မျိုးသန့်ထွန်း (စစ်ကိုင်း) - ဝန်ကြီးချုပ်ဦးနုရေးတဲ့ တော်လှန်ရေးတေးထပ်တစ်ပုဒ်
(မိုးမခ) နို၀င်ဘာ ၂၃၊ ၂၀၂၁
ဒီနှစ်အတွင်း - ငါတို့ နိုင်မည်
ပလ္လင်ပေါ် ခွေးတက်လို့
ပြေးရက်က နီးလား၊
လက်နက်နဲ့ ခြိမ်းခြောက်ကာ၊
ဟိန်းဟောက်ထာဆယ်နှစ်၊
ခွေးကိုမှ ဆရာတင်၊
ရာဇဝင်ရိုင်းတဲ့တခေတ်၊
ပြည်သူရဲ့အာဏာ၊ ပြည်သူသာအစစ်၊
ပိုင်ဆိုင်တာ အမှန်ဖြစ်ပေမဲ့၊ စနစ်က ဗြောင်းပြန်၊
စစ်ဗိုလ်တွေ ပြုသမျှ၊ နုရတဲ့ ဘဝအမှန်၊
(ခ) သုံးလုံး ပုံသဏ္ဌာန်၊ ငုံ့ခံလျှင် ပိုလို့ဆိုးမှာမို့၊
ဦးမကျိုး လက်နက်ကိုင်၊ သူတို့နဲ့ပြိုင်၊
ဒီနှစ်အတွင်း ငါတို့ နိုင်မည်၊
စိတ်သံတိုင် ထူစိုက်စို့လေး။
မောင်နု
(ခ)သုံးလုံး - ခေါ်ရင် သွား၊ ခိုင်းတာ လုပ်၊ ခံမပြောနဲ့။
သတင်းစဉ် အတွဲ (၁)၊ ၁၉၇၂ ခုနှစ်၊ ဂျူလိုင်လ အမှတ်စဉ် (၄)
ဤတေးထပ်ကဗျာကို မျိုးသန့်ထွန်း (စစ်ကိုင်း) မှ ဦးနုပြတိုက်သို့ လှူဒါန်းပါသည်။
◾️ ဝန်ကြီးချုပ်ဦးနုရေးတဲ့ တော်လှန်ရေးတေးထပ်တစ်ပုဒ်
“တော်လှန်ရေးဆိုတာ ကလေးကစားစရာ မဟုတ်ဘူး!” လို့ ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။ ထိုအချိန်က စစ်အာဏာရှင် ဗိုလ်နေဝင်းကို တော်လှန်ခဲ့စဥ် ၁၉၇၀-၇၄ နှစ်များဆီက ပြောခဲ့တဲ့စကားတခွန်းလို့ သိရပါတယ်။ ထိုစကားကို ဦးသုဝေရေးတဲ့ ‘ပါလီမန်ဒီမိုကရေစီနှင့်ကျွန်တော်’ (၂၀၁၂) စာအုပ်မှာ ဖတ်ရပါတယ်။ ဒါဟာ တော်လှန်ရေးသမားများ အလေးအနက်ထားရမယ့် ခံယူရမယ့်အရာတခုလို့ ပြောလို့ရပါတယ်။
မြန်မာ့သမိုင်းမှာ ကဗျာ တေးထပ်တွေ အများအပြားရှိခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံးဝန်ကြီးချုပ် ဦးနု (၁၉၀၇-၁၉၉၅) ရေးတဲ့ တော်လှန်ရေးတေးထပ်ကိုတော့ လူတွေ သိပ်မသိခဲ့ကြပါဘူး။ မြန်မာ့သမိုင်းမှာ အထင်အရှားဆုံး ကမ္ဘာကျော်ခဲ့သော ဗိုလ်နေဝင်းစစ်တပ်က အာဏာသိမ်းတဲ့ ၁၉၆၂ မတ် ၂ ရက်နေ့ကို မြန်မာနိုင်ငံသားအပေါင်းတို့ မေ့မရတဲ့နေ့လို့ နှောင်းခေတ်လူကြီးများ အမှတ်ရ၊ သတိရကြလိမ့်မယ်လို့ ထင်ပါတယ်။
ထိုအချိန်ကစပြီး အစကောင်းခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခရီးဟာ စစ်အာဏာရှင် ဗိုလ်နေဝင်းကြောင့် လမ်းတဝက်မှာ ရပ်ခဲ့ရပါတယ်။ စစ်အာဏာရှင် ဗိုလ်နေဝင်းလက်ထက်မှာ ဦးနုရေးခဲ့သမျှစာတွေကို အစပိုင်းမှာ ပြည်သူတွေကို ဖတ်ခွင့်မရှိပါဘူး။ နောက်များမှာ စာပေကင်ပေတိုင်ကနေ ဘာသာရေးစာအုပ်ပဲ ခွင့်ပြုခဲ့တာပါ။
မဆလခေတ် ဗိုလ်နေဝင်းက ကိုကြီးနုရေးသားတဲ့စာအုပ်တွေ ကြောက်ရတယ်လို့ ဗိုလ်နေဝင်းနဲ့အနီးစပ်သူ အသိုင်းအဝိုင်းကတဆင့် ကြားခဲ့ဖူးပါတယ်။ ဒါကြောင့် မဆလ၊ နအဖ၊ နဝတခေတ်တွေတလျှောက်မှာ ဦးနုရေးသားသော စာအုပ်တော်တော်များများကို ထုတ်ခွင့်မရခဲ့ကြပါဘူး။ နောင်များအခါ အရပ်သားအစိုးရခေတ် ဒီမိုကရေစီလက်ထက်မှာသာ ဝန်ကြီးချုပ်ဟောင်းဦးနုရဲ့ ‘တာတေစနေသား’ တို့ ‘ငါးနှစ်ရာသီဗမာပြည်’ တို့ ‘သ-က-အ-လပြဇာတ်’၊ ‘လူထုအောင်သံပြဇာတ်’ တို့ စတဲ့ ဦးနုရေးသားတဲ့ စာအုပ်တွေကို မြန်မာပြည်မှ မြိုင်မြိုင်ဆိုင်ဆိုင် ပေါ်ထွန်းလာခဲ့ပါတယ်။
အများ သိတော်မှုကြတဲ့အတိုင်းပဲ၊ စစ်အာဏာရှင်အစိုးရလက်ထက်မှာ ဦးနုကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်တဲ့ ‘တာတေစနေသား’ ထုတ်ဝေခွင့် မရပါဘူး။ အရပ်သားအစိုးရလက်ထက် ၂၀၁၂ လောက်မှာ နာမည်ကျော် ကမ္ဘာအသိ စာပေကင်ပေတိုင်ဖျက်သိမ်းပြီးမှသာ ‘တာတေစနေသား’ကို သူ့ဇာတိမြေ မြန်မာပြည်မှာ ထုတ်ခွင့်ရပါတယ်။ ထုတ်ခွင့်ရတဲ့အချိန်မှာ ‘တာတေစနေသား’ ကို မွေးဖွားပေးတဲ့ ဦးနုဟာ လူ့လောကမှာမရှိတော့ပါဘူး။ မြန်မာပြည်ဖွား ‘တာတေစနေသား’ ကို ဦးနု တွေ့မသွားရတာ သိပ်ဝမ်းနည်းစရာပါလို့ ဦးနု သမီးကြီးဖြစ်သူ ဒေါ်စန်းစန်းနုက ပြောပြပါတယ်။
ဦးနုရဲ့ တော်လှန်ရေးတေးထပ် ကဗျာအကြောင်းမတင်ပြခင် စာရေးသူအကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။ စာရေးသူဟာ ဦးနု နေအိမ်ပြခန်း သို့မဟုတ် ဦးနုပြတိုက်ရဲ့ ပြတိုက်မှူးတစ်ဦးပါ။ ‘ဦးနုပြတိုက်’ ကို ၂၀၁၈ ခုနှစ်လောက်က စတင်ဖွင့်ခဲ့ပါတယ်။
စာရေးသူဟာ ၂၀၁၂-၁၃ လောက်က ရန်ကုန်တက္ကသိုလ်မှာ စာကြည့်တိုက်ပညာတက်ရောက်ခဲ့ပြီး ‘ဦးနု စာစုစာရင်း’ နဲ့ စာကြည့်တိုက်ဒီပလိုမာဘွဲ့ ရခဲ့ပါတယ်။
အဲအချိန်က ၂၀၁၂ လောက်က စာပေလွတ်လပ်ခွင့်လေးရခါစ စာပေကင်ပေတိုင်မရှိတော့တဲ့အချိန်ပါ။ ရန်ကုန်တက္ကသိုလ်ကနေ စာကြည့်တိုက်ဒီပလိုမာဘွဲ့ ပေးပါတယ်။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဒီပလိုမာဘွဲ့သင်တန်းကို ၁၉၇၁ လောက်က စာရေးဆရာ၊ ကဗျာဆရာကြီး ဇော်ဂျီ၊ ဆရာကြီးဦးသော်ကောင်း၊ ဆရာကြီတိုက်စိုးတို့ကနေ ဦးစီးကာ စတင်ထူထောင်ခဲ့ပါတယ်။ စာရေးသူရဲ့ စာကြည့်တိုက်ဘွဲ့ယူစာတမ်းက ‘ဦးနု စာစုစာရင်း’ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Author Bibliography လို့ ခေါ်တယ်။ မြန်မာလို ‘စာရေးသူ စာစုစာရင်း’ စာရေးဆရာတွေရဲ့ စာစုစာရင်းလို့လည်း ပြောလို့ရပါတယ်။
စာရေးသူပြုစုတဲ့ ‘ဦးနုစာစုစာရင်း’ မှာတော့ ကမ္ဘာကျော် စာရေးဆရာကြီးဦးနုကိုယ်တိုင်ရေးသားသော တေးထပ်ကဗျာ၊ ပုံပြင်၊ ပြဇာတ်၊ ဆောင်းပါး၊ ဝတ္ထု စတဲ့ ပုံနှိပ်ပြီးသားစာများနဲ့ အခြားစာရေးဆရာတွေရဲ့ ဝေဖန်ရေးစာ၊ ချီးမွမ်းစာ စတဲ့စာတွေကို အထူးပြု လေ့လာမှတ်တမ်းတင် ပြုစုရပါတယ်။ လွယ်တဲ့ကိစ္စတော့ မဟုတ်။ စာတမ်းပြုစုအချိန်အတိုလေးအတွင်းမှာ စာကြည့်တိုက်တွေ သွားရှာ၊ ဖတ်၊ မှတ် လေ့လာရတဲ့အလုပ် ဖြစ်ပါတယ်။
‘ဦးနုစာစုစာရင်း’ကို ခေတ်အဆက်ဆက် လုပ်ဖို့ ကြိုးစားသော်လည်း မအောင်မြင်ခဲ့ဘူးလို့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူး ဆရာဦးသော်ကောင်းက ဝမ်းနည်းစွာနဲ့ ပြောပြဖူးပါတယ်။ ဆရာဦးသော်ကောင်းက ထပ်ပြေတာက.. “ဦးနုဟာ မြန်မာနိုင်ငံရဲ့ ဝန်ကြီးချုပ်လည်းဖြစ်၊ တကယ့်ကမ္ဘာအသိ စာရေးဆရာလည်း ဖြစ်တာတောင် လုပ်ခွင့်ရခဲ့ဘူး”လို့ ဆွေးဆွေးမြည့်မြည့် ပြောသွားပါတယ်။ “အခု လုပ်ခွင့်တာ အများကြီး ဝမ်းသာရတယ်”လို့ ဆရာကြီး ဦးသော်ကောင်းရဲ့ လှိုက်လှိုက်လှဲလှဲ ဝမ်းသာစွာ ပြောတဲ့အသံကို ကြားလိုက်ရပါတယ်။
အမှန်ကတော့ ‘ဦးနုစာစုစာရင်း’ အရင်ခေတ်များစွာက ပြုစုခဲ့ဖို့ကောင်းပေါ့။ အခြေအနေအရ မည်သို့မှမတတ်နိုင်လို့ ပြောရပါမယ်။ ဦးနုစာစုစာရင်း လုပ်ရင်းနဲ့ပဲ ဦးနုရဲ့ မိသားစုနဲ့ ရင်းနှီးခဲ့ပါတယ်။ ဒီအရင်က စာရေးသူရဲ့ဘကြီးဟာ စစ်ကိုင်းတိုင်းက ဦးနုရဲ့ဒီ/ငြိမ်းပါတီ ဥက္ကဋ္ဌတစ်ဦး ဖြစ်ခဲ့သူပါ။
အခု ဦးနုရေးသားတဲ့ ‘တော်လှန်ရေးတေးထပ်’ ကဗျာဟာ စာရေးသူပြုစုတဲ့ ‘ဦနု စာစုစာရင်း’ စာအုပ်မှာ ထိပ်တန်းကနေပါဝင်ခဲ့ပါတယ်။ ဦးနု ရေးတဲ့ တေးထပ်ကဗျာကို ‘ဦးနု စာစုစာရင်း’အတွက် ပို့ပေးသူက အမေရိကမှာရောက်နေတဲ့ ကျေးဇူးရှင် စာရေးဆရာ၊ ကဗျာဆရာ၊ ဝေဖန်ရေးဆရာကြီး မောင်စွမ်းရည် ဖြစ်ပါတယ်ဗျာ! ဆရာစွမ်းဟာ ကျွန်ုပ်၏ မဟာကျေးဇူးရှင်လို့ ပြောလို့ရပါတယ်။
ကဲ့.. တော်လှန်ရေးတေးထပ် ခေါင်းစီးက ‘ဒီနှစ်အတွင်း-ငါတို့နိုင်မည်” တဲ့၊ ဖတ်ကြည့်လိုက်ရအောင်...
ဒီနှစ်အတွင်း - ငါတို့ နိုင်မည်
ပလ္လင်ပေါ် ခွေးတက်လို့
ပြေးရက်က နီးလား၊
လက်နက်နဲ့ ခြိမ်းခြောက်ကာ၊
ဟိန်းဟောက်ထာဆယ်နှစ်၊
ခွေးကိုမှ ဆရာတင်၊
ရာဇဝင်ရိုင်းတဲ့တခေတ်၊
ပြည်သူရဲ့အာဏာ၊ ပြည်သူသာအစစ်၊
ပိုင်ဆိုင်တာ အမှန်ဖြစ်ပေမဲ့၊ စနစ်က ဗြောင်းပြန်၊
စစ်ဗိုလ်တွေ ပြုသမျှ၊ နုရတဲ့ ဘဝအမှန်၊
(ခ) သုံးလုံး ပုံသဏ္ဌာန်၊ ငုံ့ခံလျှင် ပိုလို့ဆိုးမှာမို့၊
ဦးမကျိုး လက်နက်ကိုင်၊ သူတို့နဲ့ပြိုင်၊
ဒီနှစ်အတွင်း ငါတို့ နိုင်မည်၊
စိတ်သံတိုင် ထူစိုက်စို့လေး။
မောင်နု
သတင်းစဉ် အတွဲ (၁)၊ ၁၉၇၂ ခုနှစ်၊ ဂျူလိုင်လ အမှတ်စဉ် (၄) လို့ ပါရှိပါတယ်။ ဒီတေးထပ်ထဲက (ခ) သုံးလုံးက ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့တဲ့။
ယနေ့အထိ အဲဒီစနစ်က ရှိနေတုန်းပါပဲ။ မိတ်ဆွေတစ်ယောက်က “နောက်ထပ် (ခ) တလုံးထည့်လိုက်ရင် ခွေးဖြစ်စေသတည်း!လို့ ပိုပြီးပြည့်စုံသွားလိမ့်မယ်” တဲ့။
ဒီတေးထပ်ဟာ သမိုင်းတကွေ့မှာ တန်းဖိုထားရမယ့် တေးထပ်တပုဒ်လို့ ပြောရပါမယ်။
ဦးနုရဲ့ တေးထပ်ကဗျာကို New York က ကဗျာဆရာကြီး မောင်စွမ်းရည်ကိုယ်တိုင် VOA မြန်မာအပိုင်း “အသက်ကြီးစကား သက်ငယ်ကြား” ကဏ္ဍမှာ ရွတ်ပြသွားတာ နားထောင်သူအဖို့ ကြက်သီးထလောက်ပါရဲ့။ ကျွန်တော်တို့နိုင်ငံကိုက ပလ္လင်အပေါ် ခွေးတတ်တာတွေ များနေတယ်လို့ ဒီကဗျာဖတ်သူအချို့က ပြောဖူးပါတယ်။
ယခုဖော်ပြပါ ‘ဒီနှစ်အတွင်း-ငါတို့နိုင်မည်’ တေးထပ်တပုဒ်ကို ဦးနုနေထိုင်သွားတဲ့ ‘ဦးနုပြတိုက်’မှာ လူအများ လေ့လာဖို့ ပြသလို့ထားပါတယ်။ လာရောက်ကြည့်ရှုတဲ့ ပုဂ္ဂိုလ်တွေအထဲက တောပြန် ရဲဘော်ဘခက်က “သိပ်ကြိုက်တယ်ကွာ! သိပ်ထိလည်းထိမိလိုက်တာ”လို့ ပြောပါတယ်။
ဦးနုပြတိုက်မှာ ဒီတေးထပ်ကဗျာကို မှန်ဘောင်သွင်းပြီး ပြသထားပါတယ်။ ပြတိုက်ကို လာရောက်ကြတဲ့ ပြည်သူလူထုတွေက ဖတ်ပြီး သိပ်သဘောကျ အံ့ဩနေကြပါတယ်။ အခုမှာ တွေ့မြင်ဖူးတာကိုး။ အချို့က တေးထပ်ကဗျာ မှန်ဘောင်သွင်းပြီး ကပ်ထားတဲ့နေရာမှာ သူတို့လက်ရေးနဲ့ ကူးသူကကူး၊ ဖုန်းနဲ့ရိုက်သူက ရိုက်နဲ့ ပြတိုက်ဖွင့်တဲ့နေ့မှာ လူစည်ကားဆုံး နေရာလေး ဖြစ်နေပါတယ်။ ဒီတေးထပ် ဖတ်သူအပေါင်းက ဤတေးထပ်ကို ကမ္ဘာ့ပြန့်ဖို့ ကြီုးစားကြပါလို့ တိုက်တွန်းကြတာကို တွေ့ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးသန့် တို့ကျောင်းသားဘဝကတည်းက တေးထပ်ကဗျာတွေ ရေးသားခဲ့ကြပါတယ်။ ဦးနုဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက နယ်ချဲ့ကျောင်းအုပ်ကြီး စလော့ကို တေးထပ်ရေးပြီး ဆဲခဲ့ကြတယ် အင်္ဂလိပ်လို ဆွန်းနက်ကဗျာတွေ ရေးပြီး ဆဲခဲ့၊ တွယ်ခဲ့ကြတယ်လို့ အန်တီစန်း (ဒေါ်စန်းစန်းနု)က ပြောပြဖူးပါတယ်။
ဟိုတုန်းက သူ့အိမ်မှာ ကျောင်းအုပ်ကြီး မစ္စတာစလော့ကို အင်္ဂလိပ်လို ဆဲတဲ့ စာရွက်အရှည်ကြီးတွေ ရှိတယ်တဲ့၊ နောက်ကျတော့ ပျောက်ပျက်ကုန်ပါရော့၊ အို... နှမြောစရာကောင်းလိုက်တာ။ အခုချိန်ရှိရင် ဦးနု နေအိမ်ပြခန်းလေးမှာ အများသူငါ ကြည့်ရှုခွင့်ရကြမှာ ဧကန်မလွဲပါ။
တော်လှန်ရေးဟာ အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ တချိန်က မြန်မာ့သမိုင်းမှ စစ်အာဏာရှင် ဗိုလ်နေဝင်းကို ဦးနုရဲ့ ကလောင်အစွမ်းနဲ့ တော်လှန်ခဲ့တယ်ဆိုတာ သမိုင်းတင်ရစ်စေချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးဝန်ကြီးချုပ် ဦးနု၏ စာပေများ ကမ္ဘာသို့ ပျံ့နှံ့ရောက်ရှိပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
မျိုးသန့်ထွန်း (စစ်ကိုင်း)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar