ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၁)
ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၁)
(မိုးမခ) နို၀င်ဘာ ၂၆၊ ၂၀၂၁
စိတ်ပျက်စရာတွေ ကြုံရပြီဆိုရင် စိတ်ထိခိုက်မှုတွေ စတင်ခံစားကြရပြီး အဲဒီနောက် စိတ်အားငယ်မှု၊ စိတ်ပျက်မှု၊ အားလျှော့မှုတွေ ဆက်တိုက်ဖြစ်လေ့ရှိပါတယ်။ စိတ်ကသာ အရာရာကို ဦးဆောင်တာမို့ တော်လှန်ရေးတရပ်မှာလည်း အာဏာရှင်တွေ၊ မတရား အုပ်စိုးနေသူတွေက တော်လှန်ရေး အင်အားစုများ ချည့်နဲ့အောင် စိတ်ဓာတ်စစ်ဆင်ရေးကို ပိုမိုအသုံးချလေ့ရှိပါတယ်။ ဒါတွေကို သတိပြုမိဖို့နဲ့ ကမ္ဘာပေါ်က အခက်အခဲ အတွေ့အကြုံများကို သိစေချင်လို့ ဒီစာစုကို စတင်ရေးသားခြင်း ဖြစ်ပါတယ်။ ပညာမဲ့တွေအုပ်စိုးတာမခံရဖို့ ပညာတတ်ဖို့၊ စာဖတ်ဖို့ လိုပါတယ်။ ကျွန်ပညာရေးကို မလိုလားသူမှန်သမျှအတွက် လောကကြီးထဲမှာ သင်လို့မကုန်၊ လေ့လာလို့မကုန်တဲ့ ပညာတွေ ရှိနေကြောင်းပါ။
အဆိပ်ခွက်ကိုင်ရင်း ကိုယ်ကျင့်တရားအကြောင်း မှာကြားနေတဲ့ ဆိုခရေးတီးစ်
ခေါင်းစဥ်အကြောင်းက စပြောပါမယ်။ ငါတို့မှာ ငါတို့ပဲရှိတယ် မဟုတ်ပါဘူး။ "ငါတို့မှာ ငါတို့ရှိတယ်" ဖြစ်ပါတယ်။ ရေတဝက်ရှိတဲ့ခွက်ကို ရေတဝက်ပဲရှိတယ်လို့ တွေးမယ့်အစား ရေတဝက်တောင်ရှိတယ်လို့ တွေးခြင်းမျိုးပါ။ ငါတို့အားလုံးမှာ ခံယူချက်တူ၊ ရည်မှန်းချက်တူ ငါတို့တွေရှိနေတယ်လို့ ခံယူထားရင် အဲဒီစိတ်ဓာတ်အင်အားက တော်လှန်ရေးအဆုံးထိ ခရီးဆက်နိုင်မှာပါ။
ကမ္ဘာပေါ်က တော်လှန်ရေးတိုင်း လူအားလုံး တညီတညွတ် ပါဝင်ခဲ့တာမဟုတ်ပါဘူး။ ဆန့်ကျင်ဘက် အင်အားစုတွေ၊ အလိုတော်ရိတွေ၊ နှစ်ဖက်ချွန်တွေရှိသလို ပညာမဲ့၊ အသိဉာဏ်မဲ့တွေနဲ့ အချောင်သမားတွေပါခဲ့ကြတာ ငြင်းလို့မရပါ။ ဒီလိုအနေအထားနဲ့ အခြားသောအခြေအနေများကြောင့် တော်လှန်ရေးအောင်မြင်မှုအတိုင်းအတာတွေ ကွဲပြားတာဖြစ်ပါတယ်။
တော်လှန်ရေးဆင်နွှဲတာမပြောနဲ့ ကိုယ့်ရဲ့အယူအဆ အတွေးအခေါ်ကိုတောင် လွတ်လွတ်လပ်လပ် ပြောခွင့်မရခြင်းတွေ၊ အယူအဆကို အသက်နဲ့လဲလိုက်ရတဲ့မှတ်တမ်းများလည်း ဒုနဲ့ဒေးပါ။ ဂရိအတွေးအခေါ်ပညာရှင် ဆိုခရေးတီးစ် (ဘီစီ ၄၆၉-၃၉၉) ကို နမူနာပြချင်ပါတယ်။ သူဟာ တော်လှန်ရေးသမား၊ နိုင်ငံရေးခေါင်းဆောင်မဟုတ်ပါဘူး။ ကိုယ်ကျင့်တရားကို လေ့လာစိစစ်သူ၊ အမှန်တရားရှာဖွေသူသာ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကို သိအောင် ဆန်းစစ်ခြင်းဖြစ်ပါတယ်။
သူ့ရဲ့အယူအဆက "ပညာရှိရင် သီလရှိတယ်" ဆိုတဲ့အယူအဆပါ။ သူကိုယ်တိုင်က မတရားမှု မပြုသလို တခြားသူတွေရဲ့ ပြုမူနေထိုင်ပုံတွေက ဘယ်လောက်ထိ လမ်းလွဲနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လူတွေဟာ ပင်ကိုကဆိုးသွမ်းတဲ့ မျိုးစေ့ မရှိဘဲ မသိနားမလည်မှုကို အခြေခံပြီး ဆိုးသွမ်းမှုဖြစ်တယ်၊ ပညာ ဗဟုသုတပေါ်မှာ မူတည်ပြီး ကိုယ်ကျင့်တရား ကောင်းခြင်း ဆိုးခြင်းဖြစ်ပေါ်တယ်လို့ ဆိုခရေးတီးစ်က ယုံကြည်ပါတယ်။
ကိုယ်ကျင့်တရားကောင်းမွန်ဖို့ တိုက်တွန်းသူကို ဒီအယူအဆနဲ့ ဖီလာဖြစ်နေတဲ့ ဘယ်အုပ်စိုးသူလူတန်းစားကမှ လက်မခံတာ သံသယဖြစ်စရာ မရှိပါ။ ဒီတော့ အေသင်အစိုးရက သူ့ကို အငြိုးထား အမုန်းပွားတာပေါ့။ အစိုးရ အစုတ်နဲ့ ပြည်သူပညာမဲ့တွေ များတော့ ထုံးစံအတိုင်း လူငယ်တွေကို ဖျက်ဆီးနေပါတယ်၊ ဘာသာတရားကို စော်ကားနေပါတယ်ဆိုပြီး စွပ်စွဲ၊ အပြစ်ရှိတယ်လို့ စီရင်၊ သေဒဏ်ချမှတ်လိုက်ပါတော့တယ်။
ယုံကြည်ချက်အတွက် အဆိပ်ခွက်ကို ကိုယ်တိုင်သောက်ရင်း အသက်ပေးသွားခဲ့တဲ့ ဆိုခရေးတီးစ်က အတွေးအခေါ် အသိအမြင် လမ်းဖောက်ခဲ့သူမို့ ဒီကနေ့ထိ သူ့နာမည် ထင်ရှားဆဲဖြစ်တာပါ။ ဒါတောင် သူက သူ့ရဲ့ အယူအဆ အတွေးအခေါ်တွေကို စာပေအဖြစ် ရေးသားခဲ့တာမဟုတ်ဘဲ ပလေတိုအပါအဝင် သူ့တပည့်တွေက ပြန်လည်ဖြန့်ဝေခဲ့တာပါ။
ဂယ်လီလီယို
အယူအဆနဲ့ပတ်သက်ပြီး တရားစွဲခံရသူ နောက်တစ်ဦးက အီတလီနိုင်ငံသား ဂယ်လီလီယို (၁၅၆၄-၁၆၄၂) ဖြစ်ပါတယ်။ ရှေးရိုးစွဲ ခရစ်ယာန်ကျောင်းတော်တွေက သြဇာကြီးနေချိန်မှာ အများလက်ခံထားတဲ့အယူအဆနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့လို့ပါ။ ပိုလန်နိုင်ငံသား နီကိုလပ်စ် ကောပါးနီးကပ်စ်(၁၄၇၃-၁၅၄၃) ရဲ့အယူအဆဖြစ်တဲ့ "နေကို ကမ္ဘာက လှည့်ပတ်နေသည်" ဆိုတဲ့ အယူအဆကို ထောက်ခံ ရေးသားပြောဆိုခဲ့တဲ့အတွက် ရောမ တရားရုံးက စွဲချက်တင် အမှုဖွင့်ပါတယ်။ စီရင်ချက်အဖြစ် နေအိမ်အကျယ်ချုပ်နဲ့ သူ့ရဲ့ ပြောဆိုချက်ကို လူသိရှင်ကြား ပြန်လည်ရုပ်သိမ်းပေးရမယ်လို့ အမိန့်ချခဲ့ပြီး တရားရုံးမှာပဲ ဝန်ခံစေခဲ့ပါတယ်။
အမှန်တရားကိုတောင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုဖို့ ဒီလောက် ရင်းနှီးပေးဆပ်ခဲ့ရတဲ့အဖြစ်တွေ ရှိခဲ့တယ်ဆိုတော့ တော်လှန်ရေးကြီးတစ်ခု ပြီးမြောက်ဖို့၊ အောင်မြင်ဖို့ ဘယ်လောက် စိတ်ဓာတ်အင်အားတွေ မွေးမြူကြရမလဲဆိုတာ တွက်ဆထားရပါလိမ့်မယ်။ ကိုယ်ဟာ အများအတွက်၊ အများနဲ့အတူ ရှိနေမယ်ဆိုရင် ကိုယ်တစ်ယောက်တည်း ရှိမနေဘူးဆိုတာ ထင်ထင်ရှားရှား မြင်လာပါလိမ့်မယ်။
"ငါတို့မှာ ငါတို့ရှိတယ်" ဆိုတာ အလကားမဟုတ်ပါ။ ဒီအင်အားက အရာရာကို ကျော်လွှားနိုင်ပါလိမ့်မယ်။ မနက်ဖြန်တိုင်းမှာ နေ့သစ်တွေရှိပါတယ်၊ ပန်းတွေ ပွင့်ပါတယ်၊ လေပြည်အေးတွေ ရှိပါတယ်။ အမှောင်တွေကို ကျော်လိုက်တာနဲ့ နေ့သစ်ကိုရောက်ပါတယ်။
ထိန်လင်း
၁၈၊ ၁၁၊ ၂၀၂၁
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar