Parkland အထက်တန်းကျောင်း ပစ်ခတ်မှုမှာ သေဆုံးခဲ့ရသူများရဲ့ မိသားစုဝင်များမှ တရားရေးဌာနနှင့် ဒေါ်လာသန်း ၁၃၀ ခန့်ဖြင့် အမှုကျေအေး သဘောတူညီချက်ရယူ
Parkland အထက်တန်းကျောင်း ပစ်ခတ်မှုမှာ သေဆုံးခဲ့ရသူများရဲ့ မိသားစုဝင်များမှ တရားရေးဌာနနှင့် ဒေါ်လာသန်း ၁၃၀ ခန့်ဖြင့် အမှုကျေအေး သဘောတူညီချက်ရယူ
(မိုးမခ) နို၀င်ဘာ ၂၃၊ ၂၀၂၁
၂၀၁၈ ခုနှစ်က ဖလော်ရီဒါ Parkland မြို့ အထက်တန်းကျောင်းမှာ ကျောင်းသားတစ်ဒါဇင်ကျော် သေဆုံးခဲ့ရတဲ့ သေနတ်ပစ်ခတ်မှုမှာ FBI က ကြိုတင်သတင်းရခဲ့ပြီးမှ သေနတ်သမားကို မတားဆီးနိုင်ခဲ့တဲ့အတွက် မိသားစုဝင်များမှ တရားစွဲဆိုထားတဲ့အမှုမှာ အမေရိကန်တရားရေးဌာနနဲ့ တနင်္လာနေ့မှာ ကျေအေးသဘောတူညီမှု ရရှိခဲ့ပြီလို့ ပူးတွဲကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
ငွေကြေးပမာဏဘယ်လောက်နဲ့ သဘောတူညီမှု ရခဲ့တယ်ဆိုတာကို ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပေမဲ့ စုစုပေါင်း ဒေါ်လာသန်း ၁၃၀ ခန့်လို့ နီးစပ်သူတစ်ဦးမှ ပြောခဲ့ပါတယ်။
Parkland ပစ်ခတ်မှုက ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီ ၁၄ ရက် Marjory Stoneman Douglas High School မှာ ဖြစ်ပွားခဲ့ပြီး၊ သေနတ်သမား Nikolas Cruz မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာမှ လူ ၁၇ ယောက် သေဆုံးခဲ့ရပြီး အနည်းဆုံး ၁၇ ယောက်ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ပစ်ခတ်မှုမဖြစ်ပွားခင် ရက်သတ္တပတ်အနည်းငယ်မှာ Nikolas Cruz ဟာ ကျောင်းတစ်ခုကိုသွားပြီး သေနတ်နဲ့ပစ်လိမ့်မယ်လို့ သတင်းပေးသူတစ်ဦးက အက်ဖ်ဘီအိုင်သို့ သတိပေးခဲ့ပါတယ်။
"Parkland မိသားစုတွေရဲ့ ဆုံးရှုံးခဲ့ရမှုကို ဘာနည်းလမ်းနဲ့မှ ပြန်လည်အစားထိုးလို့မရတော့ပေမဲ့ အခုသဘောတူညီချက်ကတော့ တရားမျှတမှုအတွက် အရေးကြီးတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်" လို့ မိသားစုဝင်များရဲ့ ဦးဆောင်ရှေ့နေ Kristina Infante က ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့လမှာ Nikolas Cruz က အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီး စီရင်ချက်ကို စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း။ ။
(NPR - Nov 22, 2021 - Families of Parkland shooting victims settle lawsuit with DOJ for about $130 million)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar