အောင်ဒင် - ကျနော်တို့ခေတ်ရဲ့ အညမည
အောင်ဒင် - ကျနော်တို့ခေတ်ရဲ့ အညမည
(မိုးမခ) နို၀င်ဘာ ၁၆၊ ၂၀၂၁
သားသမီးအဖြစ်က
အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာတယ်၊
သူငယ်ချင်းအဖြစ်က စွန့်လွှတ်ကြတယ်၊
မောင်နှမအဖြစ်က စွန့်လွှတ်ကြတယ်၊
သက်ဆိုင်သူအဖြစ်က စွန့်လွှတ်ကြတယ်၊
အိမ်ထောင်ဘက်အဖြစ်က စွန့်လွှတ်ကြတယ်…။
မလွတ်မြောက်နိုင်သေးတဲ့ ဘဝတွေမှာ
အခြေအနေအရ၊ စွန့်လွှတ်ကြတာကို
နှလုံးသားက နားလည်ပါတယ်
အဲဒီကြေညာချက်တွေက
ချစ်ခြင်းမေတ္တာကို ဖုန်းကွယ်မသွားဘူးဆိုတာလည်း
ခံစားချက်နဲ့ သိပါတယ်၊
လွတ်မြောက်ချိန်မှ၊ ပြန်တွေ့ကြရင်
ဆထက်ထမ်းပိုး ချစ်ပါ့မယ်…။
ကျနော်တို့ကလည်း
ဗမာလူမျိုးကြီးဝါဒကို စွန့်လွှတ်ပါတယ်၊
မဟာဖိုဝါဒကို စွန့်လွှတ်ပါတယ်၊
လက်နက်နဲ့ တည်ဆောက်တဲ့ နိုင်ငံတော်ကို စွန့်လွှတ်ပါတယ်၊
လူများစုဗဟိုပြု၊ ပြည်ထောင်စုအတုကို စွန့်လွှတ်ပါတယ်၊
ဘုရားအသစ်တွေတည်၊ ကျောင်းအသစ်တွေ ဆောက်လှူပြီး
ကိုးကွယ်ရာနဲ့ မှိုင်းတိုက် အုပ်ချုပ်တဲ့စနစ်ကို စွန့်လွှတ်ပါတယ်၊
မတူကွဲပြား၊ ခွဲခြားဆက်ဆံခြင်းများကို စွန့်လွှတ်ပါတယ်၊
၂၀၀၈ ဖွဲ့စည်းပုံကို စွန့်လွှတ်ပါတယ်…။
ပြီးတော့
ပြည်သူတွေနဲ့ အတူတကွ မရပ်တည်တဲ့
ဝန်ထမ်းတွေကို စွန့်လွှတ်ပါတယ်၊
လူသတ်သမားကို အားပေးတဲ့
ဘာသာရေးခေါင်းဆောင်၊ သီလကြောင်တွေကို စွန့်လွှတ်ပါတယ်၊
စစ်အာဏာရှင်တွေရဲ့ အသုံးတော်ခံ၊ ဖျော်ဖြေရေးဒလန်တွေကို စွန့်လွှတ်ပါတယ်၊
ဖက်ဆစ်ခေါင်းဆောင်တွေအတွက် ဝါဒဖြန့်ရေးသားနေတဲ့
စာရေးဆရာဆိုသူတွေကို စွန့်လွှတ်ပါတယ်၊
အကြမ်းဖက်သမားတွေရဲ့
သွေးစွန်းနေတဲ့ လက်တွေကို ပွေ့ဖက်နမ်းရှုံ့ရင်း
အဖိနှိပ်ခံကြရသူတွေကို
အကြမ်းမဖက်ကြဖို့၊ စေ့စပ်ဆွေးနွေးကြဖို့
ငြိမ်းချမ်းရေးတရားတွေ ထပ်ခါထပ်ခါဟောပြောနေတဲ့
ပညာရှိအယောင်ဆောင်၊ လူ့အဆံချောင်များကို စွန့်လွှတ်ပါတယ်…။
အဲဒီလူတွေနဲ့များ
လွတ်မြောက်ချိန်မှ၊ ပြန်တွေ့ကြရင်
ဆထက်ထမ်းပိုး မုန်းပါ့မယ်…။
နိုဝင်ဘာ ၁၅၊ ၂၀၂၁
(ပုံက ကိုသန်းဋ္ဌေးမောင်ရဲ့ပန်းချီကားပါ။)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar