မောင်ထိုက်အောင် - နှင်းတွေအောက်မှာ
(မိုးမခ) နို၀င်ဘာ ၂၆၊ ၂၀၂၁
အဝတ်လို့ယူဆရတဲ့ အဝတ်တစ်ခုဟာ
သံဆူးရိုးပေါ် တဖျတ်ဖျတ်လူးလို့
ဆံပင်တွေ တူးခြစ်နေ
တရားမဝင်ကစားကွင်းထဲက တွင်းနက်နက်ကြီးရှေ့မှာ
ကလေးတစ်စုဟာ အတွေးနက်နက်တူးလိုက်တယ်။
မျက်တွင်းဟောက်ပက်နဲ့
လက်သီးတွေရဲ့ တဖျစ်ဖျစ်မြည်သံ
အစီခံတွေဟာ သမိုင်းအထောက်အထားပါပဲ
ထောင့်မကျိုးတဲ့ နေ့တွေရဲ့
ထောင့်ချိုးမှာ နှလုံးသားဝိဉာည်ကို မှိုင်းဝအောင်တိုက်ဖို့
နေသာထိုင်သာ ရှိဖို့
ရေခံမြေခံမတူတဲ့ အမှောင်တွေရဲ့
ဘေးထွက်ဆိုးကျိုးအရောင်ကတော့ အတူတူပဲမဟုတ်လား
‘အပြင် ခန’ လို့ ပြောသွားသူတွေ တစ်ချို့ ပြန်ရောက်လာတယ်။
တချို့ ပြန်မလာဘူး
ကြောက်မက်ဘွယ်ရာပါပဲ။
မောင်ထိုက်အောင်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar