ကိုကျော် (မြစ်ကြီးနား) - စစ်ပွဲမှာရှုံးစေခဲ့ရတဲ့ ဟစ်တလာရဲ့ဆုံးဖြတ်ချက်
ကိုကျော် (မြစ်ကြီးနား) - စစ်ပွဲမှာရှုံးစေခဲ့ရတဲ့ ဟစ်တလာရဲ့ဆုံးဖြတ်ချက်
(မိုးမခ) နို၀င်ဘာ ၂၈၊ ၂၀၂၁
(သမိုင်းပညာရှင်နှစ်ဦး Brendan Simms နဲ့ Charlie Laderman မကြာခင်က ရေးသားထုတ်ဝေခဲ့တဲ့ HITLER’S AMERICAN GAMBLE စာအုပ်နဲ့ပတ်သက်ပြီး နယူးယောက်တိုင်းမ်သတင်းစာဆရာ Benjamin Carter Hett မှ သုံးသပ်ဆွေးနွေးထားတာ ဖြစ်ပါတယ်။)
ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက် မှ ဒီဇင်ဘာ ၁၂ ရက်ကြားမှာ ကမ္ဘာကြီးက သမိုင်းတလျှောက် တခြားသောရက်များထက် ပိုပြီးပြောင်းလဲသွားနိုင်ခဲ့မှာ ဖြစ်ပါတယ်။
ဒီဇင်ဘာလအစပိုင်းမှာ နာဇီဂျာမဏီတပ်တွေက မော်စကိုမြို့ အနီးတဝိုက်ကိုရောက်ရှိခဲ့ပြီး ဆိုဗီယက်မြို့တော်က မကြာခင်မှာပဲ ကျရှုံးရတော့မလို ဖြစ်နေခဲ့ပါတယ်။ ဂျပန်က တရုတ်ပြည်နဲ့ စစ်ပွဲဆင်နွဲနေပေမဲ့ အင်အားကြီးတိုင်းပြည်တွေနဲ့ သံတမန်ဆက်ဆံရေး ဆက်လက်ထားရှိခဲ့ပါတယ်။ အမေရိကန်ကတော့ အဲဒီအချိန်မှာ ကမ္ဘာစစ်ထဲကိုဝင်လာဖို့ အစီစဥ်လုံးဝမရှိသေးဘဲ ကြားနေခဲ့ပေမဲ့ သမ္မတ ဖရန့်ကလင်းရို့စ်စဗက် (Franklin Roosevelt) ရဲ့ lend-lease program ကို ချမှတ်ထားပြီး ဖြစ်ပါတယ်။ (lend-lease program ဆိုတာက ဗြိတိန်၊ ဆိုဗီယက် စတဲ့နိုင်ငံများ အမေရိကန်ရဲ့လုံခြုံရေးကို ကာကွယ်ပေးမဲ့နိုင်ငံများကို စစ်လက်နက်ပစ္စည်းများ နဲ့ စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးတဲ့အစီစဥ်ဖြစ်ပြီး၊ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်မှ နိုင်ငံပေါင်း ၃၉ နိုင်ငံတို့ကို ဒေါ်လာ ၅၀ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ပါတယ်။)
စစ်သုံးဘတ်ဂျက်ငွေ အကြပ်အတည်းရှိနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ (Winston Churchill) က မကြာခင်မှာ ဟစ်တလာက ဗြိတိန်ကို ထိုးစစ်ဆင်လာတော့မှာမို့ အမေရိကန်ရဲ့ အင်အားတောင့်တင်းတဲ့ စစ်အင်အားနဲ့ ဝင်ရောက်ကူညီဖို့ကို လပေါင်းအတော်ကြာ အကူညီတောင်းခဲ့ပေမဲ့ ထင်သလိုဖြစ်မလာတော့ စပြီးပူပင်နေခဲ့ပါတယ်။ စစ်ပွဲထဲ အမေရိကန်ကိုဆွဲသွင်းနိုင်မှသာ ဗြိတိန်အတွက် အောင်ပွဲရနိုင်မှာကို ဝင်စတန်ချာချီက သိထားခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ပြည်သူများရဲ့ဆန္ဒအတိုင်း ရို့စ်စဗက်က ကြားနေခဲ့ပါတယ်။
အဲဒီနောက် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဆိုဗီယက်တပ်များက မော်စကိုမှာ အကြီးအကျယ် တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး အေးချမ်းလွန်းတဲ့ ဆောင်းရာသီအတွင်းမှာ စစ်ပွဲပန်းနေတဲ့ ဂျာမဏီတပ်တို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့ရပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့ ညနေခင်းတစ်ချိန်မှာ ဝင်စတန်ချာချီက စိတ်ပင်ပန်းလေးတွဲ့စွာနဲ့ ထိုင်ခုံတစ်ခုမှာ ထိုင်နေရင်း ဂျပန်တွေက ပစိဖိတ်မှာရှိတဲ့ အမေရိကန်ရေတပ်စခန်းကို (ပုလဲဆိပ်ကမ်း) ရုတ်တရက် ဝင်ရောက်တိုက်ခိုက်တဲ့ ရေဒီယိုသတင်း ထုတ်လွှင့်ချက်ကို ဂရုမစိုက်မိ စိတ်မဝင်စားနိုင်ဘဲ ရှိနေခဲ့ပါတယ်။
ဝင်စတန်ချာချီ စိတ်ပူနေတာက ဂျပန်တွေ အာရှမှာရှိတဲ့ အင်္ဂလိပ်ပိုင်နက်တွေကို တိုက်ခိုက်ခဲ့ရင် စစ်မျက်နှာပြင်အသစ် ဖွင့်ရမှာဖြစ်ပြီး တိုက်ခိုက်ရည်ပြည့်ဝပြီး စိတ်ဓာတ်ပြင်းထန်တဲ့ ဂျပန်ရန်သူတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုတောင်မှ ဝင်စတန်ချာချီအတွက် စိတ်သောက မပြေပျောက်စေခဲ့ဘူးလို့ နောက်ပိုင်းမှာ သူကပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်က lend-lease program ကို ဖျက်သိမ်းလိုက်ပြီး သူတို့ရဲ့အင်အားတွေကို ဂျပန်ဆီသို့ ဦးတည်သွားမှာဖြစ်ပြီး ဗြိတိန်အတွက် ပိုပြီးဒုက္ခကြုံနိုင်တဲ့ အန္တရာယ်ဖြစ်စေနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။
HITLER’S AMERICAN GAMBLE စာအုပ်ထဲမှာ ၄ ရက်တာ အချိန်အတွင်း စစ်ပွဲကာလဖြစ်စဥ်တွေကို အသေးစိတ်ဖော်ပြထားပြီး အဲဒီအချိန်ထိ ရို့စ်စဗက်က အမေရိကန်ကိုဦးဆောင်ကာ ဂျာမဏီကို ဆန့်ကျင်တိုက်ခိုက်ဖို့ မသေချာခဲ့သေးပါဘူး။ အဲဒီလိုဖြစ်လာဖို့ ဟစ်တလာက စပြီး ဖန်တီးခဲ့တာပါ။ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ဘာလင်မြို့ Reichstag အစည်းအဝေးမှာ ဟစ်တလာက မိန့်ခွန်းပြောကြားခဲ့ပြီး အမေရိကန်ကို စစ်ကြေငြာခဲ့ပါတယ်။ ဟစ်တလာရဲ့ဆုံးဖြတ်ချက်ဟာ ဆိုဗီယက်မှာ ဒုက္ခကြုံနေရပြီဖြစ်တဲ့ ဂျာမဏီအတွက် ဘယ်လိုမှ မအောင်မြင်နိုင်တဲ့စစ်ပွဲတစ်ခုကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။
ဘာကြောင့် ဟစ်တလာက ဒီလိုလုပ်ခဲ့ရတာလဲ? ဒီမေးခွန်းနဲ့ပတ်သက်ပြီး သမိုင်းပညာရှင်များက အကြမ်းအားဖြင့် အုပ်စုနှစ်ခုကွဲနေခဲ့ပါတယ်။ တချို့က ဟစ်တလာက သေချာမစဥ်းစားတော့ဘဲ ရှုးသွပ်မိုက်ကန်းစွာနဲ့ သူ့ကိုယ်သူ ပျက်စီးဆုံးရှုံးခြင်းသို့ ဖိတ်ခေါ်ခဲ့တာလို့ ယူဆကြပါတယ်။
တခြားလူတွေကတော့ ဟစ်တလာရဲ့ ဆုံးဖြတ်ချက်မှာ နည်းဗျူဟာတွက်ချက်မှုတချို့ တွေ့ရတယ်လို့ ဆိုကြပါတယ်။ ဟစ်တလာက အမေရိကန်ရဲ့စစ်အင်အား အခြေအနေကို ကောင်းစွာသိထားပြီး အနှေးနဲ့အမြန် ဂျာမဏီကိုတိုက်လာမယ်လို့ ယုံကြည်ခဲ့တာကြောင့် တစ်ခုထဲသော ဖြေရှင်းတဲ့နည်းလမ်းက ကြိုတင်ပြင်ဆင်ထားဖို့ပဲ ဖြစ်တယ်လို့ ယူဆခဲ့တာဖြစ်ပါတယ်။ ဆိုဗီယက်ထံမှ လောင်စာဆီနဲ့ စားနပ်ရိက္ခာတွေ လုံလောက်အောင် ထိန်းချုပ်ထားနိုင်ခဲ့ရင် ဂျာမဏီအတွက် အမေရိကန်နဲ့ ရေရှည်စစ်ပွဲကို ဆင်နွဲနိုင်မယ်လို့ ဟစ်တလာက တွေးထားခဲ့ပါတယ်။ ဂျပန်တွေကလည်း အမေရိကန်ကို အချိန်တစ်ခုအထိ အာရုံလွှဲထားနိုင်ခဲ့မယ်ဆိုရင် သူရဲ့ရည်မှန်းချက် အောင်မြင်လိမ့်မယ်လို့လည်း ဟစ်တလာက တွေးကောင်းတွေးခဲ့မယ်လို့ ထင်ရပါတယ်။
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းမှာ အခြေအနေ တမျိုးတဖုံ ပြောင်းလဲသွားနိုင်တဲ့ ဖြစ်နိုင်ချေများစွာ ရှိခဲ့ပါတယ်။ အကယ်၍များ Vichy France (အဲဒီတုန်းက ပြင်သစ်ဟာ မြောက်ပိုင်းကို နာဇီဂျာမဏီ နဲ့ အရှေ့တောင်ပိုင်းကို အီတလီ တို့ သိမ်းပိုက်ထားပြီး၊ သိမ်းပိုက်မခံရတဲ့နယ်မြေ Vichy France ကို ပြင်သစ်အစိုးရက အုပ်ချုပ်နေတာ ဖြစ်ပါတယ်။) နဲ့ မူဆိုလိုနီ ဦးဆောင်တဲ့ ဖက်ဆစ် အီတလီတို့ အစောပိုင်းမှာ ဆွေးနွေးခဲ့ဖူးသလို မဟာမိတ်အဖွဲ့ ဖြစ်ခဲ့မယ်ဆိုရင်? အကယ်၍ ဂျပန်က ဗြိတိသျှကိုလိုနီနယ်မြေ မလေးရှား၊ ထိုင်း၊ မြန်မာ နဲ့ စင်ကာပူတို့ကို တိုက်ခိုက်ခဲ့ပြီး အမေရိကန်ကို (ပုလဲဆိပ်ကမ်းကို) မတိုက်ခဲ့ဘူးဆိုရင်? အကယ်၍ ဂျပန် နဲ့ ဂျာမဏီနှစ်နိုင်ငံမှာ ဂျာမဏီသတင်းထောက်ဖြစ်ပြီး ဆိုဗီယက်အတွက် စပိုင်လုပ်ခဲ့တဲ့ Richard Sorge က သေချာတိကျတဲ့ ဂျပန်စစ်တပ်တွေရဲ့ အစီစဥ်ကို မပေးပို့ခဲ့ဘူးဆိုရင်? (Richard Sorge ပေးပို့တဲ့အချက်အလက်ကြောင့် စတာလင်က ဆိုဗီယက်အရှေ့ဖက်ခြမ်းမှ တပ်ရင်းပေါင်း ၂၀ ကိုပြန်ခေါ်ယူခဲ့ပြီး မော်စကိုသို့စေလွှတ်ကာ ဒီဇင်ဘာ ၅ ရက်နေ့မှာ နာဇီတပ်တွေကို ကြီးမားတဲ့ တန်ပြန်ထိုးစစ် ဆင်နွှဲနိုင်ခဲ့ပါတယ်)။
စာအုပ်ထဲမှာ ဒုတိယကမ္ဘာစစ်အတွင်း ကမ္ဘာတဝှမ်းမှာဖြစ်ပျက်နေတာတွေကို တချိန်ထဲတပြိုင်ထဲ အထူးသဖြင့် ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံခေါင်းဆောင်တွေရဲ့ တုန့်ပြန်မှုတွေကို သေချာဂရုတစိုက် ဖော်ပြထားတာပါတယ်။ ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုသတင်း ကို ဟစ်တလာက နောက်ကျမှသိခဲ့ရပါတယ်။ သူရဲ့ သတင်းပြန်ကြားရေးအရာရှိက ရိုက်တာသတင်း ရေဒီယိုထုတ်လွှင့်ချက်မှ ကြားခဲ့ရပြီး၊ သူမှတဆင့် ဟစ်တလာကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဝင်စတန်ချာချီကလည်း သူ့အပူနဲ့သူ ရေဒီယိုသတင်းကို နားထောင်နေပေမဲ့ ဘာတွေပြောနေတယ် ဆိုတာကို ချက်ခြင်းမသိခဲ့ပါဘူး၊ တဖြည်းဖြည်းနဲ့မှ သတိပြန်ဝင်ပြီး သိခဲ့ရပါတယ်။ အကြီးကျယ်ဆုံး ကမ္ဘာ့သမိုင်းဝင် ခေါင်းဆောင်တွေတောင်မှ ဘာတွေဖြစ်နေပြီလဲဆိုတာ အမြဲတမ်းပဲ ချက်ခြင်းနားလည် ဆုပ်ကိုင်နိုင်စွမ်း မရှိတာတွေကို စာအုပ်ထဲမှာ မီးမောင်းထိုးပြထားပါတယ်။
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ ကမ္ဘာကြီးကပြောင်းလဲသွားခဲ့ပါပြီ။ စာအုပ်မှာပါဝင်တဲ့ ထူးခြားအံ့ဩဖွယ်ရာ အချက်အလက်များစွာထဲက နောက်ဆုံးတစ်ခုကတော့ အဲဒီအချိန်ကစပြီး အနာဂတ်မှာ ဘာတွေပြောင်းလဲသွားမှာကို ကမ္ဘာ့ခေါင်းဆောင်တွေ ဘယ်နှစ်ယောက်က သေချာကြိုပြီး သိမြင်နိုင်ခဲ့တယ် ဆိုတာကို ဖော်ပြထားခြင်းဖြစ်ပါတယ်။
"တကယ့်ကို ဝမ်းနည်းစရာကောင်းမဲ့ ရှုံးနှိမ့်မှုတစ်ခု ရောက်လာတော့မယ်လို့ ခံစားမိပါတယ်" လို့ ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုသတင်းကို ကြားခဲ့တဲ့နောက် (တိုက်ခိုက်မှုမတိုင်ခင် မကြာခင်ကပဲ နုတ်ထွက်ခဲ့တဲ့) ဂျပန်ဝန်ကြီးချုပ်ဟောင်း Prince Fumimaro Konoe က ပြောခဲ့ပါတယ်။ ၁၉၄၂ ခု ဇန်နဝါရီလထဲမှာ "အမေရိကန်ကို ဘယ်လိုနည်းနဲ့ အနိုင်ယူရမလဲဆိုတာ အခုထိသေချာ မသိသေးဘူး" လို့ ဟစ်တလာ က ဂျပန်သံအမတ်ကြီး Hiroshi Oshima ကို ဝန်ခံပြောခဲ့ပါတယ်။ "အမေရိကန် စစ်ပွဲထဲကိုဝင်လာမှပဲ အားလုံးအတွက် အခြေအနေ ပြောင်းလဲသွားနိုင်မယ်၊ ပြီးတော့ စိတ်ရှည်ရှည်နဲ့ အချိန်ကိုစောင့်ဆိုင်းနိုင်မှပဲ အောင်မြင်မှုကို သေချာပေါက်ရလိမ့်မယ်" လို့ ဝင်စတန်ချာချီက သူရဲ့နိုင်ငံခြားရေးဝန်ကြီး Anthony Eden ကို ပြောခဲ့ပါတယ်။ သူတို့ပြောတာတွေ အားလုံးမှန်ခဲ့ကြပါတယ်။ ။
(The New York Times - Nov 19, 2021 - The Decision That Cost Hitler the War)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar