Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂၇ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂၇ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၂၁ 

◾️ ဆုံးရှုံးသွားတဲ့ လူ့အသက်တွေ၊ ထိခိုက်ဆုံးရှုံးမှုတွေ၊ ပျက်စီးမှုတွေနဲ့ တော်လှန်ရေး 
ဒီနေ့သတင်းတွေထဲ ထိခိုက်မှုသိပ်မရှိတဲ့ ရန်ကုန်မြို့က ဗုံးပေါက်ကွဲမှုတွေ၊ နယ်မြို့က  PDF စခန်းတွေ ဝင်စီးနင်း ဖျက်ဆီးခံရတဲ့သတင်း၊ သားဖြစ်သူကိုဖမ်းဆီးဖို့ မတွေ့လို့ အဖေဖြစ်သူကို ဖမ်းဆီးသွားတဲ့သတင်း၊ ကလေးမြို့နယ်ပညာရေးမှူးရုံး မီးလောင်တဲ့သတင်း၊ ပြီးခဲ့တဲ့သီတင်းပတ်က ဒီပဲယင်းနယ်က ကျေးရွာတရွာမှာ ဖြစ်ပျက်ခဲ့တဲ့ မိသားစုဝင် ၅ ဦးစလုံး သတ်ဖြတ်ပြီး ငွေကြေးတွေ အဖိုးတန်ပစ္စည်းတွေ ယူဆောင်သွားတာဟာ PDF နဲ့ သက်ဆိုင်ခြင်းမရှိကြောင်း နယ်မြေခံ PDF တွေက ရှင်းလင်းပြောဆိုတဲ့သတင်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဥ်တွေ့မြင်နေရတဲ့ ခပ်ဆင်ဆင်သတင်းအကြောင်းအရာတခုက ဖြတ်သန်းသွားတဲ့ ကား၊ ဆိုင်ကယ်လိုမျိုးကို လက်နက်ကိုင်တပ်အများစုက စစ်ကောင်စီတပ်တွေလှမ်းပစ်လို့ အသက်ဆုံးရှုံးသွားရဲ့ သတင်းမျိုးတွေ ဖြစ်ပါတယ်။ 

နိုင်ငံရေးအာဏာတရပ်ကိုဆုပ်ကိုင်ထားတဲ့ အင်အားစုတရပ်ကို ဖြုတ်ချဖို့အတွက် လက်နက်ကိုင်တွန်းလှန်ကြရာမှာ ဒီနိုင်ငံရေးအာဏာကို ဆုပ်ကိုင်ထားသူတွေရဲ့ လက်နက်ကိုင်တပ်တွေကို တိုက်ခိုက်တာနဲ့အတူ၊ အုပ်ချုပ်ရေး ယန္တရားတွေကိုလည်း ဖျက်ဆီးတာ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးရုံးတွေ မီးရှို့တာ၊ အရပ်ဖက် ရုံးဌာနတွေ၊ ဝန်ကြီးဌာနတွေရဲ့လုပ်ငန်းတွေ မလည်ပတ်နိုင်အောင် ရပ်တန့်အောင် ဖျက်ဆီးတာ၊ ယုတ်စွအဆုံး ပညာ ရေးနယ်ပယ်က ကျောင်းတွေမဖွင့်နိုင်ဖို့ ကျောင်းတွေဗုံးခွဲတာတွေ မီးရှို့တာတွေဖြစ်ပွားနေတဲ့သဘောလို့ ယူဆရပါတယ်။ 

မန္တလေးမြို့မှာ ကျောက်မျက်ဝိုင်းနဲ့  ကညနရုံးကို ဗုံးခွဲတာ တကြိမ်မကဖြစ်ပွားခဲ့သလို၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးလိုမျိုးတွေ မီးလောင်တာတွေ ရာနဲ့ချီဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။ အလားတူ ကျောင်းတွေလည်း ဗုံးကွဲတာ မီးလောင်တာ လဝကရုံးတွေ၊ ကညနရုံးတွေ ဗုံးကွဲတာတွေ ဖြစ်ပျက်တဲ့သတင်းတွေ မကြာခဏ တွေ့ရဖတ်ရှုကြရတာလည်း ဖြစ်ပါတယ်။ 

ရုံးတွေ၊ ကျောင်းတွေလို သက်မဲ့ပစ္စည်းတွေပျက်စီးတာ မီးလောင်တာထက်ကို လူ့အသက်တွေ ဆုံးရှုံးရတာ ထောင်ကျော်လာပြီဖြစ်ပါတယ်။ တော်လှန်ရေးအတွက် အသက်ဆုံးရှုံးတဲ့အထိ ရင်းနှီးလုပ်ကိုင်ကြတဲ့သူတွေ ပိုင်းဖြတ်မှုနဲ့ လုပ်ကိုင်ကြတဲ့သူတွေရှိသလို မိမိအသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်ကိုင်ရင်း သွားလာရင်းနဲ့ မမျှော်လင့်ပဲ အသက်ဆုံးရှုံးရသူတွေလည်း အများအပြားရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၅ ရာနှုန်းကနေ ၁၀ ရာနှုန်းဝန်းကျင်လောက် ရှိကောင်းရှိလိမ့်မယ်ထင်ပါတယ်။ 

စစ်ကောင်စီဘက်ကလည်း မြေလှန်စနစ်လိုကျင့်သုံးပြီး ဆိုင်သည် ဖြစ်စေ မဆိုင်သည်ဖြစ်စေ ထိခိုက်မှုတွေ အလေးမထားပဲ ကြောက်လန့်ပြီး ဒီလို ခုခံမှုတွေ ဆန့်ကျင်မှုတွေနဲ့ ဝေးဝေးနေအောင် ရည်ရွယ် လုပ်ဆောင်တာလည်း ဖြစ်ပါလိမ့်မယ်။ ထန်တလန်လိုမြို့ တမြို့ကိုတောင် ပျက်စီးသွားအောင် မြို့ဆိုတာ ပြာပုံအပျက်အစီးတွေ ပဲကျန်တဲ့ အနေအထားရောက်အောင် တတိပြီးတတိ မီးရှို့နေတာကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီနေ့မှာလည်း စဖြစ်ကတည်းကဆို ၉ ကြိမ်မြောက် မီးလောင်ခြင်းလို့ ဆိုရမယ့် နောက်ထပ်ကျန်ရှိနေသေးတဲ့ နေအိမ်တွေ ဘုရားကျောင်းတွေ မီးလောင်နေတယ်လို့သတင်းတွေထဲ ပါရှိပါတယ်။ 

ကျေးရွာတွေမီးလောင်တာမျိုးလောက်က ထန်တလန်မြို့မီးလောင်တာနဲ့ စာလိုက်ရင် သေးငယ်သွားမယ့် သဘောရှိပါတယ်။ 

ဒီလိုအခြေအနေမှာ မြန်မာတနိုင်ငံလုံး အုပ်ချုပ်ရေးပျက်နေပြီလားလို့မေးရင် မပျက်သေးဘူးလို့ဖြေရမှာ ဖြစ်ပါတယ်။ အချို့သောဒေသတွေမှာတော့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အုပ်ချုပ်မှု သြဇာလွှမ်းမိုးမှု ပိုရှိလာသလို အချို့ဒေသတွေကတော့ စစ်ကောင်စီဘက်ကလည်း ကောင်းကောင်းထိန်းချုပ်ထားနိုင်တာမရှိ သလို ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ပီဒီအက်ဖ်တွေဘက်ကလည်း ထိန်းချုပ်ထားနိုင်တဲ့အနေအထားမဟုတ်သေးပါဘူး။ အဲဒီလိုအခြေအနေမျိုးအောက်မှာ ဒီပဲယင်းနယ်က မိသားစုဝင်အားလုံးသတ်ပြီး ငွေကြေးတွေယူသွားတဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

အာဏာစိုးမိုးမှု တခုနဲ့တခုကြားမှာ လစ်ဟာနေတဲ့အခြေအနေမျိုးမှာ ရာဇဝတ်မှုတွေဖြစ်တဲ့ လူသတ်တာ၊ လု ယက်တာ၊ ဓါးပြတိုက်တာတွေဖြစ်ပွားလာတဲ့အနေအထားလို့ ကောက်ချက်ချရမယ် ထင်ပါတယ်။ 

တော်လှန်ရေး ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အချို့က မြင့်မြင့်မားမား သတ်မှတ်ဖွင့်ဆိုကြတဲ့အခါတော့ လက်ရှိစစ်အာဏာရှင်ဆန့်ကျင်ရေးအရေးတော်ပုံဟာ တော်လှန်ရေးလား စစ်တပ်အုပ်ချုပ်တာကို ဖယ်ရှားရေး အရေးတော်ပုံလား ငြင်းခုံစရာ ရှိကောင်းရှိနိုင်ပေမယ့် ပါဝင်သူအများစုက နွေဦးတော်လှန်ရေးလို့ သတ်မှတ်ခေါ်ဆိုကြပြီး ဖြစ်ပါတယ်။ 

ဒီနွေဦးတော်လှန်ရေးအတွက် ဘယ်လောက် အသက်တွေထပ်ရင်းနှီးရဦးမလဲ ရုပ်ဝတ္တုပိုင်းဆိုင်ရာတွေ ဘယ်လောက်ဆုံးရှုံးရဦးမလဲဆိုတာတော့ လောလောဆယ်မှာ ခန့်မှန်းဖို့ခက်ခဲသေးပြီး နိုင်ငံရေးအာဏာ အပြောင်းအလဲတခုအတွက် အရင်းအနှီးရှိမှာတော့ အမှန်ဖြစ်ပါတယ်။ ရင်းနှီးမှုတွေ ထိုက်တန်ဖို့ အလဟဿမဖြစ်ဖို့ကတော့ ပဲ့ကိုင်မောင်းနှင်သူတွေအပေါ်  တာဝန်ကျရောက်မှာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar