Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၁၈ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၁၈ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၂၁ 

• ကျေးလက်တိုက်ပွဲ၊ မြို့ပြပျောက်ကျားနဲ့ ပံ့သကူ ကောက်သူများ 
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ကြတဲ့ ဆန္ဒပြမှုတွေ၊ လုံထိန်းရဲနဲ့ စစ်သားတွေမဝင်နိုင်အောင် မြို့တွင်းမှာ လမ်းတွေ သဲအိတ်နဲ့ပိတ်ဆို့ပြီး ခုခံမှုတွေ၊ နောက်ပိုင်း လက်လုပ်ဗုံး၊ လက်လုပ်သေနတ်၊ တကယ့်သေနတ်တွေနဲ့ ချောင်းမြောင်းပစ်ခတ်မှုတွေ၊ အုပ်ချုပ်ရေးမတည်ဆောက်နိုင်အောင် အုပ်ချုပ်ရေးမှူးရုံးတွေကို မီးတင်ရှို့တာတွေ၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ သတင်းပေးလို့ဆိုသူတွေကို လုပ်ကြံသတ်ဖြတ်တာတွေနဲ့ မကြာခင်ကတော့ လမ်းဆုံလမ်းခွက ရဲကင်းတွေကို ကားနဲ့ပစ်ခတ်ပြီး ထွက်ပြေးတာတွေ တဆင့်ပြီးတဆင့် ပြောင်းလဲလာခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကယား၊ ချင်းပြည်နယ်တွေက ကျေးရွာတွေမှာဆိုရင်လည်း PDF တပ်ဖွဲ့တွေဖွဲ့ပြီး စစ်ကောင်စီတပ်တွေကို ဆက်သွယ်ရေးလမ်းတွေမှာ စောင့်မိုင်းခွဲတိုက်ခိုက်တာတွေ ရဲစခန်း ကင်းစခန်းတွေကို ပစ်ခတ်တာ၊ ဝင်စီးတာတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ 

ကျေးလက်တွေ နယ်မြို့တွေ တိုင်းရင်းသား ဒေသတွေရဲ့ တိုက်ပွဲပုံစံနဲ့ ရန်ကုန် မန္တလေးလို လူဦးရေများတဲ့မြို့ပေါ်က တိုက်ပွဲပုံစံကမတူကွဲပြားကြတာလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်မှု၊ ခုခံမှု၊ လက်နက်ကိုင်တိုက်ပွဲ စတဲ့ အသွင်သဏ္ဍာန် အဆင့်ဆင့်ပြောင်းလဲလာခဲ့တာဟာ နိုင်ငံရေး ဖြစ်စဥ် အဆင့်ပြောင်းလဲလာတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

နိင်ငံရေးအရ ဆန့်ကျင်ဘက်ဖြစ်တဲ့ စစ်အာဏာရှင်တွေကို အကြမ်းမဖက်ဆန္ဒပြတဲ့အဆင့်ကနေ လပိုင်းအတွင်းမှာ ခုခံမှုပိတ်ဆို့မှုအဖြစ်ပြောင်းလဲခဲ့ပြီး လအနည်းငယ်အကြာမှာတော့ လက်နက်ကိုင်တိုက်ပွဲလမ်းစဥ်ကို ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ 

ဒီဖြစ်စဥ်ကိုလေ့လာတဲ့အခါ နိုင်ငံရေးဦးဆောင်မှုက တချို့သောအခြေအနေမှာ ရှေ့ကသွားတာတွေ့ရပေမယ့် အချို့သောအခြေအနေတွေမှာတော့ အဖြစ်အပျက်က သူ့သဘောနဲ့သူဖြစ်ပွားလာပြီးနောက်မှ ဦးဆောင်မှုက လိုက်တဲ့သဘောလည်း တွေ့မြင်ရပါတယ်။ 

စစ်အာဏာသိမ်းပြီးပြီးချင်း ပထမသီတင်းပတ်မှာ နိုင်ငံရေးအင်အားစုတွေဘက်က တုံ့ပြန်မှု ဦးဆောင်မှု ထွက်ပေါ်လာတာမရှိပဲ လူထုလှုပ်ရှားမှု အရပ်ဖက်အဖွဲ့အစည်းတွေက စတင်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာမှ စီအာရ်ပီအိတ်ချ်လို ကိုယ်စားပြုကော်မတီဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အလားတူပဲ တိုင်းရင်းသားတွေဒေသတွေ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရှိတဲ့ဒေသတွေ နယ်မြေတွေမှာလည်း နိုင်ငံရေးအင်အားစုတွေက ဦးဆောင်ဆန့်ကျင်ကြတာမျိုး မပေါ်လွင်ပဲ အရပ်ဖက်အဖွဲ့အစည်းတွေက စတင်လုပ်ဆောင်ခဲ့ကြတာကို ချင်းပြည်နယ်နဲ့ ကယားပြည်နယ်ဥပမာတွေကြည့်ရင် ထင်ရှားပါတယ်။ 

နိုင်ငံရေးအရ ရှေ့ဖြစ်နိုင်ချေကိုကြိုတင် မှန်းဆပြီးပြင်ဆင်ထားနိုင်ဖို့ ကြိုတင်ဆွေးနွေးထားနိုင်ဖို့ တိုက်ပွဲရဲ့ ရလဒ်နဲ့ပတ်သက်တဲ့ ခွဲဝေမျှဝေ ခံစားမှုပိုင်းကိုလည်း သဘောထားကြီးစွာ၊ မျှတစွာဖြစ်ဖို့ အခြေခံအာမခံချက်တွေ နားလည်သဘောတူညီမှုတွေရှိထားဖို့က နိုင်ငံရေးဦးဆောင်အဖွဲ့အနေနဲ့ အရေးကြီးတဲ့ တာဝန်လို့ထင်ပါတယ်။ 

အခုရက်ပိုင်းဖြစ်ပွားနေတဲ့ ပီဒီအက်ဖ်တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေ၊ မြို့ပေါ်က ပျောက်ကျားအဖွဲ့ဝင်တွေ ဖမ်းဆီးခံနေရတာတွေ၊ ရန်ကုန်ကမြို့ပေါ်ပျောက်ကျားကို ကြိုးကိုင်တယ်လို့ စစ်ကောင်စီကပြောဆိုတဲ့ ကိုဇေယျာသော် အဖမ်းခံရတာတွေနဲ့ပတ်သက်လို့လည်း အသေအချာ ပြန်သုံးသပ်ပြီး မဟာဗျူဟာအရ နည်းဗျူဟာအရ ပြန်ပြင်ဆင်တာတွေ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ လိုအပ်ကောင်း လိုအပ်မှာ ဖြစ်ပါတယ်။ 

အခုလို တိုက်ပွဲတွေဖြစ်နေချိန် သေဆုံးသူတွေသေဆုံးကြရချိန် ပျောက်ကျားအဖွဲ့ဝင်တွေ ဖမ်းခံရချိန် တန်ဆောင်မုန်းလပြည့် အခါသမယ ဘုရားသွားသူ လည်ပတ်သူ ညဘက် လမ်းမကြီးတွေပေါ်မှာပံ့သကူ ကောက်ဖို့ လူစုလူဝေးနဲ့ စောင့်ဆိုင်းနေကြတဲ့ ဓါတ်ပုံတွေနဲ့ အပြစ်တင်နေကြတာမျိုးလည်း လူမှုကွန်ရက်တွေမှာ တွေ့မြင်ကြရပါတယ်။ ကိုယ်တွေခံစားတဲ့အခြေအနေနဲ့ လူတွေထဲက အခုလို ဘုရားဖူးလည်ပတ်သူ၊  ​ပံ့သကူကောက်သူတွေကို ဒီအချိန်မှာ တော်လှန်ရေးကို အလေးအနက်မထား ပျော်ရွှင်နေကြလားလို့ အပြစ်တင်ရုံ ဆဲဆိုရုံနဲ့ စည်းရုံးရေးက အောင်မြင်မှာမဟုတ်ဘူးလို့ထင်ပါတယ်။ ရေရှည်လာတဲ့တိုက်ပွဲမှာ လူတွေထောက်ခံမှု ကူညီမှုအားပေးမှုလည်း လိုအပ်သလို လူအများရဲ့ အသက်ရှင်နေထိုင် ရှင်သန်နေဖို့ စီးပွားရေးအရ စိတ်ဓါတ်ရေးအရ ရှင်သန်နိုင်ဖို့ကိုလည်း နားလည်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ 

နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်နိုင်မှုက အသိ၊ ယုံကြည်မှု မိမိရဲ့မိသားစုစီးပွားရေး စတဲ့ အခြေအနေတွေအရ တယောက်နဲ့တယောက် မတူညီကြတာကို နားလည်ပေးရမှာ ဖြစ်ပါတယ်။ အဓိကကတော့ ဆန့်ကျင်ဘက်ကို နိုင်ငံရေးအရ ထောက်ခံသွားတာမဖြစ်ဖို့ အနိမ့်ဆုံး ကြားနေနေပေးနိုင်ရင်ကိုပဲ တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေတယ်လို့ နားလည်ပြီး စည်းရုံးရမယ်လို့ ထင်မြင်မိပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar