင်ပေါ့လေ။ လူမိုက်တွေမွေးထားတာ အများကြီးပဲ။ ထစ်ကနဲဆို လက်နက်နဲ့ ဖြေရှင်းတတ်တဲ့ကောင်တွေ။ ဝန်ကြီးတွေ အစိုးရဝန်ထမ်းတွေကို ခါးပိုက်ထဲထည့်ထားတာ၊ အပီပဲ။ ခါးပိုက်ဆောင် လူမိုက်တွေရှိသလို ခါးပိုက်ဆောင် ဝန်ကြီးတွေလည်း ရှိတဲ့သူ။ မင်းသားက သူ့လက်ရုံး၊ အစွမ်းထက်တဲ့ လက်နက်။ သူ သေဆိုသေ၊ ရှင်ဆို ရှင်မယ့်လူစား။
အဲဒီ ဂရုကြီးရဲ့ ဘယ်ညာ လက်ရုံးက လက်သီးအားကိုး လက်နက်အားကိုးနဲ့ မိုက်စွမ်းပြနေပေမယ့် အရမ်းကြီး မှောင်မနေဘူး။ လူစိတ်မပျောက်သေးဘူးပေါ့။ ကလေးတွေက ချစ်တယ်၊ လူကြီးတွေက လေးစားတယ်။ ကူညီနိုင်သလောက် ကူညီတတ်တဲ့စိတ်ကလေး ရှိလို့ပေါ့။
အဲလို မှောင်ပိန်းနေတဲ့ မြို့ကလေးကို ရဲစိတ်ရဲမာန်ရှိတဲ့ ‘စခန်းမှူး’ တစ်ယောက် ရောက်လာတယ်။ သူလည်း ကြိုးစားပြီး တွန်းဖွင့်ကြည့်တာပဲ။ မရဘူး။ ဂုရုကြီးကို တရားစွဲဖို့ ဘာသက်သေမှမရှိဘူး။ အဲတော့ ဖခင်ရဲကြီး လက်ပိုက်ကြည့်ခဲ့ရသလို သားရဲမှူးကြီးလည်း မတ်တပ်ရပ်ကြည့်နေရတယ်ပေါ့။
နောက် အလင်းစက်တစ်ပွင့်က စကားမပြောနိုင်တဲ့ အနုပညာရှင်မလေး။ ကလေးတွေကို ဂီတတွေသင်ပေးပြီး ပြိုင်ပွဲဝင်ခိုင်းမယ့်သူ။ နာကျင်မှုတွေ အမုန်းတရားတွေကို အချစ်ရေစင်နဲ့ ဆေးကြောပေးချင်သတဲ့။ သင့်တော်မယ့်ကလေးတွေလိုက်ရှာရင်း၊ လိုက်ပို့မယ့်သူမရှိတဲ့ အသုဘတစ်ခုကို ဝိုင်းဝန်းကူညီနေတဲ့ ‘မင်းသား’ တို့ကို တွေ့သွားပါလေရော။ မိန်းမဈေး အကျမခံနိုင်တော့ ‘မင်းသား’ ကို သွားမိတ်ဆက်၊ တူရိယာလေးတစ်ခုကို လက်ဆောင်ပေးခဲ့တယ်။ အဲဒီတူရိယာလေးမှာ နာမည်ရှိတယ်၊ ‘ဘဝနဲ့ အချစ်’ တဲ့။
မင်းသားကိုကပ်မရတော့ ရဲမှူးကြီးက မင်းသမီးကို သွားချဉ်းကပ်၊ ‘မယားပြောတော့ တစ်ည၊ ချစ်သူပြောတော့ တစ်ခါပြုံးပြ’ ဆိုသလိုပေါ့။ ‘အချစ်စစ် အချစ်မှန်တို့ရဲ့လမ်းဟာ ဖြောင့်ဖြူးရိုး မရှိခဲ့ပါ’ ဆိုတာ ကိန္ဒရီ ကိန္ဒရာဇာတ်တော်ထဲကတည်းက စခဲ့တယ်ထင်ပါရဲ့။ သာယာကြည်နှူးဖွယ် အချစ်ပင်လယ်မှာ သောကမုန်တိုင်းကြီး ဆင်လာပါလေရော။ ကျွန်တော့်ဇာတ်ကောင် ဗီလိန်မင်းသားလေးက တစ်စခန်းထလာတယ်ပေါ့။ ဒိ့အရင်မှာ ဖခင်ရင်းကြီးဖြစ်တဲ့ ဂုရုကြီးက မွေးသားစားအပေါ် အားကိုးနှစ်လိုတာကို မကျေမချမ်းဖြစ်နေတယ်လို့ ပျိုးထားခဲ့တာ။ အဲနောက် နှစ်ကွက်သုံးကွက်လောက် မင်းသားနဲ့ အကြည့်ချင်းပြိုင်နေသေးတယ်။ မင်းသားက အလျော့ပေးလို့တောင် အပေါင်းအသင်းသူငယ်ချင်းတွေက အားမလို အားမရပေါ့လေ။
မင်းသားနဲ့ မင်းသမီး သုံးလေးခါ က’လို့ မောသွားတဲ့အချိန် ဗီလိန်ဝင်လာတယ်။ အချိန်အခါမဟုတ် ဘာလို့ ပွဲတွေလမ်းတွေ လုပ်နေတာလဲတဲ့။ မြန်မာပြည်ကို ကြည့်ပြောနေတာလားလို့တောင် ထင်မိတယ်။ တနေ့က ‘နတ်လမ်းသွားလိုက်တာ မရဏလမ်းရောက်သွားတယ်’ ဆို။ ထားပါ၊ လာကြိမ်းမောင်းတဲ့ပြီး ပျိုဖော်ဝင်စ မိန်းကလေးတစ်ယောက်ကို ရောင်းစားမယ် ဘာလုပ်မယ် ခြိမ်းခြောက်၊ မင်းသမီး အ’အမလေးကို ဆွဲခေါ်လာခိုင်းတယ်။ ဒီတင်၊ မင်းသားက လေးငါးကြိမ်မြောက် ဟီရိုးလုပ်ရပြန်တယ်။ သေနတ်နဲ့ ချိန်လိုက်တဲ့ ဗီလိန်ကို မင်းသားသူငယ်ချင်းက ခြေထောက်နဲ့ ဝင်ကန်တယ်။ လူမိုက်တစ်စု ဒီအတိုင်းပြန်သွားရတယ်။
လူမိုက်ဆိုတာမျိုးက ဒီအတိုင်းပြန်သွားရတာထက် ‘လူမိုက်တို့ရဲ့ သွားရာလမ်း’ က ရှိပြီးသား။
ဗီလိန်ကြီးက ဖမ်းထားတဲ့ မိသားစုတစ်စုကို ပစ်သတ်ဖို့ ရာဇဝင်ကြွေးရှိတဲ့ ကလေးတစ်ယောက်ကို ခိုင်းတယ်။ ကလေးက မလုပ်တော့၊ ကိုယ်တိုင်ပစ်သတ်လိုက်တယ်။ ဒါကို မင်းသမီးက မြင်သွားတယ်။ မင်းသမီးမြင်သွားမှန်းသိတော့ သူ့တပည့်တွေကို လိုက်ဖမ်းခိုင်းတယ်။ ဒီအချိန်မှာ မင်းသားက ဂုရုကြီးဆီ လွတ်လပ်ခွင့်သွားတောင်းနေတုန်းပေါ့။ ဖုန်းပိတ်ထားတော့ မင်းသမီး မက်စေ့ပို့တာ မသိလိုက်ဘူး။ ဒီတော့ မင်းသမီးက ရဲမှူးဆီ အကူအညီတောင်းတယ်။ ဒါကို ရဲဒလန်က ဂုရုကြီးဆီသတင်းပို့၊ ဂုရုကြီးက မင်းသားကို မင်းသမီးသတ်ခိုင်း။ မင်းသားက အမိန့်လွန်ဆန်ပြီး မင်းသမီးကိုခိုးပြေးတော့ ဗီလိန်တို့အဖွဲ့က ဝိုင်းဖမ်း။ ကလေးတွေနဲ့ မင်းရဲ့ အသက်ကို ခွင့်လွှတ်မယ်၊ မင်းသမီးကိုတော့ ကိုယ်တိုင်သတ်ရမယ်လို့ မင်းသားကိုအမိန့်ပေးတယ်။ မင်းသမီးကလည်း သူ့ကိုသတ်လိုက်ပါပေါ့။ သတ်လိုက်ရတယ်။ မင်းသားက အဲဒီအမှုနဲ့အဖမ်းခံရတယ်။ ထောင်ကျတယ်။
တစ်သက်တစ်ကျွန်းကျမယ့်ဟာ သူ့ကို ကလဲ့စားချေမှာကြောက်တော့ ထောင်ကလွတ်အောင်လုပ်ပေးပြီး အပြင်ရောက်မှ အသေသတ်မယ်လို့ ဗီလိန်ကစီစဉ်တယ်။ ဒီအကြံဝင်လာအောင် မင်းသားသူငယ်ချင်းတစ်ယောက်က လောက်ကောင်ဟန်ဆောင်ပြီး ဝင်ပူးတယ်။ မင်းသား ထောင်ကလွတ်လာတယ်ပေါ့။ အမေရိကန် သတင်းထောက်လိုပဲ။ အပြင်ရောက်တော့ သူငယ်ချင်းတွေက ကောင်းကောင်းကြီးကလဲ့စားချေမယ်ထင်နေတာပေါ့။ မင်းသားက မင်းသမီးရဲ့ငြိမ်းချမ်းရေးကို ဘာသာပြန်မှားတယ် ထင်ပါရဲ့။ ဗီလိန်လုပ်သူက ဘယ်လိုရန်စစ ဘာမှပြန်မလုပ်ဘူး။
ဗီလိန်က တန်ပိုအရှိန် ပိုပိုမြင့်လာပြီး ဖအေလုပ်တဲ့သူကိုပါ တိုက်ပေါ်က တွန်းချသတ်ပစ်လိုက်တယ်။ ဒီအချိန်မှာ မင်းသားက ကလပ်တစ်ခုမှာ သူ့အသိ၊ ဂီတ အနုပညာဝါသနာရှင်မလေးတစ်ယောက်ကို လေလံတင်ရောင်းနေရာကနေ ခေါင်းငိုက်စိုက်ချပြီး ပြန်နေတာ။ ဒါကို ဗီလိန်ရဲ့ လူမိုက်တွေက ဘလိုင်းကြီးဖိုက်နေတာ။ လူမိုက်တစ်ယောက်စီကနေ ဂုရုကြီးသေပြီဆိုတာ သိလိုက်တော့၊ မင်းသားက ပြန်တွယ်တာပေါ့။ ‘လူကြမ်းတွေလဲရင် ကြိုက်မလား’ ရွှေဘအလှည့်ပေါ့။ မင်းသားက ပြောတယ်၊ ‘ဒါက ကလဲ့စားချေတာမဟုတ်ဘူး၊ မကောင်းမှုတစ်ခုကို ရှင်းလင်းပေးတာပါ’ တဲ့။
ဇာတ်ကားတစ်ကားလုံး ပြီးအောင်ကြည့်လိုက်တော့ ဘာတွေ့ရလဲဆိုရင် ဂုရုကြီးက စီးပွားရေးအရပဲ မိုက်တာ၊ သူ့သားအရင်းလောက် မရမ်းကားဘူး။ မင်းသားကလည်း မွေးစားအဖေကိုပဲ အကာအကွယ်ပေးနေရတာ ဗီလိန်ကြီးလောက် မယုတ်မာဘူး။ လူစိတ်ရှိသေးတယ်ပေါ့။ ဗီလိန်ကျတော့ သားအရင်းဖြစ်ပေမယ့် ဖအေလုပ်သူရဲ့ အထင်ကြီးမှု၊ အားကိုးမှု မရတော့၊ ဒီအဖေရဲ့ ဂရုစိုက်မှုကို လိုချင်တယ်။ ကလေးများလို ဂရုစိုက်ခံချင်တော့ ခံခဲ့ရတာတွေ ပြတယ်၊ လုပ်နိုင်တာလေးတွေ အမွှန်းတင်တယ်။ အော် ကလေးဆိုလို့၊ ကျွန်တော်တို့ဗီလိန်ကြီးကလည်း သက်ကြီးပုလေး။ သူသရုပ်ဆောင်နေတာကိုကြည့်ပြီး ဆရာ အကြည်တော်ရဲ့ ‘သူခိုး’ ဝတ္ထုထဲက သူကြီးကတော်ကို ပြန်မြင်ယောင်မိတယ်။ ဉာဏ်ပုပုလေးနဲ့ပေါ့။
ဖအေလုပ်တဲ့သူနဲ့ စကားများတဲ့အခန်းမှာ ဂုရုကြီးက ‘မင်းကိုမွေးတုန်းက ခန္ဓာကိုယ်ပဲ သေးညှက်ခဲ့တာ၊ ခုတော့ စိတ်ဓာတ်ကပါ သေးသိမ်နေပါ့လား’လို့ အော်ငေါက်ခဲ့တယ်။ ဒါကြောင့်လည်း တစ်ခါတည်း တွန်းချအသတ်ခံခဲ့ရတာပေါ့။ ဒီဗီလိန်ငပုလေးရဲ့ သိမ်ငယ်စိတ်ကို သူ့အခန်းတိုင်းမှာ ထင်ဟပ်ပြထားတယ်။ အိန္ဒိယနတ်တွေထဲမှာလည်း နတ်ပုပုလေးရှိတယ်ထင်ပါ့။ ဒါကို ဂုဏ်ယူပြီးပြောတယ်။ နောက် ‘ဒေါသရဲ့ အရပ်အမြင့်၊ အချစ်ရဲ့ အရပ်အမြင့်၊ ကံတရားရဲ့ အရပ်အမြင့်…တို့’၊ ဘာပဲပြောပြော အရပ်အမြင့်ကို တိုင်းတာ ခိုင်းနှိုင်းခဲ့တယ်။
တကယ်တော့ လူရာဝင်ချင်တာပါပဲ။ စိတ်ဓာတ်သေးသိမ်တော့ လူရာမဝင်နိုင်ရှာဘူး။
လင်းလက်နွေဦး
၂၅.၁၁.၂၀၂၁
ညနေ ၂နာရီ ၅၂မိနစ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar