Breaking News

လှကျော်ဇော - သမီးလေးတို့ရဲ့အနာဂတ်မှာ စစ်မတိုက်ကြရအောင်လို့

လှကျော်ဇော - သမီးလေးတို့ရဲ့အနာဂတ်မှာ စစ်မတိုက်ကြရအောင်လို့ 
(မိုးမခ) နို၀င်ဘာ ၁၉၊ ၂၀၂၁

၂၀၂၁ ခုနှစ်ဟာ တရုတ်ကွန်မြူနစ်ပါတီ ထူထောင်တာနှစ် (၁၀၀) ပြည့်ပါတယ်။ ဒီတော့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးပညာပေးကားတွေ အများကြီးထွက်လာပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးစွန့်စားသွားတဲ့ သူရဲကောင်းပါတီဝင်တွေအကြောင်းတွေလည်း ပါတယ်။ ပါတီဝင်တွေ ပါတီရဲ့လမ်းညွှန်မှုအောက်မှာ ပါတီလုပ်ငန်းစဉ်တွေကို သက်စွန့်ဆံဖျားလုပ်ဆောင်ကြတဲ့ အကြောင်းအရာတွေလည်းပါတယ်။ ဒီအထဲမှာ ၁၉၅၀-၅၃ ခုနှစ် အတွင်းကတိုက်ခဲ့ရတဲ့ ကိုးရီးယားစစ်ပွဲအကြောင်းတွေက ရေပန်းအစား ဆုံးဖြစ်လာနေတယ်။

အောက်တိုဘာ (၁) ရက်နေ့ နိုင်ငံတော်တည်ထောင်တာ (၇၂) နှစ်မြောက် အထိမ်းအမှတ်ရုံတင်လာတဲ့ ချန်ကျင်းကန် တိုက်ပွဲ (Battle of Lake Changjin) ဟာ ဝင်ငွေစံချိန်ကျိုးသွားပါတယ်။ အခုမကြာခင် အနောက်နိုင်ငံများအပါအဝင် နိုင်ငံ (၂၀) ကျော်မှာလည်း ရုံတင်ပြသတော့မယ်လို့ ကြားရပါတယ်။

၁၉၅၀ နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ၁၃ ရက်နေ့အထိ အလွန်ပြင်းထန်သည်းသန်လှတဲ့ (၁၇) ရက်ကြာတိုက်ပွဲရလဒ်ဟာ အလွန်ထူးခြားပါတယ်။ ၃ နှစ်ကျော်တိုက်ရတဲ့ တိုက်ပွဲကြီးရဲ့သေနင်္ဂဗျူဟာအလှည့်အပြောင်းကြီးကို ဖြစ်ပေါ်စေခဲ့ပါတယ်။

အခု တရုတ်က ရိုက်လိုက်တဲ့တိုက်ပွဲကားမှာတော့ အဲဒီတိုက်ပွဲစဉ်ကြီးတခုလုံးကိုရိုက်တာမဟုတ်ပဲ၊ စစ်မျက်နှာတဘက်မှာ တာဝန်ကျတဲ့ တပ်ခွဲတခွဲရဲ့ အခန်းကဏ္ဍကိုသာ အသေးစိတ်ရိုက်ပြထားတာပါ။ ၁၉၄၉ ကူမင်တန်တွေကို တရုတ်ပြည်မကြီးကနှင်ထုတ်အပြီး နောက်ဆုံးတိုက်ပွဲကြီးတွေမှာ ပါဝင်ခဲ့ဖူးတဲ့ တပ်ခွဲတခွဲ နားထားရာကပြန်ခေါ်ပြီး ကိုးရီးယားစစ်မြေပြင်မှာပါ ဝင်တိုက်ရတဲ့ဇာတ်လမ်းပါ။

အဲဒီကားက ဇာတ်ဝင်ခန်းတခန်းအကြောင်းပြောပြချင်ပါတယ်။

အဲဒီတပ်ခွဲက နောက်နေ့ အလွန်ပြင်းထန်တဲ့တိုက်ပွဲတပွဲ တိုက်ဖို့ပြင်ဆင်အပြီး၊ တပ်ခွဲကေဒါတွေ စကားစမြည်ပြောတဲ့အခန်းပေါ့။ တပ်ခွဲနိုင်ငံရေးမှူးက သူ့ယူနီဖောင်းအပေါ်အိတ်ထဲက သူ (၅) နှစ်ရွယ် သမီးလေးပုံထုတ်ပြပြီး ဒီလိုပြောတယ်။ 

သမီးလေးနဲ့ရင်းနှီးစပဲရှိသေးတယ်။ အခုတခါထပ် စစ်တိုက်ဖို့ထွက်ရဦးမယ် ... ဆိုတော့ သမီးလေးကမေးသတဲ့။
... အို ဖေဖေကြီးက ဘာလို့စစ်သွားတိုက်ရဦးမှာလဲ .... တဲ့။

ဒီတော့ကျွန်တော်က .... သမီးလေးတို့နောင်ကြီးလာရင် စစ်မတိုက်တော့ရဘဲ ကျောင်းစာတွေကောင်းကောင်းသင်ရအောင်လို့ ပြောပြခဲ့တယ် ... တဲ့။

ဒီတော့ နွေဦးတော်လှန်ရေးစခါစက သတင်းကွန်ရက်မှာပျံ့နှံ့ခဲ့တဲ့ဓာတ်ပုံလေးတပုံကို သတိရလိုက်မိပါတယ်။ ဒါကြောင့် အဲဒီပုံလေးကို ဒီဆောင်းပါးနဲ့ တွဲတင်လိုက်ပါတယ်။ တကယ်တော့ ဒီကိုးရီးယားစစ်ပွဲကြီးကို တရုတ်တွေက မတိုက်ချင်ခဲ့ပါဘူး။ သူတို့မှာက လွတ်မြောက်ပြီးတာ (၁) နှစ်ပဲရှိသေးတာ။ မလွတ်မြောက်သေးတဲ့ဒေသတွေလည်း ရှိသေးတယ်။ အနောက်မြောက် ဒေသတွေဖြစ်တဲ့ တိဘက်တို့၊ စင်ကျန်တို့ကျန်နေသေးပြီး၊ အရှေ့ဘက်မှာလည်း ဟိုင်နန်ကျွန်းပဲတက်သိမ်းနိုင်ပြီး ထိုင်ဝမ်ကျန်နေပါသေးတယ်။

တရုတ်ကွန်မြူနစ်အစိုးရရဲ့ယန္တာရားကလည်း ကောင်းကောင်းမလည်ပတ်သေးဘူး။ စီးပွားရေးကလဲ ချွတ်ခြုံကျနေပြီး သူခိုးဓားပြဂိုဏ်းတွေကလည်း ပေါ၊ ကူမင်တန်တပ်ကချန်ထားခဲ့တဲ့ သူလျှိုဒလန်တွေရဲ့ အဖျက်အမှောင့်လုပ်ငန်းကွန်ရက်တွေ (ဥပမာ နိုင်ငံတော်နေ့ (၁) နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကျင်းပတဲ့ ထင်အန်မင်ကို ကူမင်တန်သူလျှိုတွေက ဗုံးဖောက်ခွဲမဲ့အစီအစဉ်တွေ အချိန်မီရုံလေးဖြေရှင်းလိုက်နိုင်တာမျိုး) စတာတွေ လုပ်စရာတွေကတပုံကြီး။

ဒါ့ကြောင့် တရုတ်ပါတီထိပ်တန်းခေါင်းဆောင်တွေအကြားမှာ စစ်မတိုက်ချင်သူကအများစု၊ စစ်ဝင်တိုက်မြှဖစ်မယ်လို့ အဓိကပြတ်သားသူက ဥက္ကဋ္ဌမော်။ မော်က ငါတို့အခုမတိုက်ရင် နောက်မျိုးဆက်တွေတိုက်ရမှာတဲ့။ (မြောက်ကိုးရီးယားခေါင်းဆောင် ကင်အီဆွန်းကလည်း သူတို့တပ်တွေကိုကူညီဖို့တောင်းဆိုမှုပါ နောက်ပိုင်းမှာရှိလာပါတယ်။)

အမေရိကန်မှာကလည်း ထရူမင်းဝါဒခေတ်စားနေပြီး ကွန်မြူနစ်ဆန့်ကျင်ရေး ထိပ်တန်းရောက်နေချိန်၊ သူတို့ရဲ့အဓိကရန်သူက ဆိုဗီယက်ယူနီယံဖြစ်ပေမယ့် တရုတ်ကွန်မြူနစ်တွေလက်ထဲ တရုတ်တပြည်လုံးရောက်သွားမှာကိုလည်း ပူပန်နေရချိန်။ ဒီကြားထဲ မြောက်ကိုးရီးယားတပ်များက ကိုးရီးယားကျွန်းဆွယ် တစည်းတပေါင်းတည်းဖြစ်ရေးဆိုတဲ့ ကြွေးကြော်သံနဲ့ တောင်ကိုးရီးယားကို ဝင်သိမ်းလာတာ ကုန်သလောက်ဖြစ်လာနေပါပြီ။ ဒီတော့ ကိုးရီးယားကျွန်းဆွယ်တခုလုံး ကင်အီဆွန်းဦးဆောင်တဲ့ မြောက်ကိုးရီးယားကွန်မြူနစ်တွေအောက်ရောက်သွားတော့မှာ။ ဒီတော့ အမေရိကန်က မြောက်ကိုးရီးယားနောက်မှာ ဆိုဗီယက်တွေပါနေတယ်လို့ပါတွက်ပြီး တောင်ကိုးရီးယားက အမေရိကန်ရုပ်သေး ဆစ်မန်ရီးအစိုးရ ပြုတ်မကျရေးအတွက် ကုလသမဂ္ဂအလံထောင်ပြီး၊ တောင်ကိုးရီးယားကိုဝင်၊ မြောက်ကိုးရီးယားတပ်တွေကို မောင်းထုတ်ပါတော့တယ်။ (တခြားနိုင်ငံ ၁၅ နိုင်ငံကတပ်များလည်း စတိအဖြစ် ပါဝင်ပါတယ်။)

တရုတ်ဝန်ကြီးချုပ်ချိုအင်လိုင်းက ဒီအချိန်မှာ အမေရိကန်တွေကို တောင် -မြောက်ကိုးရီးယားခွဲခြားထားတဲ့  ၃၈ မျဉ်းပြိုင်ကို မကျော်ဖို့၊ ၃၈ မျဉ်းပြိုင်ကိုကျော်ရင် တရုတ်ပြည်က လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ သတိပေးပါတယ်။ ဒီစစ်ဆင်ရေးကိုဦးစီးရတဲ့ အမေရိကန်ဗိုလ်ချုပ်ကြီး ဒေါက်ကလပ် မက်အာသာဟာ ကွန်မြူနစ်ဆန့်ကျင်ရေးအားကြီးပြီး၊ တရုတ်ကွန်မြူနစ်တပ်ကိုလည်း အလွန်အထင်သေးပါတယ်။

မော်စီတုန်းတပ်သားတွေဟာ စာမတတ်ပေမတတ် လယ်သမားတွေ၊ ငါတို့လို စနစ်တကျစစ်ပညာသင်ထားတဲ့၊ ခေတ်မီစစ်လက်နက်မျိုးစုံတပ်ဆင်ထားတဲ့ (Professional Army) သူတွေနဲ့ ယှဉ်နိုင်မလားတဲ့။(သူ့စိတ်ထဲမှာ တရုတ်တွေ ကိုးရီးယားတွေအတွက် တကယ်တမ်း ဝင်တိုက်ပေးမယ်လို့လည်း မထင်ဘူး။) 

ပြောလဲပြောစရာပဲ။ ကုလတပ်အမည်ခံ အမေရိကန်မရိမ်းတပ်ကြီး ၁၉၅၀ အောက်တိုဘာလဆန်းမှာ ကိုးရီးယားအရှေ့ကမ်းအနောက်ကမ်း (၂) ဖက်ပြိုင် တူတက်ပြီး တပတ်မပြည့်ခင် မြောက်ကိုးရီးယားတပ်တွေကို မောင်းထုတ်ပစ်နိုင်ရုံမက ၃၈ မျဉ်းပြိုင်ကိုကျော်ကာ တရုတ်နဲ့မြောက်ကိုးရီးယားနယ်စပ်၊ ယာလူးမြစ်ပတ်ဝန်းကျင်အထိရောက်ရှိလာပြီး အဲဒီတရုတ်နယ်စပ်ဒေသတွေကို ဗုံးကြဲတိုက်ခိုက်လာပါတော့တယ်။ ဒါ့အပြင် မက်အာသာက ခရစ်စမတ်အမီ ပြုံယန်းကိုသိမ်းပြီး ကိုးရီးယားကိုပေါင်းစည်းပေးမယ်လို့ ကြွေးကြော်လာပါတယ်။ ဒီတင် တရုတ်ဗော်လံတီယာတပ်တွေ သိန်းနဲ့ချီ ယာလူးမြစ်ဖြတ်ဝင်လာပြီး ကိုးရီးယားစစ်ပွဲနွှဲပါတော့တယ်။ တရုတ်နဲ့အမေရိကန်တွေ အဲဒီအချိန်မှာရင်ဆိုင်တိုက်ရတော့တာပါပဲ။

အခုရိုက်ထားတဲ့ရုပ်ရှင်ရဲ့အခြေခံ ချင်ကန်းရေကာတာပတ်လည် (ဝါ) ချင်ကန်းကန်ကြီးတဝိုက် စစ်ဆင်ရေးကြီးဟာ အလွန်နံမည်ကြီးပါတယ်။ ၁၇ ရက်ကြာစစ်ဆင်ရေးကြီးအပြီးမှာတော့ အမေရိကန်တပ်တွေ ၃၈ မျဉ်းပြိုင်နောက် ဆုတ်သွားရပြီး အဲဒီအချိန်ကစလို့ မြောက်ကိုးရီးယားကို သိမ်းပိုက်ရေးအကြောင်း ပြောသံမကြားရတော့ပါဘူး။ သေနင်္ဂဗျူဟာအပြာင်းအလဲကို ဖြစ်သွားရပါတော့တယ်။ တရုတ်အတွက်ရော၊ တရုတ်တွေအတွက်ကတော့ စိတ်ဓာတ်ရေးရာအရ အလွန်အားတက်ဘွယ်နည်းဗျူဟာ အောင်မြင်မှုပါ။

တရုတ်တပ်က ဝင်လို့သာဝင်ရတာ ဖက်ပေါင်းစုံက ချို့တဲ့အားနည်းပါတယ်။ စစ်လက်နက်အင်အားမယှဉ်သာအောင် ကွာပါတယ်။ အဝတ်အစား၊အစားအသောက် ဘာမှမဆိုင်ပါဘူး။ ဒီရုပ်ရှင်ကားထဲမှာ တချို့အခန်းတွေဟာ အလွန်စိတ်ထိခိုက်ဖွယ်ပါ။

ဥပမာ 
(၁) ။ ယာလူးမြစ်ကမ်းဘေးမှာရပ်ထားတဲ့ (တရုတ်စစ်သားအပြည့်တင်ထားတဲ့) ရထားတွဲတွေ အမေရိကန်လေယာဉ်တွေ လာဗုံးကြဲတော့ အတင်းမောင်းပြေးရပါတယ်။ အဲဒီရထားပေါ်က စစ်သားတွေမှာ ဆောင်းရာသီဝတ် အနွေးထည်တွေမပါဘူး။ ဒီတော့ ဘူတာရုံက တခြားလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ရဲဘော်တွေက ရထားဘေးကအပြေးလိုက်ပြီး သူတို့ဝတ်ထားတဲ့အနွေးထည်တွေချွတ်ပြီး ရထားတွဲပေါ်ပစ်တင်ပေးတဲ့အခန်းတွေ၊

(၂) ။ Thanksgiving နေ့ ညစာစားပွဲကျင်းပနေတဲ့ အမေရိကန်တပ်တွေ အစားအသောက်မျိုးစုံ (ကြက်ဆင်ကောင်လုံးကျော်တွေ၊ အရက်ယမကာမျိုးစုံ) နဲ့ တပျော်တပါးစားသောက်နေစဉ်၊ အဲဒီစခန်းကိုတိုက်ဖို့ နှင်းတောတွင်း စောင်အဖြူတွေခြုံ၊ တနေ့လုံးဝပ်ပြီး ဝိုင်းထားတဲ့ တရုတ်တပ်တွေ တနေ့လုံးအတွက် အေးခဲနေတဲ့ အာလူးမီးဖုတ်တလုံးစီကို ဘေးကနှင်းခဲတွေကောက် ရောမြိုချရတဲ့အခန်းတွေ စတာတွေပါပါတယ်။

တကယ်တော့ ဒီတိုက်ပွဲမှာ တရုတ်တွေရဲ့ သေကျေဒဏ်ရာရသူစာရင်းဟာ အလွန်များပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဇတ်ဆောင်ဖြစ်တဲ့ တပ်ခွဲဟာ  တပ်သားမှတ်ပုံတင်စာရင်းအရ ၆၀၀ ကျော်ရှိပေမယ့် တိုက်ပွဲအပြီးမှာတော့ လူလေး (၃၀) ကျော်သာ ကျန်ပါတော့တယ်။ နှင်းတောထဲမှာ သွေးခဲပြီးသေဆုံးသူများအပြင်၊ နှင်းကိုက်လို့ ခြေတွေလက်တွေ ဖြတ်ပစ်ရသူတွေလဲ အများအပြားပါ။

ဒါပေမဲ့ တရုတ်တွေအတွက် ဒီတိုက်ပွဲကပေးလိုက်တဲ့သင်ခန်းစာကတော့ စစ်လက်နက်အင်အား ဘယ်လောက်ပဲကွာကွာ၊ သန္နိဋ္ဌာန်ခိုင်ခိုင်မာမာ (တပ်စခန်းတွေကိုထိန်းရာမှာ တယောက်မှမကျန်လည်း နောက်မဆုတ်တဲ့စိတ်ဓာတ်အခြေခံ) နဲ့ ပြည်သူလူထုအကျိုးအတွက်၊ ပြည်သူလူထုရဲ့ထောက်ခံအားပေးမှုအပြည့်နဲ့ နည်းလမ်းပေါင်းစုံရှာလုပ်ဆောင်ရင်ဖြင့် အောင်ပွဲရနိုင်တယ်ဆိုတဲ့ အသိပါ။

ဥပမာ - အမေရိကန်တပ်များဟာ လေကြောင်းအကာအကွယ်ရမှ၊ လက်နက်ကြီးအကူရမှ စစ်တိုက်နိုင်ကြတာ၊ (ဒါကအမေရိကန်ရဲ့အားနည်းချက်) ဒီတော့တရုတ်တပ်များက (သူတို့တပ်ရဲ့အားသာချက်ဖြစ်တဲ့) ညတိုက်ပွဲတွေ၊ အနီးကပ်ချုံခိုတိုက်ပွဲတွေနဲ့ တိုက်ပွဲခွင်ဖော်ပြီး အမေရိကန်တပ်တွေကိုချေမှုန်းနိုင်တာ။ အမေရိကန်စခန်းတွေက သိမ်းပိုက်မိတဲ့ လက်နက်တွေ၊ အမြောက်တွေ၊ သံချပ်ကာကားတွေကို တိုက်ပွဲတွင်းမှာပဲ ကိုင်တတ်၊ ပစ်တတ်၊ မောင်းတတ်အောင်သင်ပြီး ပြန်အသုံးချနိုင်ခဲ့ကြတယ်။

နောက်ဆုံးခန်းကတော့ အထွဋ်အထိပ်ပဲ။ အဲဒီ တရုတ်တပ်ခွဲရဲ့ပြင်းထန်လှတဲ့ တိုက်ခိုက်မှုကိုခံရတဲ့ အမေရိကန် အမှတ် (၁) မရိမ်းတပ်မကြီးရဲ့ ဗိုလ်ချုပ်စမစ်ဟာ (သူတို့အဆို အုပ်စီးမပျက်အောင်မြင်စွာ) ဆုတ်ခွာတဲ့ခရီးလမ်းတနေရာမှာ သူ့အတွင်းရေးမှူးက ဗိုလ်ချုပ်ရယ်၊ ကားပေါ်က ခဏဆင်းပြီး၊ ကြည့်ပါဦးလို့ ဆိုလာလို့၊ လမ်းဘေးတနေရာကိုဆင်းကြည့်တာ တရုတ်တပ်သားတချို့ နှင်းတောထဲမှာ လက်က လက်နက်တွေကိုင်ထားလျက် (အသင့်အနေအထားနဲ့) ခဲပြီး ရေခဲရုပ်ထုတွေလိုဖြစ်နေတာတွေ တွေ့လိုက်ရပါတယ်။

ဒီတော့ စမစ်က အလေးပြုလိုက်ပြီး ဒီလောက်စိတ်ဓာတ်ခိုင်မာပြတ်သားတဲ့လူတွေကို ဘယ်စစ်တပ်ကမှ နိုင်အောင်တိုက်နိုင်မှာမဟုတ်ဘူး ... တဲ့။ ဟုတ်ပါတယ်။ အင်အားကြီးမားတဲ့ရန်သူကို တူမီးသေနတ်လို ရရာလက်နက်ကိုင်စွဲပြီး ဘာမထီ စွန့်စား ဇာနည်ဘွားတွေဖြစ်တဲ့ ဗမာပြည် ပြည်သူတွေနဲ့ ဗမာပြည် လက်နက်ကိုင်တော်လှန်ရေးသမားတွေဟာလည်း အဲသလိုပဲ စိတ်ဓာတ်ခိုင်မာသူတွေဆိုတာ လက်တွေ့ထဲမှာ ပေါ်လွင်သထက် ပေါ်လွင်လာနေပါပြီ။ စစ်အာဏာရှင်စနစ်အောက်ကို ဘယ်တော့မှ ပြန်မသွားတော့ဘူးလို့ ပိုင်ပိုင်နိုင်နိုင် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်နဲ့ နည်းသဏ္ဌာန်ပေါင်းစုံသုံး တိုက်ပွဲဝင်နေကြတဲ့ ဗမာပြည်သူတွေဟာ နောက်ဆုံးမှာ အောင်ပွဲမုချရရမှာပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar