မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂၀ ရက်မြောက်နေ့ မြင်ကွင်း
နိုဝင်ဘာ ၂၁၊ ၂၀၂၁
• ဆွေးနွေးပွဲတွေ၊ တိုက်ခိုက်မှု၊ ပေါက်ကွဲမှုတွေနဲ့ လက်နက်တွေ
ဒီနေ့သတင်းတွေဖေါ်ပြမှုတွေမှာတော့ နိုင်ငံတကာအဖွဲ့အစည်းအသိုင်းအဝိုင်းက မြန်မာနိုင်ငံရဲ့ အကြပ်အတည်းနဲ့ပတ်သက်လို့ သံတမန်နည်းနဲ့ ကြိုးစားမှုတွေ၊ ပြည်တွင်းမှာ ပစ်ခတ်မှု သတ်ဖြတ်မှုတွေနဲ့ သေဆုံးကြတဲ့အဖြစ်အပျက်သတင်းတွေ၊ မကြာမီရက်ပိုင်းက ဖမ်းဆီးခံလိုက်ရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ထွက်ဆိုချက်အရလို့ဆိုတဲ့ လက်နက်ငယ်တွေ ရာဂဏန်းနဲ့ချီ သိမ်းဆည်းရမိတယ်ဆိုတဲ့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်၊ မကွေးတိုင်းအထက်ပိုင်း ဆောနယ်မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့သတင်း၊ ပြီးခဲ့တဲ့ရက်ပိုင်း PDF အများအပြား ရန်ကုန်မှာအဖမ်းခံခဲ့ကြရပေမယ့် လှိုင်သာယာမြို့နယ်ထဲကရဲကင်းကို ပျောက်ကျားအဖွဲ့တွေကပစ်ခတ်ခဲ့တဲ့သတင်းတွေက အဓိကသတင်းတွေအဖြစ် ဖေါ်ပြထားကြပါတယ်။
မြန်မာ့နိုင်ငံရေး ပြည်တွင်းရေးအကြပ်အတည်းနဲ့ပတ်သက်လို့ နိုင်ငံတကာအဖွဲ့တွေက ဆက်လက်ဖိအားပေးတာ၊ တိုက်တွန်းတာ၊ အစိုးရရဲ့ ကိုယ်စားလှယ်မဟုတ်သူရော ကိုယ်စားပြုသူပါ သံတမန်တွေပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်ကောင်စီခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံပြဿနာ အခုထက်ပိုပြီး စစ်မီးကျယ်ပြန့်လာမှာကို ဒေသတွင်းနိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စိုးရိမ်မှုတွေရှိကြတာ ထင်ရှားသော်လည်း စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတာမျိုးကို ရှောင်ရှားတဲ့အနေနဲ့ တရုတ်နိုင်ငံကလွဲရင် အစိုးရကိုကိုယ်စားပြုတဲ့သံတမန် စေလွှတ်တာမျိုးမလုပ်ကြပဲ ကြားအလွတ်တန်းသံတမန်လိုမျိုးကိုသာ စေလွှတ်ကြတဲ့သဘောမျိုး တွေ့ရပါတယ်။ ဂျပန်နိုင်ငံက နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာဆာဆာကာဝါ၊ အမေရိကန်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ဖောင်ဒေးရှင်းရဲ့ဥက္ကဌဖြစ်သူ ဘီလ်ရစ်ချတ်ဆန်၊ တရုတ်အစိုးရရဲ့ အရှေ့အာရှဆိုင်ရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်အပြင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ရဲ့ နေ့ချင်းပြန်ခရီးစဥ်တွေက ပြီးခဲ့တဲ့သတင်းပတ်ထဲ ဆက်လျက် ဖြစ်ပေါ်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ဒီနေ့မှာတော့ စီအိုင်အေ ဒုတိယအကြီးအကဲ ဘန်ကောက်ကိုလာရောက်ပြီး ထိုင်းနိုင်ငံအစိုးရအဖွဲ့က ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့စဥ်မှာလည်း မြန်မာ့အရေးကိစ္စ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ ဒီသတင်းကိုကြည့်ရင် ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်းဒုတိယဝန်ကြီးချုပ် နေပြည်တော်ကို နေ့ချင်းပြန်လာရောက်ခဲ့တာဟာ ဒီနေ့ ထိုင်းနဲ့အမေရိကန် စီအိုင်အေဒုတိယအကြီးအကဲတို့ရဲ့ တွေ့ဆုံမှုမတိုင်ခင် ဆက်စပ်နေတဲ့သဘောလို့ ကောက်ချက်ချကောင်း ချနိုင်ပါတယ်။
ဂျပန်နိုင်ငံနဲ့ မကြာမီက အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူရတဲ့ ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီးတို့ကလည်း မြန်မာစစ်ခေါင်းဆောင်အနေနဲ့ ဧပြီလကတည်းက သဘောတူထားခဲ့တဲ့ သဘောတူညီမှု ၅ ချက်ကို အကောင်အထည်ဖေါ်ဖို့ ထပ်တိုက်တွန်းလိုက်ကြပြန်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ရဲ့ သံတမန်ရေးလှုပ်ရှားမှုတွေ ကြိုးပမ်းမှုတွေက မြန်မာနိင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းကို ဘယ်လောက်ထိအဖြေရှာနိုင်မလဲဆိုတာတော့ လောလောဆယ်မှာ မပြောနိုင်သေးတဲ့အနေအထားလည်း ဖြစ်ပါတယ်။
မြန်မာ့အရေးဟာ အရှေ့တောင်အာရှ ပထဝီအနေအထားအရ အတိုင်းအတာတခုထိ အရေးပါတဲ့နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်မီးတောက်လောင်ခဲ့ရင် အိမ်နီးချင်းနိုင်ငံတွေအားလုံးအဖို့ ဒုက္ခသည်ပြဿနာ၊ လက်နက်ကိုင်ပဋိပက္ခရဲ့အကျိုးဆက်တွေကို လူသားချင်းစာနာမှု အကူအညီပေးဖို့ အရေးကိစ္စတွေကို ရှောင်လွှဲမရတော့ပဲ ပါဝင်လာကြရမယ့်အရေးကို ကြိုတင်စိုးရိမ်ကြတဲ့အနေအထားလို့ ခန့်မှန်းရပါတယ်။
နိုင်ငံတကာက မြန်မာနိုင်ငံအရေးကို အဖက်ဖက်သော ရှုထောင့်တွေကတွေးဆပြီး အဖြေရှာဖို့ ကြိုးပမ်းနေချိန်မှာ မြန်မာနိုင်ငံတွင်းမှာတော့ လက်နက်ကိုင်ပဋိပက္ခတွေက တဖြည်းဖြည်း အရှိန်မြင့်တက်လာနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ စစ်သင်တန်းလေ့ကျင့်မှုတွေ ဒေသအများအပြားမှာ လုပ်ဆောင်နေကြတာပါ။ ပြီးခဲ့တဲ့ မတ်လ ဧပြီလလောက်ကတည်းက ဆန္ဒပြသူတွေအနေနဲ့ လက်နက်ကိုင်လမ်းစဥ်ကို ပြောင်းလဲကိုင်စွဲဖို့ စတင်ခဲ့ကြတာဖြစ်ပြီး နယ်စပ်ဒေသတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီမှာ သွားရောက်သင်တန်းတက်ကြပြီး မြို့ပေါ်ပြန်ဝင်လာသူအချို့ရှိသလို အများအပြားကတော့ နယ်စပ်ဒေသတွေမှာ လက်နက်ကိုင်တပ်ဖွဲဖွဲ့ဖို့ ပြင်ဆင်စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို ၉ လကျော် ၁၀ လထဲရောက်လာချိန်မှာတော့ လက်နက်ကိုင်သင်တန်းလိုမျိုးက မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းဒေသတွေမှာတင် အချင်းချင်း သင်ကြား လေ့ကျင့်ပေးနေကြတဲ့အနေအထားရောက်ရှိနေတာတွေ့ရမှာ ဖြစ်ပါတယ်။ အထက်အညာဒေသဖြစ်တဲ့ မြောင်လိုဒေသမျိုး ချင်းတောင်နဲ့ ဆက်စပ်နေတဲ့ ဆောနယ် ယောနယ်လို ဒေသမျိုး၊ စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ဝှမ်းလို ဒေသတွေမှာ သူ့နယ်တွေမှာတင် လက်နက်ကိုင်စစ်သင်တန်းတွေကို အချင်းချင်းပြန်လေ့ကျင့်ပေးနေကြတာမျိုး တွေ့နေရပါပြီ။
ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေမှာတော့ မြို့ပြပျောက်ကျားလို့ အများသတ်မှတ်ခေါ်ဝေါ်ကြတဲ့ လက်နက်ငယ်တွေနဲ့ အုပ်ချုပ်ရေးမှူး၊ သတင်းပေးဆိုသူတွေကို လုပ်ကြံသတ်ဖြတ်တာ ရဲကင်း စစ်တပ်ကင်း လှည့်ကားတွေကို ချောင်းမြောင်းပစ်ခတ်တာတွေနဲ့ တိုက်ပွဲပုံသဏ္ဍာန်ဖေါ်ဆောင်ကြပါတယ်။
ဒီအထဲက အဓိကအုပ်စုတစုဖြစ်တဲ့ NLD နေပြည်တော် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်ဦးဆောင်တဲ့ မြို့ပြပျောက်ကျားအဖွဲ့ဝင်တွေ ကူညီထောက်ပံ့သူတွေ ၅၀ ဝန်းကျင် ယခင်သီတင်းပတ်မှာ ဖမ်းဆီးခံခဲ့ကြရပါတယ်။ ဒီနေ့သတင်းထုတ်ပြန်မှုမှာတော့ ကိုဖြိုးဇေယျာသော်ရဲ့ ထွက်ဆိုချက်အရ ရန်ကုန်မြို့ရဲ့ နေရာ ၇ နေရာကနေ လက်နက်ငယ် ပစ္စတို၊ အေကေနဲ့ အမ် ၁၆ လို ချေမှုန်းရေးရိုင်ဖယ်တွေ အလက် ၁၀၀ ဝန်းကျင် သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့လတွေအတွင်း ရန်ကုန်မြို့မှာ သိမ်းဆည်းရမိတယ်ဆိုတဲ့ အရေအတွက် စုစုပေါင်းထက် များပြားနေတာဖြစ်ပြီး အချို့ကလည်း ဒီလောက်လက်နက်တွေရှိနေပြီး ဘာလို့တိုက်ခိုက်မှုတွေ ခုထက်ပိုမလုပ်နိုင်တာလဲလို့ မေးခွန်းထုတ်ကြတာလည်း ရှိပါတယ်။ တဖက်မှာတော့ လက်နက်တွေ ရာဂဏန်းအထိ စုဆောင်းထားနိုင်ပေမယ့် ကျွမ်းကျင်စွာပစ်ခတ်နိုင်သူ မြို့ပြပျောက်ကျားအဖွဲ့ဝင် မလုံလောက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အခုလို ရာဂဏန်းနဲ့ချီတဲ့ လက်နက်က နေရာယူစစ်ပွဲ သမရိုးကျ တိုက်ပွဲအတွက်ဆိုရင်တော့ ဘာမျှပြောပလောက်တဲ့ အရေအတွက်မဟုတ်ပါဘူး။ ဒီလိုချေမှုန်းရေးရိုင်ဖယ်လို ပစ္စတိုလို လက်နက်တွေနဲ့ နေရာယူစစ်ပွဲကို ဆင်နွှဲနိုင်ဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒီလိုလက်နက်ငယ်တွေက မြို့ပေါ်မှာ လုပ်ကြံသတ်ဖြတ်မှုနဲ့ ချောင်း မြောင်းပစ်ခတ်မှုတွေ လုပ်ဆောင်နိုင်တဲ့အတွက်ပဲ အထောက်အကူဖြစ်တဲ့ လက်နက်အမျိုးအစားတွေ ဖြစ်ပါတယ်။
တဖက်မှာ ရန်ကုန်မြို့ပြ ပျောက်ကျားအဖွဲ့အများစုကို စီစဥ်ညွှန်ကြားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ချက်တွေမှာ ဖေါ်ပြနေတဲ့ ကိုဖြိုးဇေယျာသော် အဖမ်းခံရပြီး ရက်အနည်းငယ်အတွင်းမှာပဲ လှိုင်သာယာက သောင်ကြီးရဲကင်းစခန်းကို လက်နက်နဲ့ပစ်ခတ်တိုက်ခိုက်တဲ့ အဖြစ်အပျက်လည်း ဒီနေ့မှာပဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သဘောကတော့ ရန်ကုန်မြို့ပေါ်မှာ ပျောက်ကျားတွေ ဆက်လက်လှုပ်ရှားနိုင်သေးတယ်ဆိုတာကို စစ်ကောင်စီဘက်ကို ပြသချင်တဲ့သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
နိုင်ငံတကာက သံတမန်နည်း ဖိအားပေးတဲ့နည်းအမျိုးမျိုးနဲ့ မြန်မာ့အရေးကို ပြည်တွင်းစစ်မီးပိုမို မကျယ်ပြန့်လာပဲ ဖြေရှင်းနိုင်ဖို့ ကြိုးစားနေချိန်မှာ ပြည်တွင်းမှာတော့ လက်နက်ကိုင်ပဋိပက္ခမှာ အင်အားအသာစီးရအောင် ကြိုးစားနေကြတဲ့ အခြေအနေဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေမှာ နောက်ဆုံးစာပွဲဝိုင်းမှာ စကားပြောကြတယ်ဆိုရင်တောင် စစ်ရေးအင်အားသာတဲ့သူက အပေါ်စီးရတယ်ဆိုတဲ့ အယူအဆ အစဥ်အလာလည်း ရှိခဲ့ကြတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar