ညိုထွန်းလူ - ပုံပြောသူ
(မိုးမခ) နို၀◌င်ဘာ ၁၆၊ ၂၀၂၁
မှတ်ဥာဏ်ထဲမှာစွဲကပ်ကျန်နေသည့် အဖြစ်အပျက်ကို ပုံပြင်တစ်ပုဒ်ပြောသလိုမျိုးဖြင့် အဘိုးက ဟိုတုန်းကပေါ့ကွယ်ဟု နိဒါန်းပျိုးလိုက်သည်။
ခေတ်ပျက်တဲ့ကာလကြီးပေါ့။ တရားဥပဒေအားနည်းသွားတဲ့အချိန်မှ ာခိုးဆိုးလုယက်တဲ့သူတွေက နေရာတိုင်းမှာ ခေါင်းထောင်လာကြတယ်။ ရွာတိုင်း ရွာတိုင်း သူတို့ရောက်လာမှာကို ကြောက်ရွံ့နေကြတယ်။ နေ့လည်ခင်းတစ်ရက်တော့ ရွာကလေးတစ်ရွာကို လူဆိုးဓားပြတွေ ရုတ်တရက်ရောက်လာပြီး ရွာလယ်ကဇရပ်မှာ လူစုခိုင်းတယ်ကွဲ့။ ခေါင်းဆောင်လုပ်တဲ့သူက အင်မတန်မှ ရက်စက်ကြမ်းကြုတ်တဲ့သူ။ ဘီလူးသဘက်ဝင်စားထားသလား မှတ်ရတယ်။ သူတို့ရဲ့အမိန့်အတိုင်း ရွာလယ်ဇရပ်ရှေ့မှာ အထိတ်ထိတ်အလန့်လန့်နဲ့ ရောက်လာကြရပေမယ့် ဘာဖြစ်လို့ လူစုခိုင်းမှန်းလည်းမသိကြဘူး။ ဒါပေမယ့် မကောင်းတဲ့အငွေ့အသက်တွေရနေတယ်။
ခဏအကြာမှာ ခေါင်းဆောင်လုပ်တဲ့သူရဲ့အသံက ဟိန်းထွက်လာတယ်။ ဒီရွာမှာ သူတို့ကိုဆန့်ကျင်တဲ့သူတွေရှိတယ်လို့ ကြားတယ်တဲ့။ ကြံကြံဖန်ဖန်ဘယ်သူက သူတို့ကိုဆန့်ကျင်ရဲမလဲကွယ်။ တစ်ခုခုလုပ်တော့မှာမို့ သက်သက်မယ့်စွပ်စွဲနေတာ။ အဲဒီလိုဆန့်ကျင်တဲ့အတွက် အပြစ်ဒဏ်ပေးရမယ်တဲ့။ ဒါပေမယ့် မင်းတို့ရွာသူရွာသားတွေကို အခွင့်အရေးတစ်ခုပေးမယ်လို့ပြောရင်းနဲ့ သူ့တပည့်တစ်ယောက်ရဲ့လက်ထဲက ငှက်ကလေးတစ်ကောင်ကိုဆွဲယူဖမ်းဆုပ်ပြလိုက်ပြီး ငါ့လက်ထဲကငှက်ဟာ အသေလားအရှင်လား။ မှန်အောင် မပြောနိုင်ရင် မင်းတို့ရွာသားဆယ်ယောက်ကို သတ်ပစ်မယ်လို့ပြောလိုက်တယ်။ အကုန်လုံးဒုက္ခရောက်ကြပြီပေါ့။ သူ့လက်ထဲက ငှက်ဟာ အသက်ရှင်နေမှန်းသိလို့ ငှက်က အရှင်ပါလို့ပြောရင် သူ့လက်နဲ့ဖိညှစ်သတ်လိုက်မှာ။ အသေလို့ပြောရင်လည်း လက်ထဲကငှက်ကို လွှတ်ပစ်လိုက်တော့မယ်။ ဘယ်လိုအဖြေတွေပဲပေးပေးဆုံးဖြတ်ချက်က သူ့အပေါ်မှာပဲမူတည်နေတာကို လူတိုင်းသိနေကြတယ်။ တကယ်လို့ ဘာမျှမပြောပြန်ရင်လည်း သူ့ကိုအာခံလို့ဆိုတဲ့အပြစ်နဲ့ အကြောင်းမရှိ အကြောင်းရှာပြီးအသတ်ခံကြရဦးမှာ။ ရွာသူရွာသားတွေအားလုံး တစ်ယောက်မျှ အသံမထွက်ရဲဘဲ တိတ်ဆိတ်နေကြတယ်။ အဲဒီကောင်က စိတ်မရှည်တော့ဘဲ ငါးမိနစ်ကြာလို့မှ အဖြေပေးတဲ့သူမရှိရင် အကုန်လုံးတစ်ယောက်မကျန်သတ်ပစ်မယ်လို့ ကြိမ်းဝါးလိုက်တယ်။ ရွာသူ ရွာသားတွေအားလုံး တစ်ယောက်ကိုတစ်ယောက် မျက်နှာငယ်ကလေးတွေနဲ့ ကြည့်နေကြရှာတယ်။
ဒီလိုနဲ့ တစ်အောင့်လောက်အကြာမှာ လူငယ်တစ်ယောက်က မတ်တတ်ရပ်လိုက်တယ်။ သူ့မျက်နှာက တည်ငြိမ်နေတယ်။ ဖြစ်သမျှတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်တော့မယ်လို့ စိတ်ပိုင်းဖြတ်ထားဟန်တူပါရဲ့။ ခင်ဗျားလက်ထဲက ငှက်ကလေး သေတာရှင်တာက ကျုပ်တို့နဲ့မဆိုင်ဘူးဗျ။ ကျုပ်တို့ရွာကို ရွာတော်ရှင်က စောင့်ရှောက်နေတာပါ။ ရွာတော်ရှင်က ဖမ်းဆီးသတ်ဖြတ်တာကို လုံးဝမကြိုက်ဘူး။ တစ်ခါတုန်းက ကျုပ်တို့ရွာသားတစ်ယောက် ဘာမသိညာမသိနဲ့ ငှက်တစ်ကောင်ကိုဖမ်းလာပြီး သတ်စားလိုက်လို့ တစ်ရွာလုံးဒုက္ခရောက်ခဲ့ဘူးတယ်။ ရွာထိပ်ကနတ်စင်ကို ကန်တော့ပွဲထိုးပြီးတောင်းပန်မှ ခွင့်လွှတ်ပေးတယ်။ ပြီးတော့ သူစောင့်ရှောက်ထားတဲ့ကျေးငှက်တိရိစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်တာမျိုးမလုပ်ဖို့ နောက်ဆုံးအကြိမ်သတိပေးလိုက်တယ်ဆိုပြီး အိပ်မက်ပေးခဲ့တယ်ဗျ။
အဲဒီလိုပြောလိုက်ပြီးတော့ လက်အုပ်ချီ မျက်စေ့စုံမှိတ်လိုက်ရင်းပါးစပ်ကလည်း တစ်ခုခုကိုရွတ်ဆိုနေတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး ဘာအသံမှမကြားအောင် တိတ်ဆိတ်နေတယ်။ ခဏကြာတော့ လူဆိုးရဲ့လက်ထဲက ငှက်ကလေးဟာ မိုးကောင်းကင်ထဲကို ပျံသွားတယ်ကွယ်။
အဘိုးပြောပြသည့်ပုံပြင်သည် ဤမှာပင်ပြီးဆုံးသွား၏။ သတ္တိရှိရှိနဲ့ပြန်ပြောလိုက်တဲ့လူငယ်က အဘိုးပဲမဟုတ်လားဟုမေးလိုက်သော်လည်း အဖြေမပေးဘဲ ကျွန်တော့်ကိုပြုံး၍ကြည့်နေသည်။ ပြီးမှ လူငယ်ကလေးက အဘိုးဟုတ်မဟုတ်ဆိုတာက အရေးမကြီးပါဘူးကွယ်။ ဘိုးဘိုးးက မြေးအတွက်ပုံပြောသူလို့ပဲဆိုကြပါစို့ဟု ပြောလိုက်သည်။ အဘိုးကို ကျွန်တော်ငေးကြည့်နေမိသည်။
ယခုတော့ အဘိုးမရှိတော့ပြီဖြစ်သော်လည်း သူပြောခဲ့သည့်ပုံပြင်ကိုတော့ သတိရနေဆဲ။ ကျွန်တော့်မှာ တွေးစရာတွေရှိလာခဲ့သည်။ အဘိုးသည် ဘယ်လိုကြောင့် သည်အကြောင်းကိုပြောပြခဲ့ရတာလဲ။ ကျွန်တော့်အတွက် ပဟေဠိတစ်ခုလိုကျန်ရစ်ခဲ့သလို ဖြန့်ထွက်တွေးစရာတွေက များလှသည်။ထိုစဥ်တုန်းကတော့ ကလေးမို့ ထွေထွေထူးထူးမစဥ်းတတ်။ သေမှာကိုမကြောက် ရဲရဲဝံ့ဝံ့ပြောသည့်လူငယ်ကလေးကို သဘောကျသည်။ ပြီးတော့လူဆိုးလက်ထဲကငှက်ကလေးလွတ်သွား၍ ပျော်သွားခဲ့ရသည်။
အချိန်ကာလတွေ တဖြေးဖြေးကုန်ဆုံးသွားခဲ့သည်။ ခေတ်တွေပြောင်းလဲသွားသည်။ ကြုံတွေ့ဖြတ်သန်းခဲ့ရသည့်အဖြစ်အပျက်တွေကများစွာ။ မည်သို့ပင်ကြုံတွေ့ခဲ့ရသည်ဖြစ်စေ ဖြစ်ပျက်သမျှအားလုံး၏အနှစ်သာရဖြစ်သည့် တရားကိုယ်ကို ရှာတွေ့ဖို့ပဲအရေးကြီးသည်။ မိုးကောင်းကင်မှာငှက်ကလေးတွေပျံသန်းနေကြသည်။ တစ်ရက်တော့ ကျွန်တော့်မြေးကလေးတွေကို ပုံပြင်တစ်ပုဒ်လောက်ပြောပြရဦးမည်။ ရှေ့မျိုးဆက်မှ နောက်မျိုးဆက်သို့ လက်ဆင့်ကမ်းပြောပြစရာပုံပြင်တွေကလည်း များလှသည်။
ညိုထွန်းလူ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar