မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၁၄ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၁၄ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၁
• တိုက်ခိုက်မှုတွေ ပြင်းထန်လာချိန်နဲ့ သံတမန်တွေ အဝင်အထွက်များချိန်
ခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံက မြန်မာ့အရေးကိစ္စ အထူးတာဝန်ပေးထားသူ ဆွန်ကော့ရှန်၊ ဂျပန်နိုင်ငံက နိပွန်ဖောင်ဒေးရှင်းဥက္ကဌဖြစ်သူ ဆာဆာကာဝါနဲ့ တဖန် အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဒုဝန်ကြီးချုပ် နေ့ချင်းပြန်ခရီးတို့က သီတင်းတပတ်အတွင်း တိုက်ဆိုင်စွာ ဖြစ်ပျက်နေပါတယ်။
အခုလို သံတမန်တွေလာရောက်ချိန်ဟာ အာဆီယံရဲ့ မြန်မာ့အရေးအထူးသံ မြန်မာနိုင်ငံလာဖို့ကိစ္စပျက်ပြယ်ပြီး တလဝန်းကျင်အကြာ၊ အမေရိကန်က လွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဘီလ်ရစ်ချတ်ဆန် ဖောင်ဒေးရှင်းရဲ့ဥက္ကဌ ဘီလ်ရစ်ချတ်ဆန် လာရောက်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာ ဖြစ်ပျက်လာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းကို အာဆီယံသဘောတူညီမှု ငါးချက်နဲ့ ဖြေရှင်းဖို့ ပြီးခဲ့တဲ့လတွေတုန်းက နိုင်ငံတကာက ဝိုင်းဝန်းထောက်ခံခဲ့ပေမယ့် ယခင်လက မြန်မာနိုင်ငံခရီးစဥ် အနီးကပ်မှ ဖျက်သိမ်းခဲ့တဲ့နောက်မှာ အာဆီယံက အဖြေရှာရေးမှာ အဓိကဝင်ပေါက်မဟုတ်တော့တဲ့ သဘောမျိုး ဖြစ်သွားပြီလားလို့လည်း ယူဆစရာရှိသလို အဲဒီနောက် တလဝန်းကျင်အကြာမှာ ဂျပန်နိုင်ငံက လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တခုရဲ့ ဥက္ကဌနဲ့ စေ့စပ်ညှိနှိုင်းသူ၊ တရုတ်နိုင်ငံရဲ့ အထူးတာဝန်ပေးအပ်ထားသူတို့ ခရီးစဥ်တွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ မအောင်မြင်တော့ဘူးဆိုခဲ့ရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပွားတဲ့ ပြည်တွင်းစစ် အဆင့်မျိုး အနေအထားမျိုး ရောက်သွားနိုင်တာကြောင့် ဒီလိုအခြေအနေမဆိုက်ရောက်အောင် မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်းတို့က စိုးရိမ်မှုရှိကြမှာ အမှန်ပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ဆို မဟာဗျူဟာ လမ်းမကြီးတွေ မြန်မာနိုင်ငံဖြတ် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတွေ အခြားသော စီးပွားရေးစီမံကိန်းတွေရှိတာမို့ နိုင်ငံလုံခြုံရေးရော စီးပွားရေးအကျိုးစီးပွားထိခိုက်မှုအရပါ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးထိန်းချုပ်နိုင်မှု ပျက်ပြားသွားမှာ မလိုလားမှာ အမှန်ပဲ ဖြစ်ပါတယ်။
ဒီလို ရှုထောင့်တွေကြောင့် တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အကြပ်အတည်းကို ဖြေရှင်းဖို့ တတ်နိုင်သလောက်ကြိုးစားနေတယ်လို့ ယူဆနိုင်ပါတယ်။ ဒီနေရာမှာ တရုတ်က အန်အယ်လ်ဒီကိုထောက်ခံတယ်၊ စစ်ကောင်စီကို ထောက်ခံတယ်ဆိုတာထက် ပြည်တွင်းစစ်ကျယ်ပြန့်မလာဖို့နဲ့ ဘယ်အဖွဲ့က နိုင်ငံကို ထိန်းချုပ်အုပ်ချုပ်နိုင်မလဲဆိုတာကိုသာ ဦးစားပေးလိမ့်မှာဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ဘယ်အခြေအနေမျိုးမှာမှ စစ်ဖြစ်ပွားလို့ ဒုက္ခသည်တွေကို နယ်မြေထဲ လက်ခံနေရာပေးတာမျိုး မရှိခဲ့သလို နယ်စပ်တွေကိုလည်း အကာအရံတွေ တတ်နိုင်သမျှကာရံထားတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ စစ်ပွဲတွေ ပဋိပက္ခတွေ ပိုမိုပြင်းထန်ပေါက်ကွဲလာခဲ့ရင် ထိုင်းနိုင်ငံလိုမျိုးနဲ့ အိန္ဒိယနိုင်ငံလိုမျိုးမှာသာ လူသားချင်းစာနာမှုအရ အချိန်ကာလတခုထိ လက်ခံကြမယ့်အလားအလာရှိတာပါ။
ဒီလို အခြေအနေမျိုးမရောက်အောင် အခုလို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့က သံတမန်တွေ လာရောက်ကြားဝင် ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားကြတယ်လို့ထင်ပါတယ်။ ခုအခြေအနေမှာ မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ အထက်နားကျတဲ့ ချင်းတွင်းမြစ်ဝှမ်းတလျှောက် ယင်းမာပင်၊ ကနီ၊ တန့်ဆည်၊ မုံရွာ၊ မြောင် ၊ ကလေး၊ ဂန့်ဂေါ စတဲ့ဒေသတွေမှာ ခုခံတိုက်ခိုက်မှု လက်ဖြစ်သေနတ် အော်တိုမက်တစ်ရိုင်ဖယ်၊ လက်လုပ်ဗုံး၊ မိုင်းတွေနဲ့ စစ်ကောင်စီတပ်တွေကို ခုခံ တိုက်ခိုက်နေကြတာ နေ့စဥ် အမျှပဲဖြစ်ပါတယ်။ စစ်ရေးရှုထောင့်အရကြည့်ရင်တော့ ပျောက်ကြားစစ် ခုခံစစ်ဖြစ်ပြီး လက်နက်နဲ့ စစ်ရေးအတွေ့အကြုံအရ မယှဥ်နိုင်ပေမယ့် ပီဒီအက်ဖ်တွေဘက်က လူထုထောက်ခံမှုအများစုကို ရထားတာ၊ နယ်မြေဒေသကိုကျွမ်းကျင်တာက အားသာချက်ဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ ဒေသခံတွေရဲ့ ထောက်ခံမှုကိုမရပဲ ကျူးကျော်သူတွေသဖွယ် ဆန့်ကျင်ခံနေရတဲ့အနေအထားဖြစ်ပါတယ်။
ချင်းပြည်နယ်နဲ့ ကယားပြည်နယ်ဘက်ကြည့်မယ်ဆိုရင်လည်း အလားတူ ခုခံစစ် ပျောက်ကျားစစ်ကို ဆင်နွှဲတိုက်ခိုက်နေကြပြီး လူမျိုးစုတိုင်းရင်းသား ပြည်နယ်တွေအနေနဲ့တော့ နယ်မြေအရ မြေပြန့်လွင်ပြင်တွေထက် အားသာချက်ရှိကြသလို တစုံတခုသောအခြေအနေမှာ နယ်စပ်တွေအထိ ဆုတ်ပြီး တိမ်းရှောင်လို့ရတဲ့ အနေအထားရှိတာက အားသာချက် ဖြစ်ပါလိမ့်မယ်။
နိုင်ငံရေးပြဿနာတွေကို တချိန်မှာ နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းကြရမှာဆိုတဲ့ နိုင်ငံရေးအယူအဆ သို့မဟုတ် နိုင်ငံရေးဆိုရိုး ရှိပါတယ်။ စစ်ရေးအရ တိုက်ခိုက်ကြရာမှာ တဖက်ဖက်က အပြတ်အသတ် နိုင်အောင် မတိုက်နိုင်ကြတဲ့အခြေအနေမျိုး အခင်းအကျင်းမျိုးမှာ ဒီအယူအဆအတိုင်း တချိန်ချိန်မှာ ဆွေးနွေးစကားပြောကြရတာမျိုး ဖြစ်ပါတယ်။
ခုလက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေကို ပြန်ဆန်းစစ်ကြည့်ရင် ဆယ်စုနှစ် ၇ ခုကျော်ကြာလာတဲ့ လူမျိုးစု ကိုယ်ပိုင်ပြဌါန်းခွင့်ရရေး၊ လက်ဝဲဝါဒီ ကွန်မြူနစ်တွေရဲ့ ပြည်သူ့အာဏာတည်ဆောက်ဖို့ ဦးတည်တဲ့ပြည်တွင်းစစ်က ခုထက်တိုင် ရှည်ကြာလာပြီးနောက် ထုံ့ပိုင်းထုံ့ပိုင်း နှစ် ၂၀ ဝန်းကျင်တကြိမ် စစ်တပ်က အာဏာသိမ်းတယ်ဆိုတဲ့ ဖြစ်စဥ် ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။
အခုတကြိမ် စစ်အာဏာသိမ်းမှုနဲ့ လက်နက်ကိုင် တွန်းလှန်မှုက အရင်အဖြစ်အပျက်တွေနဲ့ ဘာတွေကွာခြားပြီး ဘယ်အချက်တွေတူညီသလဲဆိုတဲ့ အပေါ်မူတည်ပြီး လက်နက်ကိုင်လမ်းစဥ်က အနိုင်အရှုံးအဆုံးအဖြတ်ထိ ဦးတည်မလား ဆွေးနွေးပွဲစကားဝိုင်းမှာ တန်းတူ သို့မဟုတ် အသာစီး ရအောင် တိုက်ခိုက်ကြတာလားဆိုတာတော့ ဦးဆောင်သူတွေက အကဲဖြတ်ဆုံးဖြတ်ကြရမယ့်အပိုင်းလို့ ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar