မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁ ရက် မြောက်နေ့ မြင်ကွင်း

March 14th File Picture

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၊ ၂၀၂၁အဆင့်ဆင့်ပြောင်းလဲခဲ့တဲ့ နွေဦးတော်လှန်ရေး ရဲ့ ၅ လတာ
ခုရောက်နေတဲ့ အခြေအနေ အနေအထားကနေ စစ်ကောင်စီ အာဏာသိမ်းလိုက်တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကို ပြန်ငဲ့ကြည့်လိုက်တဲ့အခါ အတက်အကျ အနိမ့်အမြင့်၊ စိတ်အားတက်ကြွမှု၊ ဒေါသဖြစ်မှု၊ မခံစားနိုင်တဲ့ ဝမ်းနည်းကြေကွဲမှု၊ ခုခံကာကွယ်ဖို့ ကြိုးစားမှု ၊ လက်တုံ့ပြန်ဖို့ ကြိုးစားမှု ၊ ရရာလက်နက်နဲ့ ခုခံမှု၊ တိုက်ခိုက်မှု ၊ စစ်ဘေးရှောင်ခြင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖွဲ့ခြင်း စတဲ့ အဖြစ်အပျက်ပေါင်းများစွာ တဆင့်ပြီးတဆင့် ဖြစ်ပျက်လာခဲ့တာ ပြန်တွေ့ရပါတယ်။ ရက်အလိုက် သီတင်းပတ်အလိုက် အဆင့်အမျိုးမျိုးပြောင်းလဲ လာခဲ့တာ ခု ၅ လတိုင်လာတဲ့ အချိန်မှာ ပြန်ကြည့်တော့ ထင်ထင်ရှားရှားတွေ့ရပါတယ်။
ဇန်နဝါရီလရဲ့ နောက်ဆုံးရက် ဖြစ်တဲ့ ၃၁ ရက်နေ့ညအထိ မတိုင်ခင် ရက်အတော်ကြာ၊ သီတင်းပတ်အနည်းငယ်ကြာ အာဏာသိမ်းနိုင်တယ်ဆိုတဲ့ သတင်းတွေ သီတင်းပတ်နဲ့ချီ ထွက်ပေါ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း အဲဒီသတင်းတွေကို ဖြစ်နိုင်တယ် စိုးရိမ်ရတယ်လို့ ဆိုသူရှိသလို ၊ မဖြစ်နိုင်ဘူး … ၂၀၀၈ အခြေခံဥပဒေဆိုတာ တပ်က အသာစီးရအောင် ဆွဲထားပြီးသား အာဏာမသိမ်းအောင် ရည်ရွယ်ဆွဲထားတဲ့ဟာမို့လို့ မသိမ်းနိုင်ပါဘူးလို့ ခန့်မှန်းတွက်ဆသူတွေလည်း အများအပြားရှိပြီး အန်အယ်လ်ဒီအစိုးရကိုယ်၌ သည်ပင်လျင် စစ်တပ်က အာဏာ မသိမ်းလောက်ဘူးလို့ ဒီဇင်ဘာနေှာင်းပိုင်းနဲ့ ဇန်နဝါရီ အစောပိုင်းကာလတွေအထိ မှန်းဆ ကောက်ချက်ချခဲ့ကြပုံရပါတယ်။ ဘာကြောင့် ခုလိုကောက်ချက် ချရသလဲဆိုရင် အန်အယ်လ်ဒီပါတီခေါင်းဆောင်တွေ အခုလို စစ်အာဏာသိမ်းခဲ့ရင် ဘယ်လို တုံ့ပြန်မလဲဆိုတဲ့ အစီအစဥ်တွေ ဆွဲထားခဲ့တဲ့ အထောက်အထား တစုံတရာမျှ မတွေ့ရလို့ပဲ ဖြစ်ပါတယ်။
အထက်က ပြောခဲ့တဲ့ မမျှော်လင့်ထားတဲ့ အခြေအနေတွေ တဖြေးဖြေး အရှိန်မြင့်တက်လာ အဆိုးဘက်ကို ပြောင်းလဲလာပြီးနောက် လွှတ်တော်သစ်ခေါ်မယ့်မနက် အရုဏ်မတက်ခင်မှာ အန်အယ်လ်ဒီဦးဆောင်တဲ့ အစိုးရအဖွဲ့ ဝင်တွေ လွှတ်တော်ခေါင်းဆောင်တွေ ကိုယ်စားလှယ်တွေ ကို ထိန်းသိမ်းလိုက်၊ ကန့်သတ်လိုက်တဲ့ အခါ တနိုင်ငံလုံး ရုတ်တရက်အံ့အားသင့်သွားခဲ့ပြီး အသံတွေ ၂ ရက်တာမျှ တိတ်ဆိတ်ငြိမ်သက်နေခဲ့တာပါ။ အဲဒီ ၂ ရက်တာ ၃ ရက်တာမှာ တိမ်းရှောင်မယ့် အစီအစဥ် စိတ်ကူးရှိတဲ့သူတွေ တိမ်းရှောင်ကြတာတွေ ရှိခဲ့ပြီး တပ်ဘက်ကတော့ အာဏာသိမ်းနံနက် ထိန်းချုပ်ရမယ့် စာရင်းထဲပါသူတွေကိုပဲ အဓိက ဖမ်းဆီး အကျယ်ချုပ်ချ စသဖြင့် နေပြည်တော်လိုနေရာမှာတော့ စစ်အင်အားပြပြီး လုပ်ဆောင်ကာ အချို့သော မြို့တွေမှာ ခပ်လျှိုလျှိုနဲ့ လိုချင်တဲ့သူကိုပဲ ရအောင် ခေါ်ဆောင်သွားတာတွေ လုပ်ခဲ့တာမျိုးပါ။
လူထုကတော့ မဆလ ခေတ်က စိတ်ဒဏ်ရာတွေ ကျန်ရစ်တာကြောင့် ဆန်တွေဆီတွေ ပြေးဝယ်ကြ၊ စျေးထဲက ပစ္စည်းတချို့ အိမ်ကို သယ်ထုတ်ကြ၊ စားသောက်ကုန်တွေ ဝယ်ဖို့ ဘဏ်တွေမှာ ငွေထုတ်ဖို့ သွားတန်းစီကြ၊ ဘဏ်က အင်တာနက်မရတာကို အကြောင်းပြပြီး ခေတ္တပိတ်လိုက်တယ်ဆိုတဲ့ အကြောင်း စာထုတ်ပြန် စသဖြင့် နုိင်ငံရေး ဆန့်ကျင် အံတုမှုနဲ့ ပတ်သက်တာ မတွေ့ရပဲ စီးပွားရေးနဲ့ သက်ဆိုင်သူတွေသာ သူတို့လုံခြုံရေးအတွက် ခပ်လျှိုလျှုိ နဲ့ လုပ်ကိုင်ကြတာမျိုးပဲ တွေ့ခဲ့ရပါတယ်။
ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာတော့ တိတ်ဆိတ်နေတဲ့ နိုင်ငံရေး စင်မြင့်ကို စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လူထုသပိတ်နဲ့ မန္တလေးမြို့က စတင်လိုက်ပါတယ်။ လမ်းပေါ် ပထမဆုံးစထွက်တာဟာ ဖေဖေါ်ဝါရီ ၄ရက် မန္တလေးမြို့ပဲ ဖြစ်ပါတယ်။
အဲဒီရက်နောက်ပိုင်းကျမှ ရန်ကုန် အပါအဝင် အခြားမြို့ကြီးတွေ မြို့ငယ်တွေအားလုံးနီးနီး စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေ ၊ ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက် ဆန္ဒပြပွဲတွေ ရခိုင်ပြည်နယ်မှလွဲပြီး တနိုင်ငံလုံးနီးပါး နေ့စဥ်ရက်ဆက် ပြခဲ့ကြတာဖြစ်ပါတယ်။ နေ့စဥ်နေ့တိုင်း မြို့တိုင်းမှာ လမ်းဆုံတိုင်းမှာ ဆန္ဒပြမှုတွေ ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြတာ ကြွေးကြော်သံကတ်မှာ စိတ်ကူးကွန့်မြူးပြီးအမျိုးမျိုး ရေးသားထားကြတာတွေ၊ အဝတ်အစားအမျိုးမျိုးနဲ့ဆန္ဒပြကြတာတွေကို ဖေဖေါ်ဝါရီလ တတိယပတ် စတုထ္ထပတ်တွေမှာ မြင်တွေ့ခဲ့ကြရပါတယ်။
၂၀၀၆ ခုနှစ် နေပြည်တော် တည်ထောင်ပြီးကတည်းက လူအုပ်စုကြီးကြီးမားမားနဲ့ ဆန္ဒပြမှုတွေ မရိှခဲ့တဲ့ နေပြည်တော်လိုမျိုးမှာတော့ သပြေကုန်းအဝိုင်းမှာ တခြားသော နေရာတွေ လမ်းဆုံတွေမှာ နေ့စဥ် ရက်ဆက်ရှိခဲ့တဲ့နောက် နေပြည်တောမှာ ပထမဆုံး ဆန္ဒပြသူကို ကျည်အစစ်နဲ့ ပစ်တဲ့ အဖြစ်အပျက် ဖြစ်ပွားပြီး အသက် ၂၀ ဝန်းကျင်အရွယ် မမြသွဲ့သွဲ့ခိုင် ဦးခေါင်းကို ကျည်ထိကာ ဆေးရုံမှာ ကုသမှုခံယူရပြီး ရက်အနည်းငယ်အကြာမှာတော့ သေဆုံးသွားခဲ့ရတဲ့ အဖြစ်အပျက်ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းမှုဟာ ရန်ကုန်၊ မန္တလေး၊ စသဖြင့် မြို့ကြီးတွေဆီလည်းရောက် ပျံ့နှံရှိသွားပြီး ဖေဖေါ်ဝါရီ နှောင်းပိုင်းကစလို့ ဆန္ဒပြသူတွေရဲ့ အသေအပျောက်စာရင်းတွေ စတင်ရေတွက်လာရပါတော့တယ်။ စစ်တပ်က ရာဘာကျည်၊ ဒါ့အပြင် ကျည်အစစ်နဲ့ ပစ်လာတဲ့နောက် ဒိုင်းကာတွေ၊ သဲအိတ်တွေနဲ့ လမ်းတွေကို ပိတ်ဆို့ထားတာတွေ စတင်လုပ်ဆောင်ခဲ့ကြတာတွေ့ရပြီး ခုလောက်ဆန္ဒပြသူတွေအပေါ် ရမ်းကားမှု ရက်စက်မှု ဒီဂရီမမြင့်ခဲ့သေးပါဘူး။
ခုလိုကာလကလိုမျိုး စစ်ဦးဘီလူးသဖွယ် ရမ်းသမ်းပစ်ခတ်မှု ၊ ဒဏ်ရာရသူတွေကို အသေပစ်သတ်မှုတွေ သိပ်မရှိသေးပဲ မတ်လ ပထမပတ် အကုန် ဒုတိယပတ်လောက်က စပြီး အဆင်အခြင်မဲ့စွာ ပစ်သတ်တာတွေ လမ်းထဲ မြို့ထဲ မဲမဲမြင်ရာ ပစ်ခတ် သတ်ဖြတ်မှုတွေ အရှိန်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ဖေဖေါ်ဝါရီနှောင်းပိုင်းနဲ့ မတ်လတွေကတော့ ဆန္ဒပြသူတွေဘက်ကလည်း လမ်းတွေကို သဲအိတ်၊ အတားအဆီး ပိတ်ဆို့တာတွေ ဒိုင်းကာတွေ၊ မီးသတ်ဗူးသုံးကာ မြင်ကွင်းဝေဝါးအောင် လုပ်ဆောင်တာတွေ နဲ့ မျက်ရည်ယိုဗုံးတွေ အသံဗုံး၊ ရာဘာကျည် ကျည်အစစ်တွေကို ခုခံအံတု ဆန္ဒပြတဲ့ ကာလဖြစ်ခဲ့ပါတယ်။ မတ်လ တလလုံး မြို့တွေရဲ့ လမ်းတွေပေါ်မှာ သဲအိတ်ခံတပ်တွေ လောက်လေးခွ၊ ဒိုင်းကာ ၊ နောက်ပိုင်းတော့ ပလပ်စတစ်ပိုက်နဲ့ လုပ်ထားတဲ့ ဂက်စ် သေနတ် စတဲ့လက်နက်တွေနဲ့ ခုခံကြတဲ့ ကာလဖြစ်ခဲ့တာပါ။ မီးလောင်ဗုံးတွေ နဲ့ လည်းပစ်ခဲ့ကြတဲ့ကာလဖြစ်ပါတယ်။ ခုနေ ပြန်တွေးကြည့်ရင် တကယ့်သေနတ် အစစ်နဲ့ မခုခံနိုင်ခင် Youtube လိုကကြည့်ပြီး လေ့လာလုပ်ဆောင်ကြတဲ့ ဂက်စ် သေနတ်တွေနဲ့ စစ်တပ်၊ လုံထိန်းရဲတွေရဲ့ ဖြိုခွင်းမှုကို ပထမအဆင့် ခုခံခဲ့ကြတာလို့ ဆိုရပါလိမ့်မယ်။
မတ်လ ၁၄ ရက်နေ့ တဖန် မတ်လ ၂၇ ရက်နေ့တွေဟာ ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ မြို့အတော်များများမှာ တနေ့ထည်း အသေအပျောက်အများဆုံး ဖြစ်ခဲ့တဲ့ နေ့ရက်တွေ ဖြစ်ခဲ့ပါတယ်၊ ပဲခူးလိုမြို့အဖို့တော့ ဧပြီလဆန်း ၉ရက်နေ့လိုမျိုးက တရက်ထည်း အသေအပျောက် အများဆုံးဖြစ်ခဲ့တဲ့ နေ့တွေဖြစ်ပါတယ်။
မတ်လလယ် နေ့ရက်တွေမှာ စစ်တပ်ရဲ့ လက်ကြမ်းနဲ့ နှိမ်နှင်းတာတွေကို မြင်တွေ့ရတဲ့နောက် လမ်းပေါ်က လူငယ်တချို့ မြို့ပေါ်ကနေ တိုင်းရင်းသားလက်နက်ကိုင် ဧရိယာတွေဆီ ဦးတည်ထွက်ခွာသွားကုန်ကြပြီး ရေရှည်တော်လှန်ရေး နည်းလမ်းဖြစ်တဲ့ လက်နက်ကိုင် တော်လှန်ရေးအတွက် ရည်ရွယ်ကာ တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေဖြစ်တဲ့ ကယား၊ ကချင်၊ ကရင် တို့ဆီတဖွဲဖွဲ ထွက်ကုန်ကြပါတယ်။
အဲဒီထဲက တချို့ကတော့ တောထဲကနေ လက်နက်နဲ့ တော်လှန်မယ်ဆိုတာထက် ဖေါက်ခွဲရေး ၊ ပစ်ပြေး စတဲ့မြို့ပြပျောက်ကြားနည်းနာတွေ သင်ယူဖို့ ရည်ရွယ်သွားကြတာ ဖြစ်ပြီး ခုမေလကုန် ဇွန်လမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးရဲ့ နောက်တဆင့် ဖြစ်တဲ့ မြို့ပြပျောက်ကြားတိုက်ပွဲတွေ စတင်လာတာ ဖြစ်ပါတယ်။
ဒီလက္ခဏာတွေ အလားတူ ခုခံတုံ့ပြန် တော်လှန်မှုတွေကို ဧပြီ၊ မေနဲ့ ဇွန်လတွေမှာ မြန်မာနုိင်ငံအလယ်ပိုင်း မြင်းခြံ၊ ကနီ၊ တန့်ဆည်၊ ဂန့်ဂေါ၊ ပေါက်၊ ချင်းပြည်နယ်မှာ မင်းတပ်၊ ကယားပြည်နယ်မှာ မိုးဗြဲ၊ ဒီးမော့ဆို၊ လွိုင်ကော်၊ စတဲ့ဒေသတွေမှာ သူ့နေရာနဲ့သူ သူ့ အချိန်အခါကာလနဲ့သူရွေးပြီး တိုက်ကြ ခုခံကြ တိမ်းရှောင်ကြ ဖြစ်လာခဲ့တာတွေ့ရပါတယ်။
အဲဒီအဖြစ်အပျက်တွေ ဖြစ်ပျက်နေချိန် ဧပြီလ သင်္ကြန်အခါရက်ရဲ့ တရက်ဖြစ်တဲ့ ဧပြီ ၁၆ ရက်နေ့မှာတော့ အမျိုးသားညီညွတ်ရေး အစိုးရကို သမ္မတ၊ ဒုသမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဝန်ကြီးချုပ် ၊ ဝန်ကြီး ဒုဝန်ကြီးတွေနဲ့ စတင်ကြေညာဖွဲ့စည်းခဲ့တာပါ။ ဒါဟာ အာဏာသိမ်းစစ်အစိုးရအဖို့ နိုင်ငံရေးအရ ထိုးနှက်ချက် တခုဖြစ်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ထောက်ခံသူလူထု အဖုိ့ အားတက်ဖွယ်ရာ မျှော်လင့်ချက် မြင့်မားဖွယ်ရာ ဖြစ်ရပ်မှတ်တိုင် တခုဖြစ်ပါတယ်။
အဲဒီနောက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်နက်ကိုင် တပ်ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို မေလဆန်းမှာ ဖွဲ့စည်းကြောင်း ကြေညာခဲ့တယ်။ သို့ပေမယ့် အင်အားဘယ်လောက်ရှိတယ်ဆိုတာမျိုးအထိ အသေးစိတ်အချက်အလက်တွေနဲ့တော့ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။ ဖွဲ့စည်းပြီး ၂ လဝန်းနီးပါးကြာသည်အထိ NUG ရဲ့ PDF က တိုက်ပွဲတိုက်ခဲ့တယ် အနိုင်ရတယ် စတဲ့ ထုတ်ပြန်မှုမျိုးမတွေ့ရသေးပါဘူး။ နယ်မြို့တွေမှာ ရန်ကုန်လိုမန္တလေးလိုမြို့တွေမှာ ချင်းပြည်နယ် မင်းတပ်လိုမျိုး၊ ကယားပြည်နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေလိုမျိုးက ဒေသအလိုက် သူ့ဘာသာသူ ဖွဲ့စည်းကြတဲ့ အဖွဲ့တွေက တိုက်ကြ ခုခံကြ တာလို့ ယူဆစရာရှိပါတယ်။
NUG ရဲ့ PDF က ဘယ်အချိန် တိုက်မှာလဲ လို့ လူထုအနေနဲ့လည်း သိချင်တဲ့ မေးခွန်းရှိမှာဖြစ်လို့ D-Day လို့ အချို့ခေါင်းဆောင်တွေခေါ်ကြတဲ့ တိုက်ပွဲခေါ်သံနေ့ က မကြာတော့ဘူးလို့ NUG ရဲ့ ကာကွယ်ရေး ဒုဝန်ကြီးဖြစ်သူက သတင်းစာရှင်းလင်းပွဲမှာ ပြောထားတာ ဖတ်ရှုရပါတယ်။
ခုလို ၅ လတာကို ပြန်ငဲ့ကြည့်တဲ့အခါ စိတ်အားတက်ကြွစရာ၊ မျှော်လင့်ချက် ရောင်ခြည်တွေ အချို့သော အကြောင်းအရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အရင်တခါတုန်းကမှ မရခဲ့ဖူးတဲ့ စုစည်းမှုတွေ ရတာတွေ ရှိသလို ဆုံးရှုံးသွားတဲ့ လူငယ်တွေ ၊ လူကြီးတွေ ၊ ကလေးသူငယ်တွေ အတွက်လည်း ရင်နဲ့အမျှ ခံစားနေရတာတွေလည်း ရှိပြီး နှိပ်စက်ခံရ ပစ်သတ်ခံရ ဖမ်းဆီးထောင်သွင်းအကျဥ်းချ ခံရတဲ့ ထောင်နဲ့ချီတဲ့သူတွေ အတွက်လည်း ကိုယ်ချင်းစာ ၊ စာနာ ကူညီဖေးမစရာတွေ အများအပြားနဲ့ ဖြတ်သန်းခဲ့ရတဲ့ ၅ လတာ ကာလဖြစ်ပါတယ်။
ရက်ပေါင်း ၁၅၀ ရှိပြီးတဲ့အခါ လူထု၊ CDM၊ သပိတ်၊ ပြောက်ကျား၊ ဦးဆောင်သူများနဲ့ စစ်ကောင်စီဘက်တော်သားများ အပါအဝင်မှာ အရှုံး အမြတ် သင်ခန်းစာတွေ အများအပြားနဲ့ ဆင်ခြင်စရာ ပြင်ဆင်စရာ ရှေ့ဆက်ရမယ့် အစီအစဉ်များ တွက်ကိန်းတွေ တပုံတပင်ရှိလာကြပြီလို့ ယူဆမိပါတယ်။ အဲသည်အတွက် သုံးသပ်ပြင်ဆင်တွက်ချက် စီမံကိန်းတွေ ချပြီးနေလောက်ပြီး ဖြစ်ပါလိမ့်မယ်။ ရက်ပေါင်း ၁၅၀ အတွင်းမှာ နွေဦးတော်လှန်ရေးတိုက်ပွဲဝင်တွေထဲမှာ လက်နက်မကိုင်ပဲ အာဏာဖီဆန်နေတဲ့ မြန်မာနဲ့ တိုင်းရင်းသားတွေ၊ လက်နက်ကို ခုမှ စကိုင်ပြီး ခုခံစစ်ဆင်နွှဲကြတဲ့ မြန်မာနဲ့ တိုင်းရင်းသားတွေ၏ အခန်းကဏ္ဍဟာ အထူးအလေးထားစရာ ဖြစ်လာပါတယ်။ ပြည်တွင်းစစ် အနှစ် ၇၀ လုံးလုံး လက်နက်ကိုင်အတွေ့အကြုံရှိကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ သည် ၅ လ တာအတွင်း ရပ်တည်ဖြတ်သန်းပုံကလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။
လူထုအနေနဲ့ကတော့ နိုင်ငံရေးတိုက်ပွဲကို ခေါင်းဆောင်တဲ့ သူတွေကို တခွန်းသောစကား ပါးချင်လိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီတခွန်းကတော့ တိုက်ပွဲကို နိုင်အောင် ဦးဆောင် တိုက်ပါဆိုတဲ့ စကားပဲ ဖြစ်ပါလိမ့်မယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar