Breaking News

မောင်လူမွှေး - နောက်တန်းက ရမ်ဘို

မောင်လူမွှေး - နောက်တန်းက ရမ်ဘို

မိုးမခ ၊ ဇန်နဝါရီ ၂၆ ၊ ၂၀၂၆


နာမည်က စတားလုံးတဲ့။ မောင်လူမွှေးတို့ ငယ်ငယ်က ရမ်ဘို ဇာတ်ကားလို့ သိကြတဲ့ ဇာတ်ကားတွေထဲက သရုပ်ဆောင်နာမည်။ ရမ်ဘို ဇာတ်ကားထဲက မင်းသားနာမည်ရင်းက Seargeoh Stallone (ဆာဂျီယို စတလွန် ) ဖြစ်ပါတယ်။ မောင်လူမွှေး တို့နိုင်ငံကလူတွေကတော့ စတားလုံး လို့ မြန်မာအသံနဲ့ ခေါ်ကြတယ်။ ရှေ့တန်းကနေ ရန်သူတွေကို စွန့်စွန့်စားစား တိုက်ခိုက်တဲ့ စတားလုံး။ အခု မောင်လူမွှေးတွေ့နေရတဲ့ စတားလုံးကတော့ တောရွာတစ်ရွာက စတားလုံး။ ကျေးရွာတစ်ရွာကို ဦးဆောင်ပြီး တော်လှန်ရေးမှာ သူ့ဘဝ မြှုပ်နှံထားတဲ့ စတားလုံး။ အသက် ငါးဆယ်ကျော်အရွယ် စတားလုံး ဖြစ်ပါတယ်။

"နာမည်တွေရှေ့ကနေ တပ်ကြတာမျိုး ရှိတယ်လေ။ စကားလုံး ဝင်းမင်းထွေး ဆိုတာမျိုး။ ကျနော်လည်း ငယ်ငယ်က ကဗျာလေးတွေ ရေးတော့ ကျနော့နာမည်ရှေ့ကနေ စတားလုံး ဆိုပြီး တပ်ရေးခဲ့တာ။ ရမ်ဘိုကို ကြိုက်တာ၊ အားကျတာလည်း ပါတာပေါ့လို့" မီးဖိုဘေးမှာ မီးအတူလှုံနေကြရင်း စတားလုံးက သူ့နာမည် ဖြစ်ပေါ်လာရကြောင်းကို မောင်လူမွှေးကို ပြောပြပါတယ်။ 

မောင်လူမွှေးနဲ့ တွေ့ဆုံခဲ့ရတာက တောရွာတစ်ရွာက စတားလုံး ဖြစ်တယ်။ မုဆိုးဖို စတားလုံးဖြစ်တယ်။ သမီးနှစ်ယောက်ဖခင် စတားလုံး ဖြစ်တယ်။ လူငယ်အရေးမှာ တက်တက်ကြွကြွ ပါဝင်တဲ့ စတားလုံးဖြစ်တယ်။

"သမီးအကြီးက စစ်ဘေးရှောင်ကူညီရေးမှာ လုပ်တယ်။ သမီးငယ်က တော်လှန်ရေးတပ်ထဲမှာ တာဝန်ထမ်းဆောင်နေတယ်။ အိမ်မှာက ကျနော်တစ်ယောက်ထဲ" တဲ့ ။ သူ့မိသားစုအကြောင်းကို ပြောပြတယ်။ သူဟာ အိမ်မှာတစ်ယောက်တည်းသမား ဖြစ်နေတဲ့အတွက် အုပ်ချုပ်ရေး၊ တော်လှန်ရေး၊ ရပ်ရေးရွာရေးတွေကို ပိုလုပ်နိုင်တာဖြစ်ကြောင်းလည်း သူ ပြောတယ်။

မောင်လူမွှေးဟာ တော်လှန်ရေးကို စိတ်စေတနာသန့်သန့်နဲ့ ဆောင်ရွက်တဲ့ ၊ လူငယ်အရေးတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်အားပေးတဲ့ စတားလုံးကို လေးစား သဘောကျတယ်။ ဒါကြောင့် စတားလုံး အိမ်ကိုလည်းရောက်ခဲ့တယ်။ သူ့အိမ်ကို ရောက်တော့ သူ ပြောခဲ့သလို အိမ်အကြီးကြီးမှာ သူတစ်ယောက်တည်း။ သူ့ဇနီးသူ့ကို စွန့်ခွာသွားတာ နှစ်ပေါင်း နှစ်ဆယ်ကျော်ပြီ။ စတားလုံးဟာ သမီးနှစ်ယောက်ကို အရွယ်ရောက်အောင် နောက်အိမ်ထောင်မပြုဘဲ ထူထောင်ခဲ့တယ်။ အခုတစ်ကိုယ်တည်းနေတယ်။ သမီးတွေက အခြားနေရာမှာ တော်လှန်ရေး၊ လူမူရေး တာဝန်တွေကို ထမ်းဆောင်နေကြတယ်။

"ပဲယင်းက သိမ်းမလို့ဟာ။ အစ်ကိုက သွားကြည့်မနေနဲ့ ကျေးတွေ စားလို့ ပြောင်ပြီလို့ ပြောတယ်ဗျ။ ကျနော်လည်း တော်လှန်ရေးနဲ့ဆိုတော့ အလုပ်မလုပ်နိုင်တော့ဘူး။ ငှက်ပျောစိုက်ခင်းတွေလည်း ဒီအတိုင်း ပစ်ထားရတယ်" လို့  သူက ပြောတယ်။ စတားလုံးဟာ သူ့တောင်သူလုပ်ငန်းကို သူတကိုယ်စာ စားဝတ်နေရေးအတွက် လုံလောက်ရုံသာ လုပ်ကိုင်ပြီး ကျန်တဲ့အချိန်တွေကို ရပ်ရွာအတွက်၊ တော်လှန်ရေးအတွက် အသုံးပြုသူ ဖြစ်တယ်။

စတားလုံးနဲ့ မောင်လူမွှေးဟာ လူငယ်ရေးရာသင်တန်းမှာ ဆုံဖြစ်ကြတာ ဖြစ်တယ်။ လူငယ်တွေကို အမြင်ဖွင့်ပေးတဲ့ သင်တန်းမှာ စတားလုံးဟာ ညအိပ်ညနေ နေပြီး လိုအပ်တာတွေကို ကူညီပေးနေတာဖြစ်တယ်။ ဒါ့အပြင် သူ့ရွာက လူငယ်တွေကိုလည်း သင်တန်းမှာ ပါဝင်နိုင်အောင် အများကြီး တိုက်တွန်းနှိုးဆော်နိုင်သူ ဖြစ်တာကို တွေ့ရတယ်။

ရမ်ဘို ရုပ်ရှင်ထဲက စတားလုံးမင်းသားကြီးကို  လူငယ်တွေ ချစ်ကြသလို တောရွာက လူငယ်တွေကလည်း သူတို့ရဲ့ အသက်ငါးဆယ်ကျော်အရွယ် ပုဆိုးဝတ်တဲ့ စတားလုံးကို ချစ်ကြတယ်။ လေးစားကြတယ်။ ရမ်ဘို ရုပ်ရှင်ထဲက စတားလုံးလို စစ်မြေပြင်မှာ စစ်မတိုက်ပေမယ့် နောက်တန်းကနေ လိုအပ်တာမှန်သမျှ မငြိုမငြင် အကုန်ဖြည့်စည်းပေးနေတဲ့ စတားလုံးဖြစ်တယ်။ တကယ်တော့ သူဟာ တောအရပ်က ရမ်ဘိုစစ်စစ်ကြီး တစ်ယောက် ဖြစ်တယ်။

မောင်လူမွှေးတို့ရဲ့ နွေဦးတော်လှန်ရေးမှာ စတားလုံးတို့လို တောရမ်ဘို စစ်စစ်ကြီးတွေရဲ့ အခန်းကဏ္ဍဟာ သိပ်ကိုအရေးပါတယ်ဆိုတာ မြေပြင်မှာ နေထိုင်သူတွေ သိကြပါတယ်။ ကိုယ့်ရဲ့ မိသားစုအရေး၊ စီးပွားရေးတွေကို ပစ်ပြီး နောက်တန်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တောရမ်ဘိုမင်းသားကြီးတွေ အများကြီးရှိပါတယ်။ သူတို့တွေ နောက်တန်းကနေ တိုက်လာကြတာ ခုဆို ငါးနှစ်ရှိပြီ။ အခက်အခဲတွေကြားကပဲ ညည်းတွားရင်း၊ စိတ်အားတင်းရင်း သူတို့ဟာ ရှေ့ဆက်နေကြဆဲဖြစ်တယ်။ အမှန်တရားကို ချစ်မြတ်နိုးတဲ့၊ စိတ်ဓာတ်ခိုင်မာတဲ့ တောရမ်ဘိုမင်းသားကြီးတွေ ရှိနေသမျှ တော်လှန်ရေးဟာ ဘယ်လိုမှ မကျရှုံးနိုင်ပါဘူး။ တော်လှန်ရေးကို ပခုံးပေါ်က မချ ၊ ထမ်းထားကြတဲ့ ပုဆိုးဝတ် တောရမ်ဘိုမင်းသားကြီးတွေကို မောင်လူမွှေး ဦးညွတ်လိုက်ပါတယ်ခင်ဗျာ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar